မိုချာ မုန်တိုင်းကြောင့် မည်သူသည် အစိုးရ အစစ် ဖြစ်သည်လဲ ဆိုသည်ကို သက်သေပြနိုင်ခဲ့သည်ဟု မင်းအောင်လှိုင်သည် မခံချင် စိတ်ဖြင့် ကြွေးကျော်ခဲ့သော်လည်း ထိုစကားသည် သူ့ အနေဖြင့် စိတ်ထဲက မည်မျှ အထိ မခံချိ မခံသာ ဖြစ်နေသည်နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ၏ ခြေလှမ်းများ သွက်လာနေမှုကို ထုတ်ဖေါ် ဝန်ခံလိုက်သလို ဖြစ်သွားခဲ့ရသည်ကိုတော့ ရိပ်စားမိဟန် မတူပေ။
အာဏာသိမ်း အဖွဲ့သည် နှစ်နှစ် ကျော်လာသည့်တိုင် တိုင်းပြည်ကို ပိုင်ပိုင် နိုင်နိုင် ဆုပ်ကိုင်ထားနိုင်ခြင်း မရှိသေးသည်သာမက လူထု ထောက်ခံမှုလည်း တိုး၍ ရမလာသည့်အပြင် သူ့တပ်များဖက်က အသေအပျောက် များသည်ထက်ပင် များလာနေသည်။ ထိုအကြောင်းကို တွေးမိတိုင်း မင်းအောင်လှိုင် တယောက် ဒေါသူပုန် ထမြဲ ထနေမည်သာ ဖြစ်သည်။
ထိုအခြေအနေကို ဒီအတိုင်း ဇာတ်မျောကြီး လုပ်နေ၍ မဖြစ်၊ ပြည်သူများသည် အမျိုးသား ညီညွတ်ရေး အစိုးရ၊ ပြည်သူ ကာကွယ်ရေး တပ်ဖွဲ့များ နှင့် တိုင်းရင်းသား လက်နက်ကိုင်များ ဖက် က ရပ်တည်လျက် ရှိနေပြီး တနေ့တခြား အင်အား ကောင်းလာနေပြီ ဖြစ်သည်။
၎င်းအဖို့က လုပ်နိုင်သည့် အရာ နှစ်ခုသာ ရှိသည်ဟု သူ၏ အသိဉာဏ် ဖြင့် စဉ်းစားထားသည့် အရာ နှစ်ခုသာ ရှိနေသည်၊ ပထမ တခုသည်ကား ယတြာ များ လှိမ့်ချေပေးရန် နှင့် ပြတ်ပြတ်သားသား မကိုင်တွယ် နိုင်ဟု ယူဆရသော တပ်မှုး များ ကို အလဲအလှယ် လုပ်ပစ်ရေးပင် ဖြစ်သည်။
ထိုအချက် နှစ်ချက်စလုံးကို ဂမူး ရှုးထိုး အကောင်အထည် ဖေါ်လာနေသည်ကို ဧပြီလ ဆန်းကပင် အထင် အရှား တွေ့လာနေရသည်။
မြန်မာ စစ်တပ်သည် စစ်တိုင်းကြီး ၁၄ ခု၊ အထူး စစ်ဆင်ရေး ဗျုရို ခြောက်ခု နှင့် ဖွဲ့စည်းထားသည်။ ထို့ပြင် စစ်အင်အားသည် တကယ်တမ်း တွင် ထင်ထားသလောက် မရှိပဲ တသိန်းခွဲ ခန့်သာ ရှိနေပြီး လေတပ် နှင့် ရေတပ် ကို ဖယ်ထုတ်မည် ဆိုလျှင် ရှေ့တန်းသို့ စေလွှတ်နိုင်သည့် အင်အားသည် ခုနှစ်သောင်း ခန့်သာ ရှိနေသည်။
ထို့အထဲတွင် လက်ရွေးစင် ရွေးထုတ် ဖွဲ့စည်းပြီး လက်နက်အင်အား ကောင်းစွာ တပ်ဆင် ပေးထားသည့် ခြေမြန်တပ်မ ဆယ်ခု အောက်တွင် တပ်ရင်း ၁၀၀ ခန့် ဖွဲ့စည်းထားပြီး၊ လူအင်အား နှစ်သောင်းခန့်ဖြင့် အဓိက စစ်ဆင်ရေး များကို ကိုင်တွယ်နေသည်။ ထိုအထဲတွင် အမှတ် ၉၉ ခြေမြန်တပ်မ ဌာနချုပ် သည် “ဘီလူး စစ်ကြောင်း” ဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း မွှေနှောက်လျှက် ရှိနေသည်။
