မင်းအောင်လှိုင်၏ ချာပါတီ ဒစ်ပလိုမေစီ

by Hla Soewai - May 27 2023

တကမ္ဘာလုံးက သံတမန်ရေး အရ အဆက်အဆံ လုပ်ခြင်း မခံရသည့် မင်းအောင်လှိုင် ၏ အာဏာသိမ်း အဖွဲ့သည် ၎င်းနှင့် ဆက်ဆံနေဆဲဖြစ်သော အိန္ဒိယ နှင့် တရုတ် တို့အား အတင်းဝင်ရောက် ပူးကပ်နေရသည့် အဖြစ်က မကြာမီက သိသိသာသိ ထွက်ပေါ်လာခဲ့သည်။

 

 အိန္ဒိယ-မြန်မာ သံတမန် ဆက်ဆံရေး ထူထောင်သည့် ၇၅ နှစ်မြောက် နှစ်ပတ်လည် နေ့ အခမ်းအနားသို့ ပုံမှန်အားဖြင့် ဆိုလျှင် လွန်ရော ကျွံရော နိုင်ငံခြားရေး ဝန်ကြီး အဆင့်သာ တက်ရောက်ခဲ့သော်လည်း ယခုတကြိမ်တွင်တော့ သူ ကိုယ်တိုင် ရောက်လာခဲ့သည်။ ဤသည်က အိန္ဒိယ နှင့် ဆက်ဆံရေး သည် သူ့အတွက် မည်မျှ အရေးကြီး သည်ကို သိသာစေချင်၍ လည်း ဖြစ်သည်။

 

 ထိုအခမ်းအနား တွင် မြန်မာ လူမျိုးတို့သည် စမူဆာ၊ ချာပါတီ၊ တိုရှည် တို့အား နှစ်နှစ်ခြိုက်ခြိုက် စားသုံးနေကြ၍ နှစ်နိုင်ငံအကြား သံယောဇဉ် အမျှင်တန်း နေသည့် သဘော ထုတ်ဖေါ်ပြောဆိုသွား၍ ဆိုရှယ် မီဒီယာ များ ပေါ်တွင် လူ ရီစရာ ဖြစ်လာခဲ့ရသည်။

 

 နောက်ထပ် မင်းအောင်လှိုင်၏ တန်ဖိုး ကြီးလှသော အမှာစကား ကိုလည်း စစ်တွေ တွင် လူထု အဖို့ တအံ့တဩ ကြားခဲ့ကြရပြန်သည်။

 

 ဆိုင်ကလုံး မိုချာ ဝင်ရောက် တိုက်ခိုက်ပြီး နောက် စစ်တွေသို့ ရောက်ရှိလာရာတွင် “အုန်းပင်များသည် မုန်တိုင်းကျလာသော်လည်း ပြိုလဲသွားခြင်း မရှိသည်ကို သတိပြုမိ၍ အုန်းပင်များ များများ စိုက်ရန် လိုကြောင်း” လမ်းညွှန်မှာကြားသွားခဲ့သည်။

 

 ဤသည်ကို စာမတတ် ပေမတတ် တံငါသည် ပင် သိနေပြီး ဖြစ်၍ အဖွား ဖြစ်သူ အား ကြက်ဥ ကို စုပ်၍ သောက်ရကြောင်း မြေးဖြစ်သူ က ပြောပြနေသည်နှင့် တူနေသည်ဟု ဧရာဝတီ တွင် မင်းအောင်လှိုင်၏ အပတ်စဉ် လှုပ်ရှားမှု စောင့်ကြည့်ရေး အစီအစဉ် တွင် ရေးသားထားသည်။

 

 သို့သော် မိုချာ မုန်တိုင်း ဝင်မည့် အရေးကြောင့် တနိုင်ငံလုံး အုံးအုံးကြွက်ကြွက် ဖြစ်နေကြပြီး မုန်တိုင်း လမ်းကြောင်း အတွင်း ကျရောက်နေသည့် ဒေသများ တွင် ပြည်သူများ အထုတ်အပိုး များ ပိုက်ကာ အပြေးအလွှား ရှောင်တိမ်းနေရချိန် တွင် မင်းအောင်လှိုင်သည် သူနှင့် လားလားမျှ မဆိုင်သည့်အလား သူ၏ လက်စွဲတော် ဘုရား သားတော်ဆိုး နှစ်ပါး နှင့် အတူ ကျိုင်းတုံ တွင် အေးအေးလူလူ ဘုရားထီးတော်တင်လျက် ရှိနေသည့် အဖြစ်ကိုလည်း ပြည်သူများ တအံ့တဩ သိရှိခဲ့ရသည်။

 

 ထိုကဲ့သို့သော လုပ်ရပ်သည် ဒီမိုကရေစီ နည်းလမ်း ဖြင့် ရွေးကောက်တင်မြှောက်ခံရမည့် ခေါင်းဆောင်တဦး အတွက် ကိုယ့်လည်ပင်း ကိုယ် ကြိုးကွင်းစွပ်ခြင်း ထက်ပင် ဆိုးဝါးသွားနိုင်သော်လည်း မင်းအောင်လှိုင် အဖို့က သူ့အနေနှင့် ဆွံ့အ နားမကြား ဖြစ်သွားလျှင်ပင် ရာထူးက ဆင်းစရာ မလိုဟု ယူဆထားသော အာဏာရှင် တဦး ဖြစ်နေသည်။ တကယ်တော့ လည်း မင်းအောင်လှိုင် သည် အပြောနှင့် အလုပ်များကို ကြည့်ကာ ပြည်သူ များ အတွက်တော့ ဆွံ့အ နားမကြား ဖြစ်နေခြင်း နှင့် ထူးမခြားနားလှပေ။

