မိုချာ နောက်ဆက်တွဲများ

by Hla Soewai - May 27 2023

ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင် အကြီးအကဲ ဗော်ကာ တပ်ခ် မှ စစ်အာဏာသိမ်း အဖွဲ့အား မိုချာ ဆိုင်ကလုံး ‌ဒဏ် သင့်သည့် ဒေသများကို အသက်ကယ် ဆယ်ရေး အကူအညီ များ အမြန် ပေးပို့နိုင်ရေး ဖွင့်ပေးရန် တောင်းဆိုလိုက်သည်။

 

အပျက်အစီး များ နှင့် အသေအပျောက် ဖြစ်ရမှုများသည် ကြိုတင် ခန့်မှန်းနိုင်ပြီး ရှောင်လွှဲ၍ ရနိုင်သည့် အကြောင်းခြင်းရာ များ ဖြစ်သော်လည်း ယခုလို ဖြစ်ခဲ့ရခြင်းသည် လူ့အခွင့်အရေး များ ပစ်ပယ်သည့် လုပ်ရပ်များကို စနစ်တကျ လုပ်ဆောင်ခဲ့မှုများ နှင့် အတိအကျ ဆက်စပ်နေခြင်းကြောင့် ဖြစ်သည်ဟု တပ်ခ်က ဆိုသည်။

 

လက်ရှိတွင် ကယ်ဆယ်ရေး လုပ်ငန်း အများစုသည် ရခိုင် ပြည်နယ် အတွင်း တွင်သာ ရှိနေပေသေးသည်။

 

အင်‌ဒိုနီရှား မှ ဦးဆောင်ပြီး အာဆီယံ အရေးပေါ်ကူညီ ပေးရေး အဖွဲ့သည် ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း နှင့် စစ်တွေ မြို့များသို့ ဝင်ရောက်ခွင့် ရလာ၍ ပျက်စီးမှု အတိုင်းအတာ ကို လေ့လာဆန်းစစ်ခဲ့ကြသည်ဟု ဆိုသည်။

 

ရခိုင် ပြည်နယ် ပြီးလျှင် ဒုတိယ အပျက်အစီး ဆုံး ဖြစ်ခဲ့သည့် ချင်းပြည်နယ်သည် ယခုထိ ပြင်ပ အကူအညီ များ တစက်က‌ လေးမျှပင် မရရှိကြသေးဟု သိရသည်။ မတူပီ နှင့် မင်းတပ် မြို့နယ်များ တွင် ထိခိုက် ပျက်စီးမှု အများဆုံး ဖြစ်ပြီး ဒေသခံ များအဖို့ တာလပတ် များ နှင့် ဆောက်လုပ်ရေး ပစ္စည်းများ အသည်းအသန် လိုအပ်နေသည်ဟု သိရသည်။

 

စစ်အာဏာသိမ်း အဖွဲ့ကို တူမီးသေနတ်များ နှင့် စတင် တွန်းလှန်ပြီး တော်လှန်ရေး မီးရှူး တိုင်ကြီးကို ထွန်းညှိပေးခဲ့သည့် ချင်းတိုင်းရင်းသား တို့ အား အပြည့်အဝ ကူညီပေးရန် အားလုံးတွင် တာဝန် ရှိလာနေပြီ ဖြစ်သည်။

 

အီးယူမှ လောလောဆယ် ရခိုင်ပြည်နယ် နှင့် ကောက်ဘဇား ဒေသများ အတွက် အကူအညီ ဒေါ်လာ ၂.၇ သန်း ပေးပို့ထားပြီး ဖြစ်သည်ဟု ကျေညာချက် ထုတ်ပြန်ခဲ့သည်။

 

အမေရိကန် မှလည်း ကယ်ဆယ်ရေး အတွက် ဒေါလာ ၁၇ သန်း တန် လိုအပ် သော ပစ္စည်းမျိုးစုံ ကို ယုံကြည် စိတ်ချရသော ပါတနာများထံ ပေးပို့ခဲ့သည်ဟု မေလ ၂၃ ရက်နေ့တွင် ပြောဆိုခဲ့သည်။

 

ယခုအခါ ဝါရှင်တန် နှင့် လန်ဒန် တွင် မြန်မာ အပေါ် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု များ နှင့် စပ်လျှင်းပြီး ဆက်လက်၍ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်ရန် အီးယူ၊ အမေရိကန်၊ ကနေဒါ နှင့် ဗြိတိန် တို့ ညှိနှိုင်းဆွေး‌ နွေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

 

မြန်မာပြည်သူများ အပေါ် စစ်အာဏာသိမ်း အဖွဲ့၏ နေ့စဉ် နှင့် အမျှ နှိပ်စက် သတ်ဖြတ်နေမှုများ အား ပံ့ပိုးပေးနေသည့် အရာမှန်သမျှ ကန့်သတ်သွားရန် မဆုပ်မနစ် ကြိုးပမ်းသွားရန်လည်း သဘောတူညီမှု ရခဲ့ကြသည်ဟု ဆိုသည်။

 

