သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(142)

by Hla Soewai - May 27 2023

အမေရိကန် လူငယ်များ၏ ယဉ်ကျေးမှု တန်ပြန် တော်လှန်ရေး (၂)

 

မာတင် လူသာ ကင်းသည် “Black Power” ဆိုသည့် လူမည်း အာဏာ ကြွေးကြော်သံ များ ထဲတွင် အကြမ်းဖက်မှု နှင့် တသီးတခြား ရပ်တည်မှု များ ပါရှိလာ၍ မိမိတို့၏ လူမည်း အခွင့်အရေး လှုပ်ရှားမှု အား ထိခိုက်လာမည်ကို စိုးရိမ်မကင်း ဖြစ်လာခဲ့သည်။ သို့သော်လည်း ၎င်းတို့၏ သဘောထား ခံယူချက်ကိုမူ အသိအမှတ် ပြုခဲ့သည်။

 

၁၉၆၇ တွင် ရေးသား ထုတ်ဝေခဲ့သော သူ၏ စာအုပ် ဖြစ်သည့် “Where Do We Go From Here တွင် အခွင့် အာဏာ ဆိုသည်က လူဖြူတို့၏ မွေးရာပါ အခွင့်အရေး မဟုတ်၊ လူမည်း တို့အားလည်း တရားဥပဒေကြောင်းအရ သူ့အလိုလို ပေးခဲ့ခြင်း မျိုး လည်း မရှိဟု ရေးသားခဲ့သည်၊ ထိုသို့ သူ့အလိုအလျှောက် ရရှိမလာပါမက မရအရ သိမ်းယူရမည် ဟူသော သဘောမျိုးပင် ဖြစ်သည်။

 

၁၉၆၈ ဧပြီလ တွင် မာတင် လူသာကင်းသည် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရ၍ အမေရိကန် ရှိ မြို့ကြီး ၁၀၀ ခန့်တွင် အဓိကရုဏ်းကြီးများ ဖြစ်ပွားလာခဲ့သည်။ ယင်းနှင့် အတူ လူမည်း လွတ်မြောက်‌ရေး ဆိုသည့် စစ်သွေးကြွ လှုပ်ရှားမှု အစပျိုးလာခဲ့သည်။ ထို့အတွက် လူများစု ဖြစ်သည့် လူဖြူများ ကျေနပ်မှု ရစေရန် တရားဥပဒေ စိုးမိုးရေး နှင့် ငြိမ်ဝပ်ပိပြားရေး အား ပြန်လည် ထူထောင်လိုသည့် အမေရိကန် အစိုးရ အသိုက်အဝန်း အကြား စိုးရိမ်မကင်း ဖြစ်လာမှု နှင့် အတူ အကြီးအကျယ် ဂယက်ထလာခဲ့သည်။

 

ကွယ်လွန်သူ သမ္မတ ဂျွန် အက်ဖ် ကနေဒီ၏ ညီ ဖြစ်သူ ဘော်ဘီ သည် ၁၉၆၈ သမ္မတ ရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ကျေညာခဲ့သည်။ သူသည် ငြိမ်းချမ်းစွာ နေထိုင်ရေးကို ‌ဟောပြောလာပြီး လူမျိုးရေး ခွဲခြားမှု ကို လက်မခံခဲ့သူ ဖြစ်လာသည်။ အကယ်၍ ရော်ဘတ် ကနေဒီ သာ သမ္မတ အဖြစ် ရွေးချယ် ခံခဲ့ရလျှင် အမေရိကန်သည် ပိုမို တန်းတူညီမျှမှု ရှိ‌ရေး နှင့် တရားမျှတ မှု ရှိရေး ခေတ်သစ် ထဲသို့ ရောက်ရှိလာလိမ့်မည်ဟု လူငယ် လူရွယ် အများအပြားက ယုံကြည်လာကြသည်။ သို့သော် ဘော်ဘီ သည် ကယ်လီဖိုနီယား မဲဆွယ်ပွဲ တခု တွင် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။

 

အမေရိကန် တဝှမ်းတွင်လည်း ဒေါသ မုန်တိုင်းများ နှင့် အတူ မျှော်လင့်ချက်များ ပျက်သုံးသွားခဲ့ရသည်။ ထိုမှတဆင့် ဩဂုတ်လတွင် ချီကာဂိုတွင် ကျင်းပမည့် ဒီမိုကရက်တစ် အမျိုးသား ညီလာခံကြီးတွင် ဆူညံ ပွက်လော ရိုက်လာခဲ့ပေတော့သည်။

 

