ပြည်တွင်းစစ် ၏ ကျိန်စာ

by Hla Soewai - May 04 2023

ဆူဒန် တွင် ကား စစ်ပွဲ ၏ ဥပဒေသများ အား ဟာရီပေါ်တာထဲက Quidditch ကစားနည်းလောက်ပင် တန်ဖိုးမထားကြတော့ပေ။

 

လူရမ်းကား စစ်ဗိုလ်ချုပ် နှစ်ဦး၏ စားမန် ခုတ်ပွဲကြောင့် အရပ်သားများ အသတ်ခံရ၊ နိုင်ငံတကာ သံဝန်ထမ်းများလည်း အတိုက်ခိုက်ခံရ၊ ဆေးရုံမှ လူနာ များကို မောင်းထုတ်ပြီး ခံတပ် အဖြစ် သုံးလိုသုံး နှင့် ဖြစ်ချင်တိုင်း ဖြစ်လာနေပေသည်။

 

မြို့တော် ခါတွန် တွင် ဧပြီ ၁၅ ရက် နေ့က စတင်ခဲ့သော တိုက်ပွဲများသည် ပြည်တွင်း စစ်ပွဲကြီး အဖြစ် အသွင်ပြောင်းဖို့ ဦးတည်လာနေပြီ ဖြစ်သည်။

 

ဆူဒန်သည် လွတ်လပ်‌ ရေး ရခဲ့သည့် ၁၉၅၆ ခုနှစ်မှ စ၍ ပုံသဏ္ဍန် အမျိုးမျိုး နှင့် ဖြစ်ပွားလာခဲ့သော ပြည် တွင်းစစ် ဒဏ်ကို အချိန်အတော်များများ အလူးအလဲ ခံခဲ့ရပြီး လည်း ဖြစ်သည်။ အာဏာသိမ်းပွဲ ၁၆ ကြိမ် ဖြစ်ပွားခဲ့ရာ ‌၆ ကြိမ် အောင်မြင်ခဲ့သည်။

 

ယခု ဖြစ်ပွားလာခဲ့မှု သည် ကမ္ဘာ အနှံ ကပ်ဆိုးကြီးပမာ ကျရောက်လာနေသော လူမသိ သူမသိ ပြည်တွင်းစစ်များ၏ သက်တမ်းကို ထပ်တိုးလာဖို့ များနေသည်။

 

၁၉၈၀ ကျော် နှစ်များ အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများသည် ပျမ်းမျှ အားဖြင့် ၁၃ နှစ်ခန့် ကြာညောင်းခဲ့သည်။ ၂၀၂၁ အရောက်တွင်တော့ အနှစ် ၂၀ အထိ ဖြစ်လာခဲ့သည်။

 

၂၀၁၁ တွင် ပေါ်ပေါက်လာခဲ့သော အာရပ်နွေဦး နောက်ပိုင်းတွင် စစ်ပွဲများ တခုပြီး တခု ‌ဆိုသလို လှိုင်းလုံးကြီးအလား တရိပ်ရိပ် မြင့်တက်လာခဲ့သည်၊ လူသေဆုံးရမှု များလည်း များပြားလာခဲ့ပြီး ကမ္ဘာတဝှမ်း ပို၍ ငြိမ်းချမ်းလာမည့် အရေးကို ရိုက်ချိုး ဖျက်ဆီးပစ်လာခဲ့သည်။

 

ပြည်တွင်း စစ်ကြောင့် မည်မျှ အတိုင်းအတာ အထိလူအသက်များ ဆုံးရှံးခဲ့ရသည် ဆိုသည်ကိုက ခန့်မှန်းရ ခက်နေသည်။ ထိုအထဲတွင် စစ်မြေပြင်တွင် သေဆုံးရသူ များသာမက စစ်ပွဲများကြောင့် အစာငတ်မွတ် ခေါင်းပါးမှု၊ ရောဂါဘယ ထူပြောလာမှု ‌များကြောင့် သေဆုံးရသူ များကိုပါ ထည့်သွင်းရေတွက်ရမည် ဖြစ်သည်။

