တော်လှန်ရေး အမြန်ဆုံး အောင်မြင်ဖို့သာ အရေးအကြီးဆုံး

by Hla Soewai - May 27 2023

ဆိုင်ကလုံး မိုချာသည် မြန်မာ နှင့် ဘင်္ဂလား‌ဒေ့ရှ် သို့ ဖြတ်ကျော်သွားရာတွင် ဗေဒင် ကိန်းခန်းများ နှင့် ကြိုတင် စီမံ နေသော မြန်မာ တွင် အပျက်အစီး အသေ အပျောက်များခဲ့သည်၊

 

နိုင်ငံတကာ က ချီးကြူးရလောက်အောင် နောက်ဆုံး ပေါ် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး စနစ် အား အခိုင်အခန့် တည်ဆောက်ပြီး ဖြစ်သော ဘင်္ဂလားဒေ့ရှ် တွင် မူ လူအသေအပျောက် လွန်စွာနည်းပါးပြီး အခြေခံ အဆောက်အအုံများ နှင့် အိုးအိမ်များသာ ပျက်စီးသွားခဲ့ရသည်။

 

ကုလ ကယ်ဆယ်ရေး အေဂျင်စီ မှ မြန်မာတွင် ကယ်ဆယ်ရေး လုပ်ငန်း များ အတွက် ဒေါ်လာ သန်း ၃၃၃ သန်း တောင်းဆိုခဲ့ပြီး ဘင်္ဂလားဒေ့ရှ် အတွက်မူ ဒေါ်လာ ၄၂ သန်းသာ လိုသည်ဟု ဆိုသည်။

 

ရန်ကုန် ရှိ ကုန်လှောင်ရုံများတွင် ကယ်ဆယ်ရေး ပစ္စည်း များ တောင်လိုပုံနေသော်လည်း စစ်အာဏာသိမ်း အဖွဲ့၏ ကင်းရှင်းကြောင်း ထောက်ခံချက် ကို စောင့်ဆိုင်းနေရသည် မှာ တပတ်ခန့် ရှိပြီဟု ကယ်ဆယ်‌ရေး အဖွဲ့မှ တာဝန်ရှိ လူကြီးတဦး မှ ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့သည်။

 

စစ်အုပ်ချုပ်ရေး လက်အောက်တွင် ၎င်းတို့၏ အမိန့် အတိုင်း လုပ်မှ အန္တရာယ်ကင်းသည်ဟု အရိုးစွဲနေသော ဗြူရိုကရက် pen-pusher များ ကြောင့်လည်း ယခုလို ဖြစ်နေရခြင်းပင်၊ မည်သူကမျှ ကိုယ်စွမ်းကိုယ်စ ဖြင့် လုပ်သင့်မှန်း သိလည်း မလုပ်ကြတော့။ မိုးကျရွှေကိုယ် ဆိုသူများ၏ ခေါင်းထဲရှိ အတွေးအခေါ် များသည် ပုံမှန် မဟုတ် ဆိုသည်ကို သိထားကြသောကြောင့်လည်း ဖြစ်သည်။

 

နေရာတကာ တွင် ၎င်းတို့ သိကြောင်းတတ်ကြောင်း လွန်စွာ ပြချင်သူများ ဖြစ်သည်၊ မင်းအောင်လှိုင် ကိုယ် တိုင်ပင် နေရာတကာ ပါနေ၍ ကွယ်ရာတွင် လူရီစရာ ဖြစ်နေရသည်။

 

ပြည်တွင်း တွင်လည်း ၎င်းတို့နှင့် ပတ်သက်ရမည်ကို စိုးရွံကြ၍လော မသိ ကိုယ်ထူ ကိုယ်ထ အလှုငွေ ကောက်ခံခြင်းများ သိသိသာသာ နည်းပါးနေသည်ကို သတိထားမိသည်။

 

မိမိ ခရီးထွက်နေစဉ် (တကယ်တမ်း က သားကြီး မင်္ဂ‌လာဆောင် ရှိ၍ ဖြစ်သည်) စစ်အာဏာသိမ်း အဖွဲ့၏ အူကြောင်ကြား ကျေညာချက် ထွက်လာသည်ကို ဖတ်လိုက်ရသည်။ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များက လက်နက် နှင့် အတူ အလင်းဝင်လာလျှင် လက်နက် အမျိုးအစား ကို လိုက်၍ ဆုကြေးငွေများ ချီးမြှင့်မည်ဟူ၍ ဖြစ်သည်။