ချီကာဂိုရှိ ညီလာခံ ခမ်းမကြီးထဲတွင် တက်ရောက်လာသော ကိုယ်စားလှယ်များသည် ဗီယက်နမ် စစ်ပွဲနှင့် ပတ်သက်၍ အခြေအတင် အချင်းများ ခဲ့ကြသည်။ ပြင်ပတွင်လည်း ဆန္ဒပြသူများ နှင့် ရဲများ အကြား လုံးလားထွေလား ဖြစ်လာသည်။

 

အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ရီပတ်ဘလီကင် သမ္မတလောင်း ရစ်ချတ် နစ်ဆင် အနိုင်ရရှိသွားခဲ့သည်။ ဇန်နဝါရီလ တွင် နစ်ဆင်သည် သမ္မတ ရာထူးကို တရားဝင် လက်ခံရယူခဲ့ပြီး နောက်တွင် ဗီယက်နမ် အား ဗုံးကြဲတိုက်ခိုက်မှုများ ကို အရှိန်တိုးမြှင့် လုပ်ဆောင်လာခဲ့သည်။ ထိုအချိန်တွင် အမေရိကန် တွင် အသက် ၂၁ နှစ်မှသာ မဲပေးပိုင်ခွင့် ရှိသည်ဟု သတ်မှတ်ထားချိန်လည်း ဖြစ်ပြီး ၁၉၇၃ ခုနှစ် ကျမှသာ အသက် ၁၈ နှစ်သို့ လျော့ချပေးခဲ့သည်။ ထို့အတွက် ဗီယက်နမ် တွင် စစ်မှု ထမ်းနေကြသော လူငယ်များနှင့် နိုင်ငံတွင်း ရှိ လူငယ်များသည် ၎င်းတို့၏ ဆန္ဒကို ထုတ်ဖေါ်နိုင်ခွင့် မရှိ ဖြစ်နေခဲ့သည်။ ဖြစ်ပေါ်နေသော အခြေအနေများကို ပြောဆိုပိုင်ခွင့် မရှိ ဖြစ်လာနေခဲ့သည်။

 

ထိုနှစ် အောက်တိုဘာလ တွင် မက္ကဆီကို စီတီး တွင် ကျင်းပခဲ့သော ၁၉ ကြိမ်မြောက် ကမ္ဘာအိုလံပစ် ပွဲတော်တွင် အမေရိကန်မှ လူမည်း ပြေးခုန်ပစ် အားကစား သမား နှစ်ဦး ဖြစ်သော တော်မီ စမစ် နှင့် ဂျွန် ကာလို့စ်တို့သည် ရွှေတံဆိပ် နှင့် ကြေးတံဆိပ် နှစ်ခုစလုံးကို တပြိုင်တည်း ဆွတ်ခူးခဲ့ကြသည်။ ဆုလက်ခံရယူသည့် စင်မြင့်တွင် နိုင်ငံတော် သီချင်း တီးမှုတ်နေစဉ်တွင် Black Power လှုပ်ရှားမှု ၏ သင်္ကေတ အထိမ်းအမှတ် ဖြစ်သော ၎င်းတို့ နှစ်ဦးစလုံးက လက်အိပ်မဲ စွပ်ထားသော လက်ဖြင့် လက်သီးဆုပ်ကာ လေထဲသို့ ဆန့်တန်း ပြခဲ့ကြသည်။ ၎င်းတို့၏ အသံကို ထိုနည်းမှ လွဲ၍ ကမ္ဘာကြီးက ကြားနိုင်စွမ်း မရှိ၍ လုပ်ခဲ့ရခြင်း ဖြစ်သည်ဟု နောက်ပိုင်းတွင် တော်မီ စမစ်က ပြောပြခဲ့သည်။

 

ယင်းသည် အမေရိကန် တွင် ဖြစ်ပျက်နေသော လူမျိုးခွဲခြားခံရမှု၊ ဆင်းရဲနွမ်းပါးမှု နှင့် ကြောင်သူတော်ယောင် ဆောင်နေမှုများအား ကိုယ်စားပြုသည်ဟု ဆိုသည်။ ထိုအားကစား နှစ်ဦး သည် ထို လုပ်ရပ်အတွက် တန်ဘိုးကြီးကြီး ပေးဆပ်ခဲ့ကြရသည်။ ၎င်းတို့အား အမေရိကန် ပြေးခုန်ပစ် အားကစားအဖွဲ့ မှ ထုတ်ပယ်ပြီး မက္ကဆီကိုမှ ပြန်ပို့ခြင်း ခံခဲ့ရသည်။ အမေရိကန် သို့ ပြန်ရောက်လာသည့် အခါတွင် လူဖြူများ၏ မုန်းတီးရွံရှာမှု နှင့် အသက် အန္တရာယ်ကို ခြိမ်းချောက်မှု များ နှင့် ရင်ဆိုင်ခဲ့ကြရသည်။