သို့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ဝိုင်းပတ်ထားသည့် ဒေသများ ဖြစ်၍ ထောက်ပံ့ရေး သည် ကျိုးတို့ကျဲတဲမျှသာ ပြုလုပ်နိုင်သည့် အနေအထား တွင် ရှိနေသည်။
ထို့ပြင် စစ်ဦးစီး အရာရှိများ သည်လည်း တသက်လုံး အနေအစား ချောင်ချောင် ဖြင့် နေလာကြသူများ ဖြစ်ပြီး၊ အများစု မှာ အထက်ကို လာဒ်ထိုးပြီး ရာထူး အဆင့်ဆင့် တက်လာကြသူများ ဖြစ်သည်။ တကယ်ကျဉ်းထဲ ကျပ်ထဲ ရောက်လာသည့် အခါ ဦးဆောင်မှု မပေးနိုင်တော့ပဲ အမှားမှား အယွင်းယွင်း ဖြစ်ကာ နောက်လိုက်ငယ်သားများ အကြား စိတ်ဓါတ်များ ကျဆင်းလာနေသည်။
အာဏာသိမ်း ပြီး တနှစ် အတွင်း စစ်တိုင်းမှူး နှစ်ဦးမျှသာ အလဲအလှယ် လုပ်ခဲ့သော်လည်း၊ ၂၀၂၂ ဩဂုတ်လ တလထဲမှာပင် ငါးယောက် ကို အစားထိုး လာခဲ့သည်။ ထို့နောက်တွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်ချုပ် မြတ်သက်ဦး အပါအဝင် နောက်ထပ် လေးဦးကို ရာထူး ရွှေ့ပြောင်းပေးလာခဲ့သည်။
၂၀၂၂ အောက်တိုဘာ နောက်ပိုင်းတွင် ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်ရှိ အထူး စစ်ဆင်ရေး ဗျုရို မှ တပ်မှုး သုံးဦး၊ ကို အလဲအလှယ် လုပ်ခဲ့ပြန်သည်။
စစ်ဆင်ရေး အဆင့်တွင် အမှတ် (၁၁) ခြေမြန်တပ်မ ဌာနချုပ် တပ်မှုးအား အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှုး အဖြစ် ရာထူး တိုးမြှင့်ပေးခဲ့ပြီး၊ အမှတ် (၄၄) နှင့် (၇၇) တပ်မှုးများကို စစ်ဆင်ရေး နှင့် မပတ်သက်သော နေရာများ သို့ ရွှေ့ပြောင်းပေးခဲ့သည်။၊ (၈၈) တပ်မမှုးအား (၇၇) သို့ horizontal transfer ခေါ် ရာထူး အတက်အကျ မရှိပဲ နေရာရွှေ့ပြောင်း ပေးခဲ့သည်။
ထိုသို့ နေရာ ရွှေ့ပြောင်း ခံရသူ များသည် မည်မျှပင် နေရာကောင်း ရသွားစေကာမူ မင်းအောင်လှိုင်၏ စာအုပ်ကြီး ထဲတွင်တော့ နာမည်ပျက် စာရင်း ဝင်သွားခဲ့ပြီ ဖြစ်၍ ထိုရာထူး မှ တဆင့် နောက်ပိုင်းတွင် ချောင်ထိုး ခံကြရတော့မည် ဖြစ်သည်။
အားလုံးကလည်း မိမိ အလှည့် မည်သည့် အချိန်တွင် ရောက်လာမည်လဲ ဟု စိုးရိမ်စိတ်များ ဖြင့် ဖိအားများ ရှိလာနေမည် မှာ ယုံမှား သံသယ ဖြစ်ဖွယ်မရှိပေ။ ထို့အတွက် ပြည်သူများ အဖို့ အန္တရာယ် ပိုများလာရသည်။ ၎င်းတို့သည် မင်းအောင်လှိုင် ၏ စာအုပ်ကြီး ထဲတွင် နာမည်ကောင်း ဝင်စေရန် ရက်ရက်စက်စက် လုပ်လာကြတော့မည် ဖြစ်သည်။ ဘာကိုမျှလည်း ညှာတာ ထောက်ထားရကောင်းမှန်း သိကြတော့မည် မဟုတ်၊ ရှူးတိုက်လွှတ်လိုက်သော ခွေးများ ပမာ ဖြစ်လာကုန်ကြသည်။
