ပေါ့လျော့ မဆက်ဆံမိအောင် သတိထားရမည်

by Hla Soewai - May 04 2023

(၁)

 

အာဏာရှင် များကတော့ သူတို့ အလုပ် သူတို့ လုပ်နေကြဆဲပင် ဖြစ်သည်၊ လက်သစ်လေးများကိုလည်း လှိုက်လှိုက်လှဲလှဲ အကူအညီပေးကြသည်။ လက်တွဲ ခေါ်ကြသည်။ စီးပွားရေး လုပ်ငန်းများလည်း အဆင်ပြေ ချော့မွေလာသည်။

 

ယခုအခါ ရုရှားသည် မင်းအောင်လှိုင် အတင်းကပ်နေသည့် အတွက် စိတ်ဝင်စားဟန် ပြုနေသော်လည်း ယခုအခါ ၎င်း၏ အကျိုးစီးပွားကို အခိုင်အမာ တည်ဆောက်လာပြီ ဖြစ်သည်။ ဗြိတိန် အခြေစိုက် Energy Intelligence စွမ်းအင်ပိုင်း စောင့်ကြည်‌ရေး အဖွဲ့ မှ ရုရှားသည် ဖေဖေါ်ဝါရီ လ မှ စ၍ ရေနံ စည် ပေပါ ၁၀၀,၀၀၀ အား လက်ရှိ ပိုက်လိုင်း ကို အသုံးပြုပြီး တရုတ်ပြည်အား တင်ပို့နေသည် ဆိုသော သတင်း ထုတ်ပြန်ချက် ကို ကိုးကားပြီး ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

 

ရုရှားသည် ရေနံစိမ်း များကို မဒေး ကျွန်း ရှိ ကျောက်ဖြူ ရေနံ ဆိပ်ကမ်း တွင် ချ၍ တရုတ်ပြည်သို့ တင်ပို့ နေသည်ဟု ဆိုသည်။ အခါအားလျှော်စွာ ရုရှား ပေးသည့် ရေနံ များကိုလည်း လက်ခံရရှိနေပြီး မည်သို့ ငွေပေးချေနေသည် ဆိုသည်အား မသဲကွဲလှ ဟု သိရသည်။

 

ထိုသို့ အာဏာရှင် အချင်းချင်း ကျောသပ်ရင်သပ် လုပ်ကာ လက်နက်များ တပ်ဆင်ပေးပြီး လက်တွဲ ခေါ်နေကြချိန် တွင် ပြည်သူတို့၏ ဒီမိုကရေစီ အခွင့်အရေး များ တစစီ မကျန်အောင် နင်းချေ ဖျက်ဆီး ခံနေရမှုမှ ရုန်းထွက်နိုင်ရန် အကျောက်အကန် ရုန်းကန်နေကြရသော မြန်မာ ဒီမိုကရေစီ အင်အားစု များ လူမဆန်အောင် နှိပ်ကွပ် ခံနေရသည့် အဖြစ်ကို ဒီမိုကရေစီ၊ လူ့အခွင့်အရေး များ ကို ရှေ့တန်းတင်နေကြသော နိုင်ငံကြီးများက အင်းမလှုပ် အဲမလှုပ် ဖြစ်နေကြဆဲပင်။

 

ဤသည်ကို အခွင့်ကောင်းယူကာ ရုရှားသည် ယခင်က လက်နက်‌ရောင်းချခြင်း၊ စစ်ဗိုလ်များကို ခေါ်ယူ လေ့ကျင့်ပေးသည့် အဆင့်မှ ယခုအခါ မြန်မာ အား ၎င်းတို့ အကျိုးစီးပွား ဖြစ်ထွန်းရာ နိုင်ငံ အဖြစ် စတင် စိတ်ကူးလာနေပြီ ဖြစ်သည်။ ဤသည်ကပင် ၎င်းတို့ အား နိုင်ငံတကာ က ပေယျလကန် ပြုထား၍ မဖြစ်အောင် လက်ယပ်‌ခေါ်နေသလို ဖြစ်လာနေသည်။

 