 

မကြာမီက အီသီယိုပီယားတွင် တီဂရေး ခွဲထွက်ရေး လှုပ်ရှားမှု ကြောင့် ဖြစ်ပွားခဲ့သော ပြည်တွင်းစစ် တွင် သေဆုံးသူ ခြောက်သိန်းခန့် ရှိခဲ့၍ ယူကရိန်း စစ်ပွဲထက်ပင် သာလွန် သွားခဲ့ရသည်။ ထိုသို့သေဆုံးမှု အဆမတန် များပြားခဲ့ရခြင်းသည် အစိုးရ မှ ငတ်မွတ်နေသူများထံ အစားအသောက်များ အကူ‌အညီ ပေးရေး ကို ပိတ်ဆို့ထားခဲ့ခြင်းသည်လည်း တစိတ်တပိုင်း အားဖြင့် ပါဝင်နေသည်။

 

တကမ္ဘာလုံး အတိုင်းအတာ နှင့် ဆိုက အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြရသူ အရည် အတွက်သည် ပြီးခဲ့သည့် ဆယ်စု နှစ် အတွင်း နှစ်ဆခန့် များပြားလာခဲ့ပြီး စုစုပေါင်း သန်း ၁၀၀ ခန့်အထိ ရှိနေပြီဟု ခန့်မှန်းခဲ့ကြသည်။

 

ကမ္ဘာကြီးသည် ပို၍ ကြွယ်ဝချမ်းသာလာနေချိန်တွင်ပင် ပဋိပက္ခများကြောင့် ဆင်းရဲသော နိုင်ငံများ ပို၍ ပင် ဆင်းရဲသည့် အဖြစ်သို့ အလျင်အမြန် ရောက်ကုန်ကြရသည်။

 

အဘယ်ကြောင့် ပြည်တွင်းစစ်ပွဲများ ပို၍ ရှည်ကြာလာရသနည်း ဆိုသည့် အကြောင်းရင်းများထဲတွင် ပို၍ ရှုပ်ထွေးလာသော အခြေအနေများ ကြောင့် ဆိုသည့် အကြောင်းလည်း ပါဝင်နေသည်။ 

 

ဆင်းရဲသော နိုင်ငံများတွင် ဖြစ်ပွား‌ သော ပြည်တွင်းစစ် များတွင် အများဆုံး တွေ့ရသည်။ ထိုဒေသများတွင် စစ်မက်ခင်းကျင်းနေသော အဖွဲ့များ ပေါင်းစုံ ပါဝင်နေသည်။ ထို့အတွက် ငြိမ်းချမ်းရေး ရဖို့ဆိုလျှင် ပါဝင်နေသူများ အားလုံး ကျေနပ်အောင် လုပ်ပေးနိုင်မှ ဖြစ်ပေမည်။

 

အကြမ်းဖျင်း အားဖြင့် ဆိုရလျှင်၂၀၀၁ နှင့် ၂၀၁၀ အကြားတွင် တနှစ်လျင် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ တခု သို့မဟုတ် ဒီထက်ပို၍ တပြိုင်တည်း ဖြစ်ပွားလာခဲ့သည့် နိုင်ငံ ငါးနိုင်ငံ ခန့် ရှိလာနေသည်။ ယခုအခါ ၁၅ နိုင်ငံ အထိ တိုးပွားလာခဲ့ပြီ ဖြစ်သည်။ (ထိုအထဲတွင် ကွန်ဂို နှင့် မြန်မာ နိုင်ငံ တွင် ဖြစ်ပွားနေ‌မှု များကို ငြိမ်းချမ်းသွားအောင် လုပ်ဖို့က အင်မတန် မှ ခက်ခဲသည်ဟု ဆောင်းပါးက ထောက်ပြထားသည်။)

 