 

ယင်းအား အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ မစမီ မင်းအောင်လှိုင် က ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး အာ‌ဆီယံ ခေါင်းဆောင်များထံ ပေးပို့သော စာ တွင် PDF အဖွဲ့ဝင်များကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး နိုင်ငံ တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ရန် ကမ်းလှမ်းခဲ့သည်ဟု အရှက်မရှိ ရေးသားထားသည်။

 

စစ်တပ်သည် လွတ်လပ်ရေး ရပြီး ချိန်ကစ၍ ပြည်တွင်း စစ်ကို တောက်လျှောက် ဆင်နွှဲလာခဲ့ပြီး ဖြစ်သော်လည်း တခါဖူးမျှ ထိုသို့ ကျေညာခြင်းမျိုး မရှိခဲ့၊ မင်းအောင်လှိုင် လက်ထက်ကျမှသာ ထိုသို့ တွေ့ဖူး ကြားဖူးတော့သည်။

 

ဤသည်ကိုကြည့်က အောက်ခြေတွင် မည်မျှ အထိ တုန်လှုပ်လာနေပြီ ဆိုသည်ကို အထင်အရှား တွေ့နေရသည်။ နေ့စဉ်နှင့် အမျှ ဒလန် များ၊ အလိုတော်ရိများကို ရှင်းလင်းခံနေရသည့် သတင်းများ ထွက်နေပြီး စစ်တပ်ကလည်း တာဝန်ကျေရုံ လမ်းများ ပိတ်ဆို့ စစ်ဆေးသည် ဆိုသည်နှင့် ပြီးသွားသည်က များပေသည်။ 

 

မင်းအောင်လှိုင် ကိုယ်တိုင်လည်း ထိုထက်ပို‌၍ လုပ်နိုင်စွမ်း မရှိ၊ ကျေနပ်အောင် သကြားကျွေး ခြင်းမျိုးသာ ဖြစ်သည်။

 

နဂိုကတည်းက တိုင်းပြည်ကို စစ်ဖိနပ်အောက်မှ ဆွဲထုတ်နိုင်မှ မိမိတို့ အတွက် အနာဂတ် ရှိမည် ဆိုသည့် ခံယူချက် ဖြင့် စာသင်ခန်းကို ကျောခိုင်းကာတိုက်ပွဲ ဝင်နေကြ‌သော လူငယ်လေးများသည် ၎င်းတို့၏ ကျေညာချက်ကြောင့် တော့ မည်သို့မျှ ယိမ်းယိုင်သွားစရာ အကြောင်း မရှိ။

 

သို့သော် တကယ်တမ်း ၎င်းတို့၏ စိတ်ကို ယိမ်းယိုင်အောင် ပြု နိုင်သည်က ဆိုရှယ် မီဒီယာများပေါ်တွင် မိမိတို့သည် ယခင် အတိုင်း အသွားအလာမပျက်၊ အစားမသောက် မပျက်၊ မည်သို့မျှ ထိခိုက်ခြင်း မရှိ ဟု ပြဆိုနေသည် ပို့စ်များပင် ဖြစ်သည်။

 

ဦးမျိုးသန့် ဆိုသူ၏ မင်္ဂလာပွဲ သည် ပင် မိုချာ မုန်တိုင်း သတင်း၊ တော်လှန်ရေး သတင်းများကို မှေးမှိန်သွားစေခဲ့သည် အထိ အစွမ်းထက်လာသည်။ 

 

ထိုကဲ့သို့သော သတင်းမျိုးက human interest ဟု ခေါ်၍ ရ‌သော သတင်းဖြစ်၍ အခြား နိုင်ငံများ တွင် တော့ သတင်းစာ၏ စာမျက်နှာ ၆,၇ လောက်တွင် သာ ထည့်သွင်းကြမည် ဖြစ်သော်လည်း မြန်မာ့ ဆိုရှယ် မီဒီယာ များ၏ newsfeed တွင်မူ ခေါင်းကြီး သတင်း လာဖြစ်နေသည်။ ကျွန်တော် အတွက် သိချင်သော တော်လှန်ရေး နှင့် ပတ်သက်သော သတင်းများကို မနည်း ကျောခွ ရှာကြည့်ခဲ့ရသည်။

