အာဆီယံ.. ရပ်နိုင်ပေ့၊ ရပ်နိုင်ပေ့

by Hla Soewai - May 04 2023

ဧပြီ လ ၂၄ ရက်သည် အာဆီယံ ခေါင်းဆောင်များ တွေ့ဆုံကာ မြန်မာ တွင် စစ်အာဏာသိမ်းမှု ကြောင့် ဖြစ်ပေါ်လာသော နိုင်ငံရေး အကျပ်အတည်း ကို အချက် ငါးချက် ဖြင့် ဖြေရှင်းသွားမည်ဟု ဝံ့ဝံ့ကြွားကြွား ကျေညာခဲ့ကြသည်မှာ နှစ်နှစ်တင်း တင်း ပင် ပြည့်သွားခဲ့ပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်သည်လည်း ဖိတ်ကြားခံရ၍ (ရုရှားမှ အပ) ပြည်ပ သို့ ပထမဆုံး နှင့် နောက်ဆုံးအကြိမ်လည်း ဖြစ်ဖို့များကာ ခရီးထွက်ခွင့်ရခဲ့သည့် နှစ်ပတ်လည် နေ့လည်း ဖြစ်သည်။

 

ယင်းနှင့်အတူ အာဆီယံ ၏ ခေါင်းဆောင်မှုသည် ဘရူးနိုင်းမှ ကမ္ဘောဒီယား၊ တဖန် အင်ဒိုနီရှား လက်ဝယ်သို့ သုံးကြိမ်တိုင် လွှဲပြောင်းခဲ့ပြီးလည်း ဖြစ်သည်။

 

 ကုလသမဂ္ဂ ရှိ မင်းပရိသတ် အလယ်တွင် ချပြခဲ့သော အချက် ငါးချက် သည် နှစ်နှစ် ကြာလာသည့် တိုင် တချက်တလေမျှ ပင် အကောင်အထည် ဖေါ်နိုင်ခြင်း မရှိခဲ့သည့်အပြင် ထိုသို့ အကောင်အထည် မဖေါ် နိုင်၍လည်း အခြေအနေ အချိန်အခါ နှင့် အညီ ပြောင်းလဲမည်ဟုလည်း တခါဖူးမျှ စိတ်မကူးပေ။ တခါလာလည်း အချက် ငါးချက် ဆိုသည်ကိုသာ ကြက်တူရွေးလို နှုတ်တိုက် ရွတ်နေကြသည်။

 

ဤသည်ကို ကြည့်လျှင် မင်းအောင်လှိုင် အနေဖြင့် မျက်နှာပြောင်တိုက် အရှက်မရှိ နေရဲ ပြောရဲသည်မှာ အဘယ်သို့များ ထူးဆန်းပေမည်နည်း။ အာဆီယံ နိုင်ငံများမှ ခေါင်းဆောင်ဆိုသူများလည်း သူနှင့် နင်လားငါလား ပင် မဟုတ်ပါလော။

 

အာဆီယံသည် မြန်မာ အရေးကို ၁၉၈၈ ကတည်းက တောက်လျှောက် ကိုင်တွယ်လာခဲ့ပြီး ဖြစ်၍ မြန်မာ စစ်ဗိုလ်ချုပ်များ၏ စိတ် အခြေအနေကို ကောင်းစွာ အကဲခတ် နိုင်သည့် အတွေ့အကြုံများလည်း ရရှိထားပြီး ဖြစ်သည်။

 

ဤသို့ ဖြစ်နေသည်ကို မည်သို့မျှ နားမလည် နိုင်အောင် ဖြစ်နေရသည်။ အင်ဒိုနီရှားသည် Quiet or Silent or Backroom Diplomacy ဆိုကာ ဘာလုပ်လို့ လုပ်နေမှန်း လည်း မသိ၊ မအောင်မြင်ဖို့က ၉၉ ရာနှုန်းလောက် ကြိမ်းသေနေသည်။

 