 

 မင်းအောင်လှိုင်သည် ကြာသပတေးနေ့က ဒုဗိုလ်ချုပ်ကြီး နှင့် ဗိုလ်မှူးချူပ် အဆင့် ရှိသူ စစ်ဖက် အရာရှိ နှစ်ဆယ်အား ရခိုင် နှင့် ချင်း ပြည်နယ် ရှိ ၁၈ မြို့နယ်တွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဦးစီးဦးဆောင် ပြုရန် ခန့်အပ်ခဲ့သည်၊ သို့သော် မကွေး နှင့် စစ်ကိုင်းတိုင်း ဒေသကြီးများကို‌တော့ အလားတူ ပြုလုပ်ရန် ချန်လှပ်ထားခဲ့သည်ကို တွေ့ရသည်။

 

 ထိုဒေသများတွင် စိုက်ခင်းများ ရေနစ်မြုပ်ပြီး လယ်ယာသုံး စက်ပစ္စည်းများ ပျက်ဆီးသွားခဲ့ရသည်။ မုန်တိုင်းသင့် ပြည်သူများသည် လည်း အစားအသောက်၊ သောက်ရေ၊ အဝတ်အထည်များ အရေးတကြီး လိုအပ်လျက် ရှိနေပြန်သည်။ ယခုအချိန်အထိ မည်သည့် အကူအညီမှ ရောက်ရှိလာခဲ့ခြင်း မရှိသေး၍ ၎င်းအား ဆန့်ကျင်သူ များ အတွက် ခံရတာ နည်းတောင်နည်းသေးဟု ယူဆထားသည်ဟု ဆိုလျှင် လွန်အံ့မထင်ဟု ဧရာဝတီက ရေးသားထားသည်။

 

 မလေးရှား သတင်းဌာန ဘာနာမား အဆိုအရ အာဆီယံ ၏ ကယ်ဆယ်ရေး ပစ္စည်းများ ယနေ့ မေလ ၂၁ ရက်နေ့တွင် အရပ်ဖက် လေကြောင်းလိုင်းများ ဖြင့် စတင်ရောက်ရှိလာမည် ဟု သိရသည်။ မေ ၂၂ နှင့် ၂၃ ရက်များ တွင် အင်ဒိုနီရှား၊ ထိုင်း နှင့် စင်္ကာပူ တို့မှ စစ်လေယာဉ်များ ဖြင့် ထပ်မံရောက်ရှိလာမည် ဟု ဆိုသည်။

 

 အဆိုပါ အကူအညီများ အား မည်သည့် ဒေသသို့ ပေးပို့မည်ဟု သဲသဲကွဲကွဲ မသိရသေးသော်လည်း မင်းအောင်လှိုင် သတ်မှတ်ပေးသည့် နေရာများသို့သာ ပေးပို့ဖို့ကာ ကြိမ်းသေနေပေသည်။

 

 ဒီတကြိမ်တွင်တော့ စစ်တပ်သည် ယခင်ကကဲ့သို့ တံဆိပ်ခွာ ကပ်၊ မှောင်ခို ခိုးထုတ်ခြင်းမျိုး လုပ်မည် မဟုတ်တော့ပဲ နိုင်ငံတကာ က အသိအမှတ် ပြုသည် သဘော ပြသနိုင်ရန် အာဆီယံ တံဆိပ်များ အတိုင်း ဖြန့်ဝေမည်ဟု မျှော်လင့်ရသည်။

 

 မြန်မာသည် ကမ္ဘာတွင် စီးပွားရေး အရ ဒုတိယ အင်အား အကောင်းဆုံး လည်း ဖြစ်ပြီး နီးကပ်သော ဆက်ဆံရေး ရှိနေသည့် တရုတ်နိုင်ငံထံမှ ခေါက်ဆွဲခြောက်၊ ဘီစကစ် နှင့် သောက်ရေများ လက်ခံရရှိမည် ဟု သိရပြီး မင်းအောင်လှိုင်က ထိုသို့ အကူအညီများ ပေးသည့် အတွက် ကျေးဇူးတင် ကြောင်း သဝဏ်လွှာကို တကူးတက ပေးပို့ခဲ့ရှာပြန်သည်။

 

မြန်မာ သည် ကမ္ဘာငြိမ်းချမ်းရေး အညွှန်းကိန်း တွင် နဝမမြောက် အန္တရာယ် အများဆုံး နေရာတွင် ရှိနေသည်ဟု ဖေါ်ပြထားသည်။ ပထမ နေရာသည် အာဖဂန်နစ္စတန် ဖြစ်ပြီး၊ ယီမင်၊ ဆီရီယား၊ ရုရှား၊ အီရတ်၊ မြောက်ကိုရီယား၊ ပါကစ္စတန် နှင့် အီရန်တို့ နောက်တွင် ရှိနေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!