လာမည့်ဘေး ပြေးတွေ့ဖို့ ဆုံးဖြတ်ပြီလော

by Hla Soewai - May 04 2023

ကမ္ဘာ အမြင်တွင် မြန်မာ ပြည်သည် အစဉ်တဆက် စစ်ယူနီဖောင်းဝတ်များ အုပ်ချုပ်သည့် အာဏာရှင် နိုင်ငံ အဖြစ် သဘောထားခဲ့ကြသည်။ သမ္မတ ဦးသိန်းစိန် လက်ထက် တွင် ကမ္ဘာအလယ်သို့ ပြန်ထွက်လာပြီး နောက်ကြောင်း ပြန်မသွားဟုသော ကတိမျိုး နှင့် အမေရိကန်၊ အနောက်နိုင်ငံများ နှင့် ဆက်ဆံရေး ပြန်လည် ထူထောင်လာခဲ့သည်။ ထို့အတွက် နောက်ဆုံး အကြိမ် အာဏာသိမ်း မှု ကိုတော့ လက်မခံနိုင်ကြတော့၊

 

ယင်းနှင့် အတူ ပြည်သူများလည်း ဒီမိုက‌ရေစီ အခွင့်အရေး များ ပြန်လည် ခံစားလာရသည်၊ စီးပွားရေးသည်လည်း ဦးမော့လာကာ လူလူသူသူ နေထိုင်နိုင်ခွင့် များ ရရှိလာသည်။

 

သို့သော် ထိုအနေအထားကို စစ်ခေါင်းဆောင် ဖြစ်လာသော မင်းအောင်လှိုင်က တရက်တည်း နှင့် ရိုက်ချိုး ပစ်လိုက်သည်၊ ထိုသို့ ရိုက်ချိုး ပစ်ခဲ့ခြင်း နှင့် အတူ တိုင်းပြည်သည်လည်း စီးပွားရေး အလျင်အမြန် တိုးတက်နေသော အရှေ့အာရှ နှင့် အရှေ့တောင် အာရှ နိုင်ငံများ အကြားတွင် အာဖရိက တိုက်ရှိ နိုင်ငံ တနိုင်ငံ အဖြစ် ပြောင်းလဲပစ်လိုက်ပြီး လူထု အားလည်း bush people သာသာ ရောက်သွားစေခဲ့သည်။

 

ထိုအရေးကို ဖာသိဖာသာ နေလာကြသော်လည်း ပဇီကြီး ကျေးရွာ အား လေကြောင်းမှ တိုက်ခိုက်ပြီး အရပ်သား အများ အပြား သေကြေ သွားခဲ့ရသည့် ရက်စက်ကြမ်းကြုပ်မှု ကြီး ကျုးလွန်လာသည့် အခါတွင်တော့ အချိန်တန်လျှင် ပြီးသွားမှာပဲ ဟု ယူဆနေကြသော နိုင်ငံတကာ အသိုက်အဝန်း အဖို့ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်လာခဲ့ရသည်။

 

ယင်း နှင့် အတူ စစ်အာဏာသိမ်း အဖွဲ့ ထံ သံတမန်ရေးအရ ဖြေရှင်းနိုင်ရန် လူ ပေါင်းစုံ ရောက်လာကြသည်။ ရောက်လာသူ မှန်သမျှ သည်လည်း ပြဿနာကို ဖြေရှင်း နိုင်ရေးထက် အကြမ်းဖက်မှု များ ရပ်ဆိုင်းရန်၊ ၎င်းတို့နှင့် စီးပွားရေး ဆက်ဆံလိုသူများကလည်း အနည်းဆုံး လျော့ချရန် ပြောဆို တိုက်တွန်းလာကြသည်။

 

ဤသို့ဖြင့် မင်းအောင်လှိုင် အဖို့ ကျဉ်းထဲကြပ်ထဲ ရောက်လာရသည်၊ ထိုသို့ တောင်းဆိုနေမှုများကို အနည်းဆုံး ဟန်ပြ အယောင်ဆောင် လိုက်လျော ဖို့ လိုအပ်နေပြီ ဆိုသည်ကို မသိပဲ နေမည် မဟုတ်၊ သို့သော် သူ့တွင် ထိုသို့ လုပ်ဖို့ အခြေအနေ မပေးတော့၊ ၎င်းဖက်က အကျအဆုံး များလာသည် နှင့်အမျှ ပြည်သူ့ ကာကွယ်‌ရေး တပ်ဖွဲ့များ ပိုမို အားကောင်းလာပြီး ဒရုန်းများပင် တွင်တွင် ကျယ်ကျယ် သုံးလာနေကြသည်။

 