အကယ်၍သာ အင်ဒိုနီရှားသည် မြန်မာအရေး ကို မယ်မယ်ရရ မဖြေရှင်းနိုင်ခဲ့လျှင် ဥက္ကဌ ရာထူးသည် တရုတ် ဩဇာခံ တပိုင်း ဖြစ်သည့် လာအို လက်ထဲ ရောက်သွားခြင်းအတူ အာဆီယံ၏ ကြိုးပမ်းမှု မှန်သမျှ သည် နိဌိ တံ သွားရပေတော့မည်ဟု ဂျပန် အွန်လိုင်း ဂျာနယ် ဖြစ်သည့် The Diplomat မှ သတိပေးလာခဲ့လေပြီ။

 

အင်ဒိုနီရှား သည် ထိုအရေးကို ကာကွယ်ရန် အချိန် အားဖြင့် ၈ လ သာ ကျန်တော့သည်။ ပြတ်သားသည့် မူတခု ချမှတ်ပေးထားမှသာ လာအိုသည် နောက်ကြောင်း ပြန်မလှည့်နိုင်မည် ဖြစ်သည်။ အာဆီယံ နိုင်ငံများထဲတွင် ထိုင်း၊ လာအို၊ ဗီယက်နမ် တိူ့သည် မြန်မာ အရေးကို ၎င်းတို့နှင့် လားလားမျှ မဆိုင်ဟု သတ်မှတ်ထားသူများ ဖြစ်သည်။ ဥက္ကဌ ဖြစ်လာမည့် လာအိုသည် တပါတီ ကွန်မြူနစ် နိုင်ငံ ဖြစ်သဖြင့် မဲခေါင် မြစ် ကိစ္စမှ လွဲ၍ မြန်မာပြည် ဒီမိုကရေစီ ရရှိရေး အား အဘယ်သို့များ ဦးဆောင်ဦးရွက် ပြုပေမည်နည်း။ လာအို နိုင်ငံခြားရေး ဝန်ကြီးသည် အလိုအလျောက် မြန်မာ အရေး အာဆီယံ အထူး သံတမန် ဖြစ်လာပေဦးမည်။

 

လာအို ဝန်ကြီးချုပ် သည် ဧပြီ ၇ ရက်နေ့က ပရာရွတ်၊ မင်းအောင်လှိုင် တို့နှင့် သုံးပွင့်ဆိုင် ဆွေးနွေးခဲ့ပြီး ဖြစ်သည်။ တရုတ်၏ စီးပွားရေး ဖေါက်သည်ကြီးလည်း ဖြစ်သည့်အပြင် ရုရှားနှင့်လည်း အစဉ်ပြေ၍ မြန်မာ နှင့် တွဲဖက်ညီလာဦးမည် ဖြစ်သည်။ အနောက်တိုင်း နိုင်ငံများနှင့် ဖာသိဖာသာ နေသော နိုင်ငံ ဖြစ်၍ အနောက်အုပ်စု အနေဖြင့် မည်သို့မျှ တွန်းတွန်းတိုက်တိုက် လုပ်၍ ရတော့မည် မဟုတ်၊ မင်းအောင်လှိုင်၏ ရွေးကောက်ပွဲ အား လက်ခံရန် အဆင်သင့် ဖြစ်နေပေဦးမည်။

 

လာအိုသည် ထိုအရေးကို ၎င်းသဘောတခုတည်း နှင့် လုပ်၍ မရသော်လည်း အာဆီယံ၏ ကြိုးပမ်းမှုများ အတွက် အနှောက်အယှက် ဖြစ်လာမည်ကား အမှန်ပင် ဖြစ်သည်။ အာဆီယံ အနေဖြင့် ဥက္ကဌ ရာထူးကို မလေးရှား လက်ထဲ ၂၀၂၅ တွင် ပြန်ရောက်အောင် စောင့်မည်ဆိုလျှင် အရာရာ လက်လွန်သွားတော့မည် ဖြစ်သည်။

 