သို့သော် ယနေ့ ထွက်ပေါ်လာသော Justice For Myanmar ၏ ထုတ်ဖေါ်ချက်ဖြင့် ယခင် မထင်မရှား ကနေဒါ ကုမ္ပဏီ Et Martem Holdings သည် ရတနာ ဓါတ်ငွေ့ကွက် တွင် ရှယ်ယာ အများဆုံး ပိုင်ဆိုင်နေကြောင်း သိရှိသွားခဲ့သည်၊ ထို သတင်း အနံ့ ခံ လိုက်ခဲ့သော Toronto Star သတင်းစာ၏ ထုတ်ဖေါ်ချက်အရ ချေဗရွန် ကုမ္ပဏီ မှ ရှယ်ယာများ ဝယ်ယူ ခဲ့ခြင်း ဖြစ်ကြောင်း သိရပြီး သတင်းစာ၏ စုံစမ်း မေးမြန်းမှု ကို ရေငုံ နှုတ်ပိတ်နေသည်ဟု သိရသည်။

 

စစ်အာ‌ဏာ သိမ်း အဖွဲ့ နှင့် လုပ်ကိုင်သူများသည် သူခိုးလက်ခံပစ္စည်း ထုခွဲပေးရသူ များလို လူသိမခံနိုင် ဖြစ်နေကြသည်၊ သိပြန်လျှင်လည်း ဘူးခံ ငြင်းတတ်ကြပြန်သည်။

 

မကြာမီက ကုလ လူ့အခွင့်အရေး တာဝန်ခံ တွန် အင်ဒရူး၏ အစီရင်ခံစာတွင် အိန္ဒိယ သည် လည်း အဓိက လက်နက်တင်ပို့ နေသည့် နိုင်ငံ ဖြစ်သည်ဟု ပါရှိလာမှု အား အိန္ဒိယ မှ အာဏာမသိမ်းမီက အမှာစာ များ အတိုင်း ပေးပို့ခြင်းသာ ဖြစ်သည်ဟု ပြောလာခဲ့သည်။

 

စစ်အာဏာသိမ်း အဖွဲ့သည် တိုင်းပြည်ကို အုပ်ချုပ်ရန် စိတ်ကူး မရှိကြတော့ပဲ လူထု အပေါ် အကြမ်းဖက် နည်းလမ်းဖြင့် မနိုင်မချင်း နှိပ်စက် သတ်ဖြတ်နိုင်ဖို့ သာ စိတ်ကူးနေကြသူ များ ဖြစ်သည်။ တိုင်းပြည်ကို မည်သည့် အခါမျှ လူလူသူသူ အုပ်ချုပ်ခွင့် ရတော့မည် မဟုတ်သည့် အပြင် နိုင်ငံတကာ တွင်လည်း လူရာမဝင်၊ အခွင့်အရေး ရလိုရငြား ရောက်လာကြသူများ နှင့်သာ ဆက်ဆံသွားရဖို့သာ ရှိသည်။

 

မကြာမီက နယူးဇီလန် အစိုးရမှ သာမန် အဆင့်မြန်မာ ကိုယ်စားလှယ် အဖွဲ့ လေ့လာရေး လာရောက်မည့် ခရီးစဉ် ကိုပင် ပိတ်ပင်လိုက်သည်ဟု သိရသည်။

 

ထိုင်းရှိ ရှေ့သို့ချီ ပါတီ ခေါင်းဆောင် ပီတ လင်ဂျရိုနတ်၏ နိုင်ငံခြားရေး မူဝါဒ အကြံပေး ပစ်ဆူဝမ် မှ မြန်မာ အရေး ကို မိမိတို့ မည်သို့မျှ ရေငုံ နှုတ်ပိတ် လက်ပိုက်ကြည့် သွားမည် မဟုတ်ဟု ထိုင်း PBS ရုပ်သံ နှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ထုတ်ဖေါ်ပြောဆိုလိုက်သည်။

 

မြန်မာအရေးသည် ဒေသတွင်း အထူးသဖြင့် ထိုင်း၏ လုံခြုံရေး ကို ခြိမ်းချောက်လာနေပြီဟု ယူဆထားကြောင်းလည်း ပြောဆိုသွားခဲ့သည်။

 

လျပ်စစ်ဓါတ်အား ကိုပင် တနေ့ ငါးနာရီမျှ အနိုင်နိုင်ပေးနေရသည် ဖြစ်၍ အရူးချီးပန်းများ အုပ်ချုပ်နေသည်ဟု အွန်လိုင်း မှ လိုက်ဖ် လွှင့် ဝေဖန်ခဲ့သော သီချင်းရေး ဆရာ နိုင်မြန်မာ ၏ သားဖြစ်သူ ဟစ်ဟော့ အဆို‌ တော် ဗျုဟာ သည် သူ့အား လာရောက် ဖမ်းဆီးသူများနောက်သို့ ရဲရဲဝန့်ဝန့်ပင် လိုက်သွားခဲ့ပြီး လက်ရှိတွင် မြောက်ဒဂုံ ရဲစခန်းတွင် ချုပ်နှောင်ခံထားရသည်ဟု သိရသည်။

 

သတ္တိ ဆိုသည်ကား အကြောက်တရား ကို လျစ်လျု ရှု့နိုင် ခဲ့ခြင်းသာ ဖြစ်သည် ဆိုသော စကားကို ဗျူဟာ က လက်တွေ့ သက်သေပြသွားခဲ့ပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!