ရင်ထဲက အပူ ဘယ်သူ ငြိမ်းနိုင်ပါ့

by Hla Soewai - May 04 2023

မန္တလေး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များသည် မန္တလေး နှင့် ရှမ်းပြည်နယ် နယ်စပ်တွင် သပြေညို အမည်ရ ထိုးစစ်ကြီးအား ဧပြီလ ၅ ရက်နေ့က စတင်လာခဲ့ရာမှ ရက်ပေါင်း ၂၀ အကြာ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလာခဲ့ပြီး အကြမ်းဖက် စစ်တပ်မှ ဒုတိယ ဗိုလ်မှုးကြီး အဆင့် အပါအဝင် အကျအဆုံး များပြားလာသဖြင့် တိုက်စွမ်းရည် ထက်မြက်လာပြီး မန္တလေး ကို ခြိမ်းချောက် လာနေပြီလော ဟု ယူဆစရာ ဖြစ်လာကြောင်း ဧရာဝတီ တွင် ဖေါ်ပြထားသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရသည် လက်အောက်ခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များကို မဟာဗျုဟာကျကျ ကောင်းစွာ စုစီးမိနေပြီး ရည်မှန်းချက် ဖြစ်သည် တနှစ်တာ အတွင်း စစ်ရေး အရှိန်အဟုန် ကို အစွမ်းကုန် မြှင့်တင်ရန် အကောင်အထည် ဖေါ်နေခြင်း ဖြစ်သည်။ ထိုသို့ ဖြစ်မြောက်ရန် တပ်ရင်း ဆယ်ရင်းအထိ ဖွဲ့စည်းပုံ အပြည့်အစုံ နှင့် ဖွဲ့စည်းထားပြီး ဖြစ်သည်ဟု လည်း သိရသည်။

 

ယခုအခါ ခုခံ တွန်းလှန်စစ် မှ တန်ပြန် ထိုးစစ်ကြီး အထိ တဖြေးဖြေး စတင်လာနေပြီ ဖြစ်သည်။ အောင်ပွဲများ ရလာနေသည် နှင့် အမျှ PDF များ သည် နယ်မြေ စိုးမိုးမှု ရလာနေပြီး စိတ်ဓါတ်များ မြင့်မား တက်ကြွလာနေပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်သည် ယခုလို အကျအဆုံး များလာပြီး မေမြို့၊ မန္တလေး အထိပင် ခြိမ်းချောက်ခံလာရသည် နှင့် အမျှ တပ်တွင်း တွင် ဂယက်ရိုက်လာနေပြီ ဆိုသည့် သတင်းကို မည်သို့မျှ ဂရုမထားပဲ နေလို့ မရ ဖြစ်လာနေသည်။ မိမိဖက်မှ အကျအဆုံး များစွာ ဖြစ်လာနေသည့် ဒဏ်ကို မည်သူခံနိုင်ပေတော့မည်နည်း။ ကျဆုံးသွားသူ စစ်ဖက် အရာရှိကြီးများသည် ၎င်းသာ တကိုယ်ကောင်း မဆန်ခဲ့က ယခုအခါ လက်ကိုင်အိတ်များ ဆွဲပြီး ယူနီဖောင်းကို ကျော့နေအောင် ဝတ်ကာ လွှတ်တော်ထဲ ဝင်ကာ ထိုင်လိုက် ထလိုက် လုပ် ဖြင့် ညနေဖက် အပေါင်းအသင်းများ နှင့် အရက်ကလေး တမြမြ ဖြင့် ဇိမ်ကျကျ နေရမည့် အဖြစ်ကို တောင့်တ လာကြမည်လည်း ဖြစ်သည်။

 

သူတို့ အတွက် ယခုလို ရှေ့တန်းတွင် အသက်အသေခံ ၍ အဘယ့်ကြောင့် တိုက်ခိုက်နေရသနည်း၊ မြို့ရွာများကို မီးရှို့ပေးနေရပြန်သည့် အတွက် တိုင်းပြည် နဲ့ လူမျိုး အတွက် မဟုတ်သည်ကား သေချာသည်၊ တိုင်းရင်းသား လူမျိုး ပေါင်းစုံက လက်နက်ကိုင် တိုက်ခိုက်နေပြန်သည့် အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး လည်း မဟုတ်တော့၊ ဝက်ဝံကြီး၊ နဂါးကြီးများကို ပူဇော် ပသနေရပြန်သည့် အတွက် အချုပ်အခြာအာဏာ ဆိုသည်ကလည်း စကား အဖြစ်သာ ကျန်တော့သည်ဟု မတွေးမိပဲ နေကြမည်မဟုတ်။

 

မင်းအောင်လှိုင် သည် ထိုသို့ မေးခွန်းများကို ရှောင်လွှဲနိုင်ရန် လူထု အား ရန်သူ အဖြစ် မြင်လာအောင် လုပ်နိုင်မှသာ ဖြစ်တော့မည်။ မိမိ၏ ကံကြမ္မာသည် တော်လှန်‌ရေး အဖွဲ့များကို နှိမ်နှင်း နိုင်မှ ဖြစ်မည် ဆိုသည်ကို မူတည်နေသည်ဟု ရိုက်သွင်းပေးခဲ့သည်။

 