အိန္ဒိယသည်လည်း အာဆီယံ၏ နှေးကွေးနေမှု ကို အားမလို အားမရ ဖြစ်ကာ မြန်မာ အရေး ဖြေရှင်းရန် “Track 1.5 Meeting” ဟု အမည်ပေးကာ ကမ္ဘောဒီယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ် နှင့် အင်ဒိုနီရှား၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် နှင့် စစ်တပ်မှ အလယ်အလတ် အဆင့် အရာရှိများ ဖိတ်ခေါ်၍ ဆွေးနွေးနေသည်ဟု သိရသည်။ ထိုင်းကစခဲ့သော အဆိုပါ 1.5 Meeting သည် ပြဿနာ ဖြေရှင်းရေး တွင် အာဆီယံ အပေါ် အယုံအကြည် မရှိကြောင်း သွယ်ဝိုက် ပြဆိုလိုက်ခြင်းပင် ဖြစ်သည်။ ၎င်းတို့မှ အမျိုးသား ညီညွတ်ရေး အစိုးရ အားလည်း ဖိတ်ခေါ်ရန် စိတ်ဝင်စားနေကြောင်း ပြောသည်ဟု သတင်းများက ဆိုသည်။

 

တကယ်တမ်း တွင် ထိုနိုင်ငံများသည် မြန်မာ အရေးကို ဖြေရှင်းရန်ထက် ၎င်းတို့ ရင်းနှီးမြုပ်နှံ နိုင်ရေး အတွက် အတန်အသင့် ပုံမှန် ပြန်ဖြစ်လာရေးကို ဦးတည်နေခြင်းသာ ဖြစ်၍ အကျိုးတူ လာရောက်စုဝေးကြခြင်းသာ ဖြစ်သည်။ 

 

အာဆီယံ အား အကောင်းဆုံး အကြံပေးသင့်သည်မှာ အဖွဲ့၏ ပြည်တွင်းရေး ဝင်မစွက်ဟုသော မူ ကို အကြောင်းပြ၍ မြန်မာအရေး ဖြေရှင်းရန် တာဝန်ကို အနောက်အုပ်စု နှင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ အလျင် အမြန် လွှဲပြောင်းပေးရန် ပင် ဖြစ်ပေတော့သည်။

 

မြန်မာ ပြည်သူများ ကတော့ မိမိတို့ ကျေနပ်မှု ရှိအောင် အာဆီယံ သာမက မည်သူ တဦးတယောက်က မှ ဖြေရှင်းနိုင်လိမ့်မည်ဟု မယုံကြည်ကြတော့ပေ။

 

ကုလ အတွင်းရေးမှုး ချုပ် ဟောင်း ဘန်ကီမွန်း မှ မင်းအောင်လှိုင် အား လူလို သိတတ်မည် အထင်ဖြင့် ရောက်လာကာ နားချခဲ့သော်လည်း ၎င်း ပြန်သွားပြီး ၂၄ နာရီ မပြည့်သေးခင်မှာပင် ရှမ်းပြည်နယ် ဖယ်ခုံ မြို့နယ် အတွင်းရှိ ဆောင်းဖွေး ကျေးရွာ ဆေးရုံအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြပြန်သည်။ လူနာတဦး သေဆုံးပြီး ဆရာဝန်တဦး၊ ဆရာမ တဦး အပါအဝင် ငါးဦး ဒဏ်ရာရရှိသွားသည်ဟု သိရသည်။

 

ယာယီ သမ္မတကြီး ဒူဝါး လရှီးလ မှ ဘန်ကီမွန်း၏ ခရီးစဉ်သည် “သွေးစွန်းနေသော လူရမ်းကား တဦးအား ကမ္ဘာစင်မြင့်ပေါ် ပွဲထုတ်မှု” ဖြစ်၍ ကျင့်ဝတ် နှင့် မညီ ဆိုကာ မင်းအောင်လှိုင် နှင့် တွေ့ဆုံခဲ့သည့် နေ့တွင် ပြုလုပ်သော အစိုးရ အစည်းအဝေးတွင် ပြစ်တင်ရှုတ်ချခဲ့သည်။

 

နိုင်ငံတကာ အသိုက်အဝန်းသည် ထိုသို့သော လူရမ်းကားများကို အပြစ်ပေး ဖယ်ကျဉ်ရမည့် အစား “ချော့မြူ သိမ်းသွင်းနေသော လုပ်ရပ်များ” ကို အစဉ်တစိုက် ပြုလုပ်လာခဲ့၍သာ ယခုလို နှစ်ပေါင်းများစွာ ရှင်သန် နိုင်ခဲ့ကြခြင်း ဖြစ်သည်ဟု မှတ်ချက်ချသွားခဲ့သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

 

Credit – Cartoon Movement