အကြောက်တရားကို လစ်လျူရှုနိုင် ခဲ့သူ

by Hla Soewai - May 27 2023

အောက်တွင် မြင်ရသော ပုံ နှစ်ပုံသည် ပြည်သူတို့၏ တော်လှန်ရေးကို ပျက်ပျက်ထင်ထင် ကိုယ်စားပြုလျက် ရှိသည်။

 

ထိုလူငယ်လေး၏ အမည်ကား ‌နေထက် ဖြစ်ပြီး အသက် ၂၁ နှစ်ရှိ ဒဂုန်တက္ကသိုလ် မှ ဒုတိယ နှစ် သတ္တဗေဒ ကျောင်းသား တဦး လည်း ဖြစ်သည်။

 

၂၀၂၁ ဖေဖေါ်ဝါရီလ လူတဦးတယောက်၏ လောဘဇော နှင့် အာဏာ ရူး မှု ပေါင်းစပ်ကာ လက်အောက်ခံ စစ်တပ်ကို သူ့အလိုကျ အာဏာသိမ်းစေခဲ့ရာမှ တိုင်းပြည်ရှိ သန်းပေါင်းများစွာ သော လူငယ်ထု၏ မျှော်လင့်ချက်များ၊ အနာဂတ်များ ပါ လုယက်ယူငင် သွားခြင်း ခံခဲ့ရသည်။

 

ထိုအထဲတွင် နေထက်လည်း ပါဝင်နေပြီး ထိုသို့ လုယက်ခံခဲ့ရမှု ကို ခေါင်းငုံ့ ခံနေ၍ မဖြစ် ဟု ဆိုကာ တော်လှန်ရေးထဲ ခြေစုံပစ်ဝင်လာခဲ့သူ ဖြစ်သည်။ သူ့လို မပါဝင်ခဲ့ကြသည့် သူငယ်ချင်းများ ကို အပြစ်မတင်သည့် အပြင် ကောင်းစားစေချင်သည့် ဆန္ဒရှိပြီး ခင်ဗျားတို့ အားလုံး နိုင်ငံခြားကို ထွက်ကြဗျာဟု ပင် တိုက်တွန်းသွားခဲ့သည်။

 

သို့သော် သူ၏ တော်လှန်ရေး ခရီး အစ ဒေသ မကျွမ်းကျင်မှုကြောင့် ခရီးတထောက် နားခဲ့သည့် မကွေးတိုင်း အတွင်းရှိ မြစ်ခြေ အရပ် ဖြစ်ပြီး ရဲစခန်း နှင့် မလှမ်းမကမ်း ဖြစ်နေ၍ ရဲကင်းလှည့် အဖွဲ့နှင့် တွေ့ပြီး ဖမ်းဆီးခံခဲ့ရသည်။

 

ရဲစခန်း တွင် ငရဲတမျှ နှိပ်စက်ညှင်းပမ်းခံခဲ့ရပြီး နောက် ပခုက္ကူ ထောင်သို့ သူတို့ အား ပို့ခဲ့ကြသည်။ ပခုက္ကူ ထောင်တွင်လည်း အလားတူ ခံခဲ့ရပြီး နောက်တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ဖြင့် တရားစွဲဆို ခဲ့သည်။

 

ထောင်ထဲတွင် သူတို့ကဲ့သို့ ရောက်နေကြသော တော်လှန်ရေး တပ်ဖွဲ့ဝင်များ နှင့် တွေ့ဆုံခဲ့ပြီး သူတို့ ငါးဦးစလုံး ထောင်ထဲတွင် အချိန်ကုန်မခံ နိုင်ဟု ဆုံးဖြတ်ကာ ထောင်ဖေါက် ထွက်ပြေး လွတ်မြောက်ခဲ့ကြသည်။

 

ထောင်ထဲတွင် လူမဆန်အောင် နှိပ်စက်ခံခဲ့ရမှု ကြောင့် နေထက်သည် ထိုသို့ လူမဆန်လှသည့် စစ်အုပ်ချုပ်ရေး ကို ဆန့်ကျင်တွန်းလှန် နိုင်မှ ဖြစ်မည် ဟူသော သူ၏ စိတ်ဓါတ်သည် ပို၍ ခိုင်မာသည်ထက် ခိုင်မာလာခဲ့ပြီး လွတ်လျှင် လွတ်ခြင်း တော်လှန်ရေး အဖွဲ့များထံ သွားရောက် ပူးပေါင်းခဲ့သည်။