ဖရန်စစ် ဖူကူယာမားသည် ဘာလင်တံတိုင်းကြီး ပြိုလဲကာနီး လပိုင်းအလိုတွင် သမိုင်း၏ နိဂုံး “The End of History” ဆိုသည့် ဆောင်းပါးတစောင် ရေးသားလာခဲ့သည်၊ စစ်ပွဲကြီးများ တော်လှန်ပုန်ကန်မှု များ အဆုံးသတ်သွားပြီး ဂျာမန်တွေးခေါ် ပညာရှင် ဖက်ဒရစ် ဟီဂဲလ်၏ အမှန်တရားက အဆုံးသတ်တွင် အောင်ပွဲခံခဲ့ပြီ ဆိုသည် ကို လက်ခံလာကြသည်။ အနောက်အုပ်စုသည် ၎င်းတို့၏ လစ်ဘရယ် ဒီမိုကရေစီ ဖြင့် ကမ္ဘာကြီးကို ပုံသွင်းဖို့သာ ကျန်တော့သည်ဟု ယုံကြည်လာကြသည်။

 

တရုတ်သည်လည်း စီးပွားရေး တိုးတက်လာပါက မိမိတို့ အုပ်စုဝင် ဖြစ်လာမည်၊ ထိုသို့ ဖြစ်မလာလျှင်လည်း ချမ်းသာကြွယ်ဝလာသော လူလတ်တန်းစား များ က ၎င်းတို့၏ အခွင့်အရေး များ အား တောင်းဆိုလာကြမည်သာ ဖြစ်သည်ဟု ယုံကြည်ကာ ပေါ့ပေ့ါဆဆ နေခဲ့ကြသည်၊ ကမ္ဘာ ကုန်သွယ်ရေး အဖွဲ့ချုပ်ကြီး အတွင်း သွတ်သွင်းခဲ့ပြီး နေရာပေး ဆက်ဆံလာကြသည်။

 

သို့သော် တရုတ်သည် ၎င်းတို့ ထင်သလို နည်းနည်းမျှပင် ဖြစ်မလာတော့မှသာ မျက်ကလူး ဆန်ပြာနှင့် ကုန်သွယ်ရေး စစ်ပွဲကြီး ဆင်နွှဲလာခဲ့ရသည်။ သို့သော် အရာအားလုံးက လက်လွန်သွားပြီ ဖြစ်သည်၊ တရုတ် သည် ကမ္ဘာခေါင်းဆောင် နေရာကို မျှော်မှန်းလာပြီး အ‌မေရိကန် တို့ ဦးဆောင်နေသော နိုင်ငံတကာ အခင်းအကျင်းကို ရိုက်ချိုး ချေဖျက်နိုင်ရန် ကမ္ဘာလုံး ဆိုင်ရာ လုံခြုံရေး အစီအမံ များ ကိုပင် ချပြလာသည်။ စစ်အာဏာသိမ်း အဖွဲ့သည်လည်း ၎င်းတို့ ၏ ညံ့ဖျင်းလှသည့် အဖြစ်ကို မည်သို့မျှ ဖုံးဖိမထားနိုင်အောင် ဖြစ်လာနေ၍ တိုင်းတပါး အာဏာရှင်တို့၏ အလိုကျ အသုံးတော်ခံခြင်းသည်သာ အကောင်းဆုံး ဖြစ်သည်ဟု ရွေးချယ်လာကြခြင်းလည်း ဖြစ်သည်၊ လျှော်ကန် သင့်မြတ်လှပါသည်ဟု မျက်စိမှိတ် ထောက်ခံနေကြရသည်။

 

ထိုသို့ တရုတ်ပြည်မှ ချပြခဲ့သော Global Security Initiative သည် တနိုင်ငံ နှင့် တနိုင်ငံ မကျုးကျော် ပဲ မိမိတို့ နိုင်ငံတွင်း မိမိတို့ စိတ်ကြိုက်လုပ်ခွင့် ရရေး မျိုး သာ ဖြစ်သည်။ 

 

စစ်အာဏာရှင်များသည် ထိုအတိုင်းပဲ တရုတ်တို့ ခေါင်းဆောင်မှု နေရာကို တက်လှမ်းလာတော့မည် ကုလ သမဂ္ဂ တွင် လည်း တရုတ်တို့ လွှမ်းမိုးနိုင်တော့မည် ဟု ယုံကြည်နေကြသည်။

 

(၂)

 