တဖက်က ဘေးကျပ်နံကျပ် ဖြစ်လာနေပြီ ဖြစ်၍ ၎င်း အဖို့ ရခိုင် တပ်တော် နှင့် တရားမဝင် အပစ်ရပ် ပုံစံမျိုး ချိုးခြင်ပုံရသည်၊ NUG ဖက်က စတင် ကမ်းလှမ်းလျှင် စဉ်းစားမည့် ပုံမျိုး စကားစလာဟန် ရှိနေသည်။ ထိုသို့ ဖြစ်လာအောင် လေကြောင်းမှ ပြည်သူများကို အပြင်းအထန် တိုက်ခိုက်ကာ ဖိအားပေးလာခြင်းပင် ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရမှ ယမန်နေ့ က သတင်းထုတ်ပြန်ခဲ့ရာတွင် ကုလ အတွင်းရေးမှုး ချုပ်ဟောင်း ဘန်ကီမွန်း နှင့် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးမိုးဇော်ဦး တို့ အွန်လိုင်း မှ တွေ့ဆုံ ဆွေးနွေး ဖြစ်ခဲ့သည်ဟု ဖေါ်ပြခဲ့သည်။

 

 ထိုဆွေးနွေးမှု တွင် မင်းအောင်လှိုင် နှင့် တွေ့ဆုံခဲ့မှု အပေါ် အဓိက ထား ဆွေးနွေးခဲ့ကြပြီး ဘန်ကီမွန်းမှ အကြမ်းဖက်မှု များ အဆုံးသတ်ရန် လမ်းကြောင်း ရှာဖွေနိုင်မှုသည် အရေးပါကြောင်းနှင့် အစုအဖွဲ့အားလုံး၏ အခန်းကဏ္ဍသည် လည်း အရေးကြီးကြောင်း ပြောခဲ့သည်ဟု သိရသည်။

 

သို့သော် အကြမ်းဖက်မှု များ အရင် ရပ်မှ ဖြစ်မည်ဟု မင်းအောင်လှိုင်၏ စကား ကို သယ်ဆောင်လာခြင်း ဖြစ်ပုံရသည်၊ သို့ဆိုက What’s next ဟူသော အမေး အတွက် အဖြေရှိဟန် မတူဟု ယူဆရသည်။

 

အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင် သည် ဘန်ကီမွန်း နှင့် တွေ့ခွင့်ရခြင်း အပေါ် အကြီးအကျယ် ဝါဒ ဖြန့်ခဲ့သော်လည်း အမျိုးသား ညီညွတ်ရေး အစိုးရ ကမူ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး အဆင့်လောက်နှင့်သာ ဆွေးနွေးခဲ့သည်ကို ကြည့်ချင်းအားဖြင့် ဘန်ကီမွန်း ပြောလာမည့် စကားများ အတွက် အရေးတယူ လုပ် ဆွေးနွေးနိုင်စရာ ပါရှိမည် မဟုတ် ဆိုသည်ကို ပြသ လိုက်ခြင်း ဖြစ်မည်ဟု ယူဆရပေသည်။

 

သို့သော် နောက်တကြိမ် သွားရောက်မည်ဆိုက NUG အစိုးရအပါအဝင် အရေးပါသော သက်ဆိုင်သူများ နှင့် အရင် ဆွေးနွေးတိုင်ပင်ရန်ကိုတော့ ဦးမိုးဇော်ဦးက အကြံပေးခဲ့သည်ဟု ဆိုသည်။

 

အားလုံးက မင်းအောင်လှိုင် အကျပ်ရိုက်လာနေပြီဟု ယူဆကာ သူ့ထက်ငါ နာမည်ကောင်း လိုချင်လာကြဟန် ရှိသည်၊ အိန္ဒိယ ပင် 1.5 Track Meeting ကို ကမကထ လုပ်ကာ အင်ဒိုနီရှား နှင့် အပြိုင် ကြဲနေပုံ ရသည်။ သို့သော် ဧရာဝတီကမူ ဗြဟ္မာကြီး ဦးခေါင်း ဖြစ်လာနေသည့် သဘောဟု သုံးသပ်ခဲ့သည်။

 

NUG မှ ထုတ်ပြန်သော နောက်ထပ် ကျေညာချက် တခုတွင် ပဇီကြီး လေကြောင်း တိုက်ခိုက်မှု အတွက် အကြမ်းဖက် စစ်တပ်အား သတင်းပေးခဲ့သူ လေးဦး အား ကန့်ဘလူ မြို့နယ် ပြည်သူ ရဲတပ်ဖွဲ့ မှ ဖေါ်ထုတ် ဖမ်းဆီးနိုင်ခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ပုဒ်မ ၅၄ ဖြင့် အမှုဖွင့် အရေးယူထားသည်ဟု ဆိုသည်။

 

ကန့်ဘလူ အကြွေး ဟု အမည်ပေးထားသော ကမ်းပိန်းဖြင့် ၁၄ ရက် ကြာ ရံပုံငွေ ကောက်ခံခဲ့ရာ နိုင်ငံတကာ မှ မြန်မာ ပြည်ဖွားများ၏ လှုဒန်းငွေ ကျပ် သိန်းပေါင်း ၅,၃၃၃ သိန်း ရရှိခဲ့သည်ဟု ရုပ်ရှင် သရုပ်ဆောင် မင်းမော်ကွန်း၏ လူမှု စာမျက်နှာတွင် ရေးသားထားသည်ဟု ခေတ်သစ် မီဒီယာတွင် ဖေါ်ပြထားသည်။

 

ပြည်သူတို့၏ တန်ပြန် တွန်းလှန်စစ် မုချ အောင်ရမည်!!!