၁၉၉၁ မှ စ၍ ရေတွက်မည်ဆိုလျင် ပြည်ပတပ်များ ပါဝင် ပတ်သက်လာသော ပြည်တွင်း ပဋိပက္ခများသည် ၁၂ ဆ ခန့်ထိ များပြားလာခဲ့သည်။ ပြည်ပ မှ ဝင်ရောက်စွက်ဖက်လာသူများ သည် သူတို့ နိုင်ငံလည်း မည်သို့မျှ ထိခိုက်စရာ မရှိ၍ ငြိမ်းချမ်းရေး ဆိုသည် ကို မက်မောစရာ အဖြစ် မယူဆကြသူများ လည်း ဖြစ်ကြသည်။

 

နောက်ထပ် အကြောင်းတခုက ရာဇဝတ်မှု အပိုင်း ပင် ဖြစ်သည်။ လက်ရှိ ဖြစ်ပွားနေသော ပြည်တွင်းစစ်ပွဲတိုင်း လိုလိုသည် အကျင့်ပျက် ခြစားသော နိုင်ငံများတွင်သာ ဖြစ်ပွားလေ့ ရှိသည်၊ အလျင်အမြန် ချမ်းသာကြွယ်ဝနိုင်မည့် နည်းသည် အာဏာရရှိရေးပင် ဖြစ်သည်။ ထို့အတွက် မသမာသူ များ အဖို့ သတ်ရန် ဖြတ်ရန်လည်း ဝန်မလေးကြတော့။ ဆူဒန် ရှိ လက်ရှိ ပဋိပက္ခတွင် ခေါင်းဆောင် အဖြစ် ပါဝင်နေသော ဗိုလ်ချုပ်ကြီးတဦး သည် ရွှေ နှင့် ကြေးစားစစ်သားများ ငှားရမ်းခြင်းဖြင့် အဆမတန် ချမ်းသာနေပြီး၊ သူ၏ ရန်သူတော် ဗိုလ်ချုပ်ကြီးသည် စီးပွားရေး အင်ပိုင်ယာကြီး ပိုင်ဆိုင်ထားပြီး ဖြစ်သည်။

 

ရာဇဝတ်ဂိုဏ်းများ အချင်းချင်း တကမ္ဘာလုံး ကွန်ယက် သဖွယ် ရှိနေခြင်းကြောင့်လည်း သူပုန် အဖွဲ့များ အနေဖြင့် မူးယစ်ဆေး များ နှင့် လုယက်၍ ရလာသော စိန် များကို အလွယ်တကူ ထုခွဲနိုင်ကြပြန်သည်။

 

တကယ်တမ်း စိုးရိမ်စရာ အကောင်းဆုံး အချက်သည်က ကမ္ဘာရာသီဥတု ပြောင်းလဲလာမှုပင် ဖြစ်သည်၊ သို့သော် ယင်းကြောင့် စစ်ပွဲ ဖြစ်လာစေခြင်း မဟုတ်သော်လည်း နောက်ပိုင်း တွင် ဖြစ်လာနိုင်စရာ ရှိနေသည်။ 

 

လယ်သမားများသည် မိုးခေါင်ရေရှားမှု၊ ရေလွှမ်းမိုးမှု များ ကြောင့် ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့လာကြရင်း ၎င်းတို့ နှင့် လူမျိုးခြင်းမတူသူများ နေထိုင်ရာ ဒေသများသို့ ဝင်ရောက်လာကြသည်။ ဥပမာ အားဖြင့် မာလီနိုင်ငံ ထဲတွင် ပဋိပက္ခ ၇၀ နီးပါး ဖြစ်ပွားခဲ့ရာ အဓိကအားဖြင့် မြေယာ နှင့် တိရိစ္ဆာန် စားကျက်များ အငြင်းပွားရာမှ ဖြစ်ပွားခဲ့ခြင်းဟု NGO များက ထောက်ပြခဲ့ကြသည်။

 

ဆာဟာရ သဲကန္တာရ အောက်ပိုင်းရှိ ဆာဟဲလ် ဒေသတွင် အလွန် အမင်း ပူပြင်းခြောက်သွေ့လာခြင်းကြောင့် အစဉ်အလာ အသက်မွေး ဝမ်းကြောင်း အလုပ်များ အကြီးအကျယ် ထိခိုက်လာနေသဖြင့် ဂျီဟတ်ဝါဒီ များ အတွက် လူသစ် စုဆောင်းဖို့ ပိုမို လွယ်ကူလာခဲ့သည်။