ပဇီကြီး ကျေးရွာ ဖြစ်ရပ်ကိုသာမက ထပ်၍ ပင် ဖယ်ခုံ မြို့နယ် ဆောင်းဖွေး ကျေးရွာ ဆေးပေးခန်းအား ရည်ရွယ်ချက် ရှိရှိ ဗုံး ဆယ်လုံး ခန့် ကြဲချ တိုက်ခိုက်ခဲ့ပြီး ဂျီနီဗာ ကွန်ဗင်းရှင်း ကိုသာမက နိုင်ငံတကာ ဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည်များကို ကုလ နှင့် နိုင်ငံတကာ က မျက်နှာလွှဲ ခဲပြစ် လုပ်နေကြသည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ ကျန်းမာရေး ဝန်ကြီးဌာနမှ ကျေညာချက် ထုတ်ပြန်လာခဲ့သည်။

 

ထိုသို့ တိုက်ခိုက်မှု မျိုးသည် ပထမအကြိမ် မဟုတ်ပဲ အာဏာသိမ်းပြီးချိန်မှစ၍ ဆေးရုံ ဆေးပေးခန်းများအား စုစုပေါင်း ၁၈၈ ကြိမ် ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ခြင်းကြောင့် ၈၃၆ ဦး ဖမ်းဆီး ခံခဲ့ရပြီး ကျန်းမာရေး ဝန်ထမ်း ၇၆ ဦး အသက်ဆုံးရှုံးခဲ့ကြရသည်ဟု ဆိုသည်။

 

မြန်မာပြည်၏ အခြေအနေသည် လွန်စွာ စိုးရိမ် ထိတ်လန့်ဖွယ် ကောင်းလာနေသည်ကို ထမင်းစားကြီးသူတိုင်း သိနားလည် ထားကြပြီ ဖြစ်သည်။

 

ထိုအရေးကို မြန်မာ တမျိုးသားလုံး ရိပ်စားမိနေကြချိန်တွင် မိမိတို့ လတ်တလော အဆင်ပြေနေသည့် အဖြစ်ကို သာယာနေသော အမျိုးသား သစ္စာဖေါက်များက ရှိနေပြီး ဖြစ်သည်၊ ထိုသို့သော လူတန်းစားမျိုးက ခေတ်အဆက်ဆက် တွင် ရှိနေကြပြီး ဖြစ်၍ အထူးအဆန်းတော့ မဟုတ်ပေ။

 

စစ်အာဏာသိမ်း အဖွဲ့သည် ၎င်းတို့အား အမျိုးသား သစ္စာဖေါက်များ နှင့် မချစ်သော်လည်း အောင့်ကာ နမ်းနေကြသူများ မှ လွဲ၍ တနိုင်ငံလုံး၏ ရွံရှာ မုန်းတီးခံနေရသည့် အဖြစ်ကို ကောင်းစွာ သိမြင်ထားကြ၍ ၎င်းတို့ အား ထောက်ခံနေကြသယောင် ငွေကုန်ကြေးကျ ခံ၍ ပွဲအမျိုးမျိုး လုပ်ကာ လူပြိန်း တယောက်၏ စိတ်ကူးယဉ် နည်းမျိုး ဖြင့် ကိုယ့်စိတ်ကိုယ်ဖြေနေ နေကြရသည့် အဆင့် တွင် ရှိနေပေသည်။

 

သို့သော် ပြည်သူများကတော့ ယမမင်း သည် ယမမင်းသာ ဖြစ်သည်ဆိုသည်ကို ကောင်းစွာ သိနားလည် ထားကြပြီ ဖြစ်၍ မိမိတို့ အချင်းချင်း ကျောခြင်းကပ် ရင်ခြင်းကပ် လုပ်ထားနိုင်မှသာ ယမမင်း နှင့် အပေါင်းအပါများ၏ ရန်မှ သားမြေးများ ကင်းလွတ်နိုင်မည် ဖြစ်ပေမည်။ မိမိတို့ အနည်းငယ်မျှ ပေါ့လျော့ဆက်ဆံ မိပါက ရန်သူ ထောင်ချောက်ထဲ ကားကနဲ မိသွားတော့မည် ဖြစ်သည်။

 

ထိုသို့ မြန်မာ ပြည်သူတို့၏ ပြင်းပြသော ဆန္ဒကို မျက်ကွယ်ပြု ကာ ယမမင်း ၏ ဆွေတော်မျိုးတော်များ နှင့် ရင်ကြားစေ့ရေးကို ရှေ့တန်းတင်သော နိုင်ငံတကာ ၏ ပြီးပြီးရော ကြိုးပမ်းမှု မှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်ရမည်သာ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!