ထိုသို့သော အနေအထား တွင် မင်းအောင်လှိုင်သည် ၎င်း၏ အကြမ်းဖက်မှုများကို အနည်းဆုံး လျော့ချ ပစ်မည် ဆိုလျှင် မည်သို့မျှ ဆက်၍ ရပ်တည်နိုင်စွမ်း ရှိမည် မဟုတ်တော့၊ လက်ရှိ အကြမ်းဖက်မှုများ တိုးမြှင်လာရခြင်းသည်ကပင် ၎င်းတို့၏ အားနည်းလာနေသည့် အဖြစ်ကို မမြင်ချင်မှ အဆုံး သိသာ ထင်ရှားနေသည်ကို သဘောပေါက် ရမည် ဖြစ်သည်။ မင်းအောင်လှိုင်၏ လက်ရှိ လုပ်ရပ်များအား ငါတို့ အဘကွ ဟု အားပေးနေသူများ သိထားရမည်က ကြောက်ကန် ကန်နေခြင်းသာ ဖြစ်သည် ဆိုသည်ကိုပင်။ ယခုလည်း ဂျပန်က ရခိုင်ပြည်သူများ အတွက် လှုဒန်းထားသည့် ခရီးသည်တင် သင်္ဘော များကိုပင် စစ်သားများ နှင့် လက်နက်များ သယ်ဆောင်ရန် ချသုံးလာနေရသည်၊ ထိုအရေးကို ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ သတင်းစာ ရှင်းလင်းပွဲ ခေါ်ယူပြီး လူသိရှင်ကြား ရှုတ်ချလာခဲ့ရသည့် အထိ အရှက်တကွဲ ဖြစ်ခဲ့ရပြန်သည်။

 

မင်းအောင်လှိုင်သည် အောက်လက်ငယ်သား များ အားရှိအောင် လုပ်ဖို့လည်း လိုနေသည်၊ စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းကို လိုက်မည်ဆိုက သူကို နဂိုကတည်းက ကြောင်ချီး ဟု ခေါ်နေကြ၍ အားပျော့ တွေဝေသည့် ခေါင်းဆောင်ဆိုက ညတွင်းချင်းပင် ဖယ်ရှားခံရတော့မည်။ ဤသို့ဖြင့် မင်းအောင်လှိုင်သည် တဖြေးဖြေး ရှိရင်းစွဲ နိုင်ငံတကာ မှ မျက်စိမှိတ် ထောက်ခံနေသူများပင် တဖြေးဖြေး ဆုံးရှုံးလိုက်လာပြီး တကယ့်ကို ဘေးကျပ်နံကျပ် ဖြစ်လာနေသည့် အချိန်ဟု ဆိုရမည် ဖြစ်သည်။ 

 

နောက်ဆုံး အရင်က အတန်တန် ငြင်းထားသည့် ဘန်ကီမွန်းကိုပင် ပင့်ဖိတ်လာခဲ့ရသည်၊ ထိုသို့ ပင့်ဖိတ်လာခြင်းသည် ဘန်ကီမွန်း ပြောသည်ကို နားထောင်ဖို့ မဟုတ်၊ သူ ရှင်းပြသည်များကို နားထောင်ပေးရန် သက်သက်သာ ဖြစ်သည်၊ သို့သော် ဘန်ကီမွန်း၏ ကျေညာချက်ကြောင့် အရှက်ဗြန်းဗြန်း ကွဲသွားခဲ့ရပြန်သည်။

 

ဟစ်တလာသည် စတာလင်ဂရက် တိုက်ပွဲကြီး အရေးနိမ့်ကာ ရုရှား စစ်မျက်နှာ တွင် ခွက်ခွက်လန် နောက်ဆုပ်လာရကတည်းက ဂျာမန် စစ်အရာရှိကြီးများသည် မည်သို့မျှ စစ်ပွဲ ကို အနိုင်ရတော့မည် မဟုတ် ဆိုသည်ကို ကောင်းစွာ သဘောပေါက် လာကြ၍ ၎င်းတို့အတွက် ထွက်ပေါက် ကို သာမက နောက်ထပ် အပြစ်မဲ့သူ များ အလဟဟ အသက်ဆုံးရှုံးနေရသည့် အရေးကို ကာကွယ်ရန် မဟာမိတ်များ နှင့် အပေးအယူ လုပ်ဖို့ စဉ်းစားလာကြသည်၊ ထိုအရေးကို လုံးဝ သဘောမတူသော ဟစ်တလာကိုပင် လုပ်ကြံ သတ်ဖြတ်ရန် အထိ ကြံစည်ခဲ့ကြသည်။

 

လာမည့်ဘေး ပြေးတွေ့ ဆိုသလို ၎င်းတို့အဖို့ မိမိတို့၏ အိမ်တံခါးကို ပြည်သူ ကာကွယ်ရေး တပ်ဖွဲ့များ တံခါးလာခေါက်သည် အထိ စောင့်နေမည်လား၊ သို့မဟုတ်ကလည်း ကံကောင်း ထောက်မ၍ ကုလ ၏ ကြားဝင်ပေးမှု ဖြင့် လွတ်ရာကျွတ်ရာသို့ ပြေးနိုင်ရန် လူသားချင်း စာနာထောက်ထားသည့် စင်္ကြန်လမ်း Humanitarian corridor အတိုင်း ဆုတ်ခွာကြမည်လော၊ ဆုတ်ခွာမည် ဆိုကလည်း တရုတ်ပြည် သာ သွားဖို့ ရှိနေပေသည်။

 

မျက်စိထဲတွင်တော့ ဒုတိယ ကမ္ဘာစစ်ကြီး အတွင်း ဂျပန်တပ်များ နိုင်ငံထဲ ဝင်ရောက်လာချိန်တွင် ဗြိတိသျှ တပ်များ နှင့် မြန်မာ အလိုတော်ရိ များ အိန္ဒိယ အရှေ့မြောက် သို့ ကုန်းကြောင်းမှ ဆုတ်ခွာ သွားရပြီး လမ်းတွင် ဒုက္ခ ပင်လယ် ဝေခဲ့ကြရပုံများကို မြင်ယောင်နေမိတော့သည်။ 

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!