 

နေထက်၏ သတ္တိဗျတ္တိ နှင့် စွန့်စားလိုစိတ်ကြောင့် မကြာမီမှာပင် “ကွန်မန်ဒို” ဟူသော အမည်ကို ရလာခဲ့သည်။

 

၂၀၂၂ အောက်တိုဘာ ၁၇ ရက်နေ့တွင် နေထက် နှင့် သူ၏ 96 Soldiers အဖွဲ့သည် မူးမြစ် အရှေ့ဖက်ကမ်းရှိ အိမ်ခြေ ငါးရာခန့် ရှိသော ရွှေပန်းကုံး ရွာသို့ အမှောင်ထု အောက်တွင် ချည်းကပ်လာခဲ့ကြသည်။

 

သူတို့၏ ပစ်မှတ်က ထိုရွာရှိ ရဲစခန်း တွင် လာရောက် တပ်စွဲထားသော မင်းအောင်လှိုင်၏ ဖက်ဆစ် တပ်ဖွဲ့ဝင်များကို အလစ်ဝင်ရောက်တိုက်ခိုက်ရန်ပင် ဖြစ်သည်။ သူနှင့်အတူ ထောင်ဖေါက် ထွက်ပြေးလာခဲ့သော ကျော်ကြီး၏ အာပီဂျီ လောင်ချာ မှ ပစ်ခတ်သံနှင့် အတူ တိုက်ပွဲက စတင်လာခဲ့ပြီ ဖြစ်သည်။

 

ကျော်ကြီး သည် အပြန်အလှန် ပစ်ခတ် နေစဉ်အတွင်း သူ၏ လောင်ချာ ကို ကျည်ဖူး ထပ်တပ်ရန် ပြင်ဆင်နေစဉ်မှာပင် “နေထက်ကို ထိသွားပြီ” ဆိုသော အော်သံကို ကြားလိုက်ရသည်။

 

ကျန် အဖွဲ့သားများက ကာပစ် ပစ်‌ပေးနေစဉ် အတွင်း နေထက် ကို အတင်း တက်ဆွဲပြီး ကျည်ကွယ်ရာသို့ ခေါ်လာခဲ့သည်။ “မင်းကို ထိသွားသလား” ဟူသော ကျော်ကြီး ၏ အမေးကို နေထက်က ဘာမှ မဖြစ်သည့် ပုံစံ နှင့် မတ်တပ်ရပ်ပြလိုက်သော်လည်း ချက်ခြင်းလို ခွေကျသွားခဲ့သည်။

 

နေထက် သည် တော်လှန်ရေးကြီး ကို လမ်းခုလပ်တွင် အပြီးအပိုင် စွန့်ခွာသွားခဲ့ပြီ ဖြစ်သည်။

 

သူ သေဆုံးလျှင် အမျှမဝေပါနဲ့ ဟု နေထက်က မှာထားခဲ့သော်လည်း သူ၏ ရဲဘော် ရဲဘက်များက တခမ်းတနား သင်္ဂြိုလ် ပေးခဲ့ကြသည်။ အနီးအနားရှိ ပြည်သူများလည်း လိုက်ပါ ပို့ဆောင်ခဲ့ကြသည်။

 

နေထက် ကြောင့် နေအိမ် ဆုံးရှုံးသွားခဲ့ရသော မိဘ နှစ်ပါးသည် နေထက် နှင့် အမြဲလို အဆက်အသွယ် ရှိခဲ့သော်လည်း “ကျွန်တော်သား တိုက်ပွဲမှာ ကျသွားတာကို ဂုဏ်ယူကြောင်း နှင့် ရှေ့ဆက် မပါနိုင်ခဲ့သည်ကိုသာ စိတ်မကောင်း ဖြစ်မိကြောင်း” ဖခင် ဖြစ်သူက ထုတ်ဖေါ်ပြောဆိုခဲ့ကြသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

(မြန်မာ နောင်း သတင်း အား ကိုးကား ဖေါ်ပြသည်)