သို့သော် ထိုသူတို့၏ လက်အောက်ရှိ စစ်ဆင်ရေး ကို အမှန်တကယ် ကွပ်ကဲနေရသူများသည် ဗိုလ်မှုးကြီး အဆင့် နှင့် ကြယ်တပွင့် အဆင့် ဗိုလ်ချုပ်များ ဖြစ်ပြီး။ ၎င်းတို့သည် အထက်က လူများလို မင်းဘဏ္ဍာ ကိုယ့်ဟာ မှတ်လို့ ဝေမျှ သုံးစားခွင့် မရ ဖြစ်နေသည့်အပြင် စစ်ပွဲသည် မည်သို့မျှ အနိုင်မရနိုင်တော့ ပဲ အရှုံးခံ တိုက်နေကြရသည် ဆိုသည်ကို ကောင်းစွာ သိမြင်ထားကြသူများ ဖြစ်သည်။
၂၀၂၃ ဇန်နဝါရီ မှ မေ လ လယ်အထိ ဗိုလ်မှုးကြီး အဆင့် လေးဦး၊ ဒုဗိုလ်မှုးကြီး အဆင့် ခြောက်ဦး နှင့် ဗိုလ်မှူး အဆင့် ၁၀ ဦး စုစုပေါင်း ၂၀ ဦး စစ်မြေပြင်တွင် ဆုံးရှုံးသွားခဲ့သည်။ ဤသည်ကား နဲနဲနောနော ဆုံးရှုံး မှု မဟုတ်ဟု ဆိုရမည် ဖြစ်သည်။
ဤသည်ကား ဝါရှင်တန် ရှိ နေရှင်နယ် စစ်ကောလိပ်မှ ပါမောက္ခ ဇာခါရီ အဘူဇာ ၏ ဆောင်းပါးကို ကိုးကား တင်ပြထားခြင်း ဖြစ်သည်။
နောက်ထပ် သတင်းတခု သည်ကား ဟီရိုရှီမား တွင် ကျင်းပနေသော G-7 ထိပ်သီး အစည်းအဝေး ၏ အိမ်ရှင် ဖြစ်သူ ဂျပန် ဝန်ကြီးချုပ် မှ အာဆီယွ ဥက္ကဌ ဖြစ်သူ အင်ဒိုနီရှား သမ္မတ ဂျိုကိုဝီ အား ဖိတ်ကြားလာသဖြင့် မြန်မာ အရေး ကို အဓိက ထား တင်ပြ ဆွေးနွေးသွားမည်ဟု သိရသည်။
ဂျိုကိုဝီသည် ပြဿနာ ဖြေရှင်းနိုင်ရေး အတွက် စစ်အာဏာသိမ်း အဖွဲ့ အပါအဝင် အဓိက ပါဝင် သက်ဆိုင်နေသူများ နှင့် ထိတွေ့ ဆွေးနွေးသွားရေး ကို G-7 သို့ တင်ပြမည်ဟု ယူဆရသည်။ ယင်းသည် စစ်ကောင်စီကို အသိအမှတ် ပြုခြင်းမျိုး မဟုတ်ပဲ အလုပ်ဖြစ်ရန်သာ ဖြစ်သည်ဟု မေလ ၁၁ ရက်နေ့တွင် ထုတ်ဖေါ်ပြောဆိုခဲ့ပြီး ဖြစ်သည်။
အာဆီယံ အပါအဝင် နိုင်ငံများက မြန်မာ အရေးသည် ဒီမိုကရေစီ တောင်းဆို နေခြင်း မဟုတ်ပဲ မိမိတို့ အပေါ် ဖက်ဆစ် ဆန်ဆန် လက်နက် နှင့် အနိုင်ကျင့် အုပ်ချုပ်နေသူ များကို တွန်းလှန်နေခြင်း ဆိုသည်ကို လက်မခံ နိုင် ဖြစ်နေကြဆဲပင်။ ၎င်းတို့ အဖို့ ခေါင်းရှုပ်စရာ ပြဿနာတခု မည်သည့် နည်း နှင့် မဆို ဖြေရှင်းသွားနိုင်ဖို့သာ ကမူးရှူးထိုး ဖြစ်လာနေသည်။ ၎င်းတို့ အဖို့ Devil’s bargain ခေါ် မကောင်းဆိုးဝါးများ နှင့် အပေးအယူ လုပ်ရန်ပင် ဝန်မလေး ကြတော့။
မင်းအောင်လှိုင်ဖက်က တော့ တရုတ်၏ ဖိအားပေးမှု ကြောင့် ထိုသို့ ဆွေးနွေးရန် မလွှဲမရှောင်သာ လက်ခံကောင်း လက်ခံနိုင်သော်လည်း ပြည်သူ့ တော်လှန်ရေး တပ်ဖွဲ့များ နေပြည်တော် ကို ဝိုင်းမထားနိုင်သရွေ့ အလေးအနက် ထား ဆွေးနွေးမည် မဟုတ်ပဲ ကြိုးရှည်ရှည် နှင့် လှန်ထားမည်သာ ဖြစ်သည်။ မည်သို့ပင် ဆိုစေ တော်လှန်ရေး အင်အားစု များ ဖက်က အရေးသာ လာသည်နှင့် အမျှ ထိုစကားများ လေထဲသို့ အငွေ့ပျံသွားမည် သာ ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!