လှိုင် သာယာ နိုင်ပါ့မလား

by Hla Soewai - May 19 2023

ကရင်မလင် နန်းတော် ရှိ ပူတင် အိမ်ယာကို ဒရုန်း ဖြင့် တိုက်ခိုက်ခံရ၍ အုတ်ကြွပ်များ လန်သွားသည် အထိ ဖြစ်ခဲ့မှုသည် အမေရိကန် တို့ စနက် မကင်းဟု ရုရှားက စွပ်စွဲလာခဲ့သည်။

 

ကရင်မလင်သည် ခံတပ်ကြီးအလား ယင်တကောင်ပင် ၎င်းတို့ မသိပဲ ဝင်ခွင့်မရအောင် အထူးစီမံထားပြီး ဖြစ်သည်။ ရုရှားတို့ အဆိုအရ နန်းတော် အုတ်တံတိုင်း အပြင်ဖက်တွင် ဖြတ်မောင်းသွားသော ကားများ၏ GPS တွင်ပင် နန်းတော်အစား အခြား ပုံရိပ်များ ဝင်လာအောင် လုပ်ထားပြီး ဖြစ်၍ ၎င်းတို့၏ လုံခြုံရေး အစီအမံများကို ဖေါက်ထွင်း ဝင်ရောက် နိုင်သည့် နည်းပညာသည် အမေရိကန် တို့တွင်သာ ရှိသည်ဟု စွပ်စွဲလိုက်ခြင်း ဖြစ်သည်။

 

လက်ရှိတွင် ဒရုန်းသည် နေရာတကာတွင် ခေတ်စားလာပြီး မည်သူ့ လက်ချက်မှန်း မသိအောင် ခြေရာလက်ရာ ဖျောက်နိုင်သည့်အပြင်၊ အလွယ်တကူ ငြင်းဆို၍ ရ‌ နေသည်။

 

နိုင်ငံတနိုင်ငံ ၏ ခေါင်းဆောင် ကို လုပ်ကြံ ခြင်း မျိုးကို အတတ်နိုင်ဆုံး ရှောင်ရှားခဲ့ကြသည့် unwritten rules က ရှိထားပြီး ဖြစ်သည်။

 

ထို့အတွက် အမေရိကန် နှင့် ယူကရိန်း တာဝန် ရှိသူများက အကျောက်အကန် ငြင်းဆိုခဲ့ကြသည်။

 

အစ္စရေး သည်ပင် အာရာဖတ် အား ကုလ စင်မြင့်တွင် တရားဝင် မိန့်ခွန်း ပြောလာသည့် နေ့မှစ၍ ၎င်းအား လုပ်ကြံမည့် စစ်ဆင်ရေး များကို တရားဝင် ရပ်ဆိုင်းခဲ့ရသည်။

 

သို့သော် ယခုလို ဘယ်သူကိုမှ လက်ညိုး ထိုးမရ ဖြစ်လာနေသည့် နည်းပညာ ခေတ်ကြီးတွင် မိမိ ခေါင်မိုးပေါ် ဖေါက်ဝင်လာမည့် ဒရုန်း အတွက် မည်သူ မဆို စိုးရိမ်သင့်သည် မဟုတ်ပါလော။