မြန်မာ အရေး အပေါ် လက်ရှိ တရုတ် သဘောထား

by Hla Soewai - May 04 2023

ကုလ အထူး သံတမန် နိုလင်း ဟေဇာ သည် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ချင်ဂန်း နှင့် ဘီဂျင်းတွင် မေလ ၁ ရက် နေ့တွင် တွေ့ဆုံခဲ့ရာမှ တရုတ်၏ သဘောထား ထွက်ပေါ်လာခြင်း ဖြစ်သည်။

 

မိမိတို့သည် မြန်မာ သည် အိမ်နီးချင်း ဖြစ်သည့် အားလျှော်စွာ တည်ငြိမ် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံ အဖြစ် အခြားနိုင်ငံများထက်ပင် ပို၍ မြင်တွေ့လိုကြောင်း၊ သို့သော် မြန်မာ ပြဿနာသည် နောက်ခံ သမိုင်းကြောင်း အရ ကို ရှုပ်ထွေး နက်နဲနေ၍ အလျင်အမြန် ဖြေရှင်း၍ ရနိုင်စရာ မရှိကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် မြန်မာ၏ အချုပ်အခြာ အာဏာကို လေးစားသင့်ကြောင်း၊ သက်ဆိုင်သည့် အဖွဲ့အစည်းအားလုံး ကွဲလွဲမှု များ ကို ပေါင်းကူး ဆက်စပ်ပြီး ဆွေးနွေးမှု များ ဖြင့် နိုင်ငံရေး အသွင်ကူးပြောင်းမှု များအား ဖွဲ့စည်းပုံ နှင့် ဥပဒေ လုပ်ငန်း ဘောင်အတွင်းမှ ပြန်လည် စတင်ရန် လိုအပ်ကြောင်း။

 

နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် အာဆီယံ ၏ အချက် ငါးချက် ဖြင့် ဖြန်ဖြေပေးနေမှုကို လေးစားသင့်ကြောင်း။

 

တင်းမာနေမှု များ အရှိန့်မြင့်တက် လာပြီး ကူးစက်မလာစေရန် မိမိတို့ နှိုင်းနှိုင်းချိန်ချိန် နှင့် လက်တွေ့ကျကျ ဆောင်ရွက်ရန် လိုကြောင်း၊ ကုလ အထူးသံတမန် ဖြန်