 

နောက်တခု က မြန်မာ ရုပ်ရှင်တွင် တခါမျှ ရိုက်ကူးခွင့် မပေးခဲ့သော အိမ်ထောင်ရေး ဖေါက်ပြန်မှု များ နှင့် ကိုယ့်ကို ကိုယ် အဆုံးစီရင်ခြင်း ကဲ့သို့သော ဇာတ်လမ်းများ ယခု အခါ ထွက်ပေါ်လာနေပြီ ဖြစ်သည်။

 

ထိုကဲ့သို့သော ဇာတ်လမ်းမျိုး နောက်တွင် မျောကုန်ကြသည်မှာ အတော်ကို အံ့ဩဖွယ် ဖြစ်နေရသည်။ မတွေးတတ်အောင်လည်း ဖြစ်နေသည်၊ တခါ က မြန်မာ ပေါကား များဟု ကင်ပွန်းတပ် ခံနေရသော ကားများသည် အဆင့်အတန်းများ မြင့်လာ၍လောဟု တွေးမိပြန်သည်။ SP များလည်း ဘယ်ရောက်ကုန်ကြပြီ မသိတော့။

 

ဆိုရှယ် မီဒီယာ များ သုံးဖို့နေနေသာသာ အသက်လု၍ ပြေးလွှားနေကြရသော ၁.၆ သန်းသော ပြည်သူများ အဖို့က ထိုသို့သော ပို့စ်များကို ကြည့်၍ မည်သို့ ခံစားကြပေမည်နည်း ဆိုသည်က တွေးပင် မတွေးရဲတော့။

 

လမ်းပေါ်လျောက်သွားသော လူတဦး ကို သေနတ် ကိုင်ထားသော စစ်သားတဦးက အချိန်မရွေး ခေါ် ပါးရိုက်နိုင်သည့် အနေအထားမျိုးတွင် လူထုသည် နေနေကြရဆဲ ဖြစ်သည်။

 

စစ်အာဏာ သိမ်း အဖွဲ့၏ ဝါဒ ဖြန့်ချီ‌ ရေး ယန္တရားသည် တက်ကုန် ရွက်ကုန် လွှင့် မောင်းနှင်လာနေပြီ ဖြစ်သည်ကို မျက်ခြေ ပြတ်မသွားရန် အထူး သတိဝီရိယ ဖြင့် ရှိနေသင့်သည်။

 

ထိုသို့ မျက်ခြေပြတ်သွားသည် နှင့် အာဆီယံ နိုင်ငံများက အစပြု၍ ပုံမှန် ပြန်ဖြစ်လာနေပြီ ဆိုကာ စစ်အာဏာသိမ်း အဖွဲ့ နှင့် ပြန်လည် ဆက်ဆံလာကြတော့မည် ဖြစ်သည်။

 

ထိုသို့သော ဇာတ်ကားမျိုး နောက်တွင် ငြင်းကြ ခုန်ကြ၊ ဝေဖန်ကြ နှင့် နစ်မျောနေချိန်တွင် စစ်ကိုင်းတိုင်း အတွင်းရှိ ပဒူ ရွာ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်သော PDF တပ်များ နှစ် ရှစ်နာရီ ကြာအောင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စခန်း တစိတ်တပိုင်းကို သိမ်းဆည်း နိုင်ချိန်တွင် Mi35 ရဟတ်ယာဉ် များ နှင့် အကြမ်းဖက် စစ်တပ်က လာရောက် စစ်ကူပေးလာသဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရသည်ဟု သိရသည်။

 

မိမိတို့ တဦးချင်းစီ၏ ရပ်တည်ချက်သည်တော်လှန်ရေး ကြီး အမြန်ဆုံး အောင်မြင်ရေးသည် သာ အရေးကြီးဆုံး ဖြစ်သည်ဟု ခံယူထားရမည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!