တရုတ် နိုင်ငံခြားရေး ဝန်ကြီး ခရီးစဉ် နှင့် ပတ်သက်ပြီး ဝေဖန်မှု များ စတင် ထွက်ပေါ်လာနေ

by Hla Soewai - May 19 2023

ထိုအထဲတွင် ဗွေဆော်ဦး အဖြစ် အမျိုးသား ညီညွတ်ရေး အစိုးရ မှ အကြမ်းဖက် စစ်တပ် တည်မြဲနေသရွေ့ တိုင်းပြည်သည် မည်သို့မျှ တည်ငြိမ်မှု ရှိလာမည် မဟုတ်ကြောင်း ပြောရေးဆိုခွင့် ရှိသူ ဦးကျော်ဇော် မှ တရုတ် အစိုးရအား သတိပေးလိုက်သည်။

 

တရုတ်မှ မြန်မာ၏ အချုပ်အခြာ အာဏာ ကို နိုင်ငံတကာ က လေးစားသင့်သည် ဟု ပြောဆိုလာမှု အား ဦးကျော်ဇော် မှ အချုပ်အခြာ အာဏာ သည် စစ်အာဏာသိမ်း အဖွဲ့တွင် ရှိသည် မဟုတ်ပဲ ပြည်သူများ၏ လက်ဝယ်တွင် ရှိသည် ဖြစ်၍ ပြည်သူ့ ဆန္ဒကို တရုတ် အစိုးရ က လေးစားသင့်သည်ဟု ထောက်ပြသွားခဲ့သည်။

 

ကုလ အတွင်းရေးမှုးချုပ်က ဖမ်းဆီးထားသူ အားလုံး ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း ထို အကြောင်းကို အရေးအရာလုပ်၍ အကျယ်တဝန့် ရေး ပြစရာ အကြောင်းမမြင်ပေ။ အားလုံးက မလုပ် မရှုပ် မပြူတ် လုပ်နေကြသူချည်း ဖြစ်သည်၊ feel good statements များမှ လွဲ၍ ထိရောက်သည့် မူဝါဒ တရပ် တာဝန်ယူ ချမှတ်လိုစိတ် မရှိသူက များနေသည်။

 

ကမ္ဘာနိုင်ငံများက စစ်ကောင်စီ အပေါ် တရုတ် ဩဇာ ညောင်းနိုင်သည်ဟု ခံယူထားသဖြင့် ငြိမ်းချမ်းရေး ဗိသုကာ အဖြစ် မျှော်လင့်ခဲ့သော်လည်း ၎င်းတို့၏ အကျိုးစီးပွား အတွက်သာ အဓိက ဖေါ်ဆောင်နေသည်ဟု ကာတင် တက္ကသိုလ် နိုင်ငံတကာ စီးပွားရေး ဌာန တွဲဖက် ပါမောက္ခ ဒေါက်တာ ထွေးထွေးသိန်း က ဆိုသည်။

 

တရုတ် တို့ ယခင်ကထက် ပို၍ နီးကပ်စွာ ဆက်ဆံလာမှု ကို မြန်မာ အရေး ကွက်ကွက် ကလေး မကြည့်ပဲ ဒေသတွင်း၊ အထူးသဖြင့် အိန္ဒိယ သမုဒ္ဒရာ အထိ ပါ ဂယက်ရိုက် လာနိုင်သည်ဟု လည်း စင်္ကာပူ သတင်းဌာန အား ပြောခဲ့သည်။

 

ယခုပင် ကိုကိုးကျွန်း တွင် တရုတ် မှ ရေဒါ စခန်းနှင့် လေယာဉ် ပြေးလမ်းများ တည်ဆောက်နေသည်ဟူ သော သံသယ ဖြစ်ဖွယ် အထောက်အထားများ ထွက်ရှိလာခဲ့၍ အိန္ဒိယ သာမက၊ ဂျပန်တို့ပါ တုန်လှုပ်သွားခဲ့ပြီ ဖြစ်သည်။ နှစ်စဉ် မလက္ကာရေလက်ကြား ကို ဦးတည်သွားနေသော သင်္ဘော အစင်းရေ ၉၀,၀၀၀ ခန့် ရှိနေပြီး ကမ္ဘာကုန်သွယ်ရေး ၏ ၄၀% ခန့် ရှိနေသည်၊ ယခု အခါ တရုတ် တို့ အဖို့ စောင့်ကြည့်နေခွင့် ရသွားခဲ့ပြီ ဖြစ်သည်။ ဂျပန်သည် တင်သွင်းနေသော ရေနံ မှန်သမျှ ကို ထိုရေလမ်းကြောင်းအား အသုံးပြုနေရ၍ မည်သည့်နည်း နှင့် မျှ ခြိမ်းချောက်ခြင်လျှင် ခြိမ်းချောက်ခံလာရမည့် အနေအထားကို ခွင့်ပြု၍ မဖြစ်ဟု ယူဆထားသည်။

 

အိန္ဒိယ နှင့် ဂျပန် သည် စစ်အာဏာသိမ်း အဖွဲ့အား ပြင်းပြင်းထန်ထန် ဆန့်ကျင်ခြင်း မရှိသည့် နိုင်ငံများ ဖြစ်ပြီး တရုတ် နှင့် ပို၍ပင် ဖက်လှဲတကင်း ဖြစ်လာနေသဖြင့် အရေး အကြောင်း ရှိလာက ၎င်းတို့မျက်နှာ ကို ထောက်မည် မဟုတ် ဆိုသည်ကို သိရှိ သဘောပေါက်လာကြပြီ ဖြစ်သည်။