 

ပြည်တွင်းစစ်များသည် ယခုအခါ ပူပြင်းသော ဆင်းရဲသည့် နိုင်ငံများတွင် စုပြုံ ဖြစ်ပွားနေသော်လည်း နောက်ပိုင်းတွင် ရာသီဥတု ဆိုးဝါးလာသည် နှင့် အမျှ အီကွေတာ ရပ်ဝန်း‌ဒေသများသို့ပါ ပျံ့နှံ့လာနိုင်ပေသည်။

 

နောက်ထပ် တပူပေါ် နှစ်ပူဆင့် ဖြစ်လာရသည်က ထင်တိုင်းကြဲခွင့် ရလာနေခြင်းပင် ဖြစ်သည်။

 

ရုရှားသည် ၎င်း၏ အကျဉ်းသားများကို ခေါင်းဖြတ်သတ်နေခြင်း၊ တရုတ်သည်လည်း ရှင်ကျန်းဒေသတွင် လူသားများ အပေါ် ရာဇဝတ်မှုများ ကျုးလွန်ခွင့် ရနေခြင်းများကို ကြည့်၍ မိမိတို့လည်း နိုင်ငံတကာ ဥပဒေများကို အဘယ်ကြောင့် လိုက်နာဖို့ လိုပေမည်နည်းဟူသော အတွေးများ ဝင်လာနိုင်ပေသည်။ ယခုလည်း ထိုသို့ ဖောက်ဖျက်နေမှုများက ဘူကီနာ ဖာဆို မှသည် ဆီရီယားရှိ နရသိန် အကျဉ်းထောင် မြေအောက်ခန်းများ အထိပါ ကူးစက်လာနေသည်။

 

အမေရိကားသည် အင်အားကြီး နိုင်ငံများ နှင့် ယှဉ်ပြိုင်နေရ၍ အာရုံ များနေပြီး ကုလသည်လည်း မော်စကို နှင့် ဘီဂျင်းတို့၏ ဗီတိုအာဏာများဖြင့် ခြေရော လက်ရော အတုပ်နှောင် ခံထားရသည်။

 

(မိမိအမြင်ရ ပြောရလျှင် ထိုသို့သော နိုင်ငံများက multipolar world order ဆိုကာ ကမ္ဘာကြီးကို ဦးဆောင်ရန် လုပ်နေ၍ အောင်မြင်သွားပါက မတွေးဝံ့စရာပင် ဖြစ်သည်။)

 

ယူကရိန်းကို ကာကွယ်ရန် ‌ဆိုကာ အရင်းအမြစ်များ ပုံအော ထောက်ပံ့ထားသလို မျိုး တော့ ဆူဒန် ပြဿနာ ဖြေရှင်းရန် အတွက် နည်းလမ်း ရှာနိုင်ခဲ့သည် ဆိုလျှင်ပင် ထိုသို့ မည်သည့် အခါမျှ ရောက်လာလိမ့်မည် မဟုတ်။

 

ထိုကဲ့သို့ အထိမခံ ရွှေပန်းကန် လို ဖြစ်နေသော နိုင်ငံများတွင် ငြိမ်းချမ်းရေး တည်မြဲဖို့ ဆိုသည်က အကျင့်ပျက် ခြစားမှု ကင်းသော အင်စတီကျုးရှင်းများ တည်ဆောက်နိုင်မှ သာ ဖြစ်လာနိုင်စရာ ရှိပေသည်။

 

(၂၀၂၃ ဧပြီ ၁၉ ရက်နေ့ထုတ် အီကောနော်မစ် မဂ္ဂဇင်း၏ အယ်ဒီတာ အာဘော် အခန်းတွင် ပါရှိသည့် The curse of civil war. ကို ပြန်လည် တင်ပြသည်)