 

ယမန်နေ့က အိန္ဒိယ ဝန်ကြီးချုပ်၏ အထူး မျက်နှာသာပေးခြင်း ခံထားရသည်ဟု စွပ်စွဲခံနေရသော Adani Group သည် မြန်မာပြည် ဆိပ်ကမ်း လုပ်ငန်းများကို Solar Energy Ltd သို့ ဒေါ်လာ သန်း ၃၀ ဖြင့် ရောင်းချကာ ထွက်ခွာ သွားပြီ ဖြစ်သည်။ ယင်းသည် ၎င်းတို့ ကနဦး ရင်းနှီး မြုပ်နှံထားသော ဒေါ်လာ ၁၂၇ သန်း ထက် လွန်စွာ လျော့နည်းလျက် ရှိနေသည်။ ထိုသို့ ရုပ်သိမ်းရခြင်းမှာ ဒဏ်ခတ် ပိတ်ဆို့ခံထားရသူများ နှင့် မဆက်ဆံ ခြင်၍ ဖြစ်သည်ဟု ဆိုသည်။

 

လာရောက်နေကြသူများလည်း ၎င်းတို့နှင့် စီးပွားရေး လုပ်၍ မရမှန်း သိသိကြီးနှင့် အခြေအနေ ကောင်းလျှင် လုပ်နိုင်ရန် ဖျာလာခင်းထားသူက များပေသည်။

 

လောလောဆယ် တွင် အကြမ်းဖက် စစ်တပ်၏ လေကြောင်းမှ တိုက်ခိုက်မှုသည် ပဲခူးတိုင်း၊ ထန်းတပင် သို့ပင် ရောက်ရှိလာပြီ ဖြစ်သည်၊ ထိုတိုက်ခိုက်မှု တွင် ပြည်သူ သုံးဦး သေဆုံးကာ သုံးဦး ဒဏ်ရာ ရရှိသွားသည်ဟု သိရသည်။

 

မင်းအောင်လှိုင်သည် အာဏာသိမ်းပြီးချိန်မှစ၍ လူထု ကောင်းရာကောင်းကျိုး တခုမှ ဆောင်ရွက်ခဲ့ဖူးခြင်း မရှိသော်လည်း ၎င်း၏ တကိုယ်ကောင်း လုပ်ရပ် ဖြင့် တိုင်းပြည်ကို အင်အားကြီး နိုင်ငံများ၏ စစ်တလင်း ဖြစ်အောင် မိုက်မဲစွာ ဆွဲသွင်းလာနေပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်အား အဆင်ပြေလာနိူး မျှော်လင့်ချက် တခွဲသား နှင့် မျက်စိမှိတ် ထောက်ခံနေကြသူများသည် အဆိုပါ အန္တရာယ်ကြီးနှင့် နီးကပ်လာနေသည့် အဖြစ်ကို မြင်အောင် ကြည့်တပ်ဖို့ လိုသည်။

 

၎င်းအုပ်ချုပ် မှု ဖြင့် ပိုမို ကောင်းမွန်သည့် အစိုးရမျိုး ရဖို့ မျှော်လင့်ချက် ရှိနိုင်မည်လော၊ ပြီးခဲ့သည့် အရပ်သား အစိုးရ လက်ထက်တွင် လူမှု စီးပွား များ တိုးတက်လာခဲ့သည် မဟုတ်ပါလော၊ စစ်တပ် မှ အမျိုးဘာသာ သာသနာ ဟု ဆိုကာ ဝင်ရောက် မနှောက်ယှက်လျှင် ဒီထက် နှစ်ဆ တိုးတက်ဖို့သာ ရှိသည်။

 

လက်ရှိ မင်းအောင်လှိုင် လက်ထက် တွင် ကောင်းစားနေသူများ၊ သိန်းထောင်ချီရ၊ ကားအကောင်းစားများ ထည်လဲစီး‌ နေသူများသည် တခါက မိမိတို့အား အမျိုး ဘာသာ သာသနာ ဟု ဆိုကာ ချောက်ထဲ ဆွဲချခဲ့ကြသူ များ မဟုတ်ပါလော၊ ၎င်းတို့ ဟစ်ကြွေးခဲ့ကြသည့် အမျိုးဘာသာ သာသနာ ဆုတ်ယုတ်နေယုံ မျှ မက လက်ရှိ ဖြစ်ပေါ်နေသော မတရားမှု ကြီးကို လာလတ္တံသော လဒ် လာဘ များ မျှော်ကိုးကာ ရေငုံ နှုတ်ပိတ်နေကြသည်။ 

 

ထိုအရေးသည် သာသနာ အတွက် ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်လာနေသည့် ဓမ္မ အန္တရာယ်ကြီး အဖြစ် စိုးရိမ် ရကောင်းမှန်း မသိကြတော့၊ ဘုရားတည် ကျောင်းဆောက်၊ လှုဒါန်းပေးယုံမျှ နှင့် သာသနာပြု မင်းကောင်း မင်းမြတ် အဖြစ် မိုက်မဲစွာ ယူဆနေကြပြီ ဖြစ်သည်။

 

ထိုသို့ မင်းဆရာ ဖြစ်လိုသူများ တန်ခိုး ထွားနေချိန်တွင် သာသနာ အရေး တကယ်တမ်း စိုးရိမ်ပူပန် နေသည့် ဆရာတော် များသည် ကျည်ကွယ် မျက်ကွယ် ပုန်း‌အောင်းနေကြရပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

Credit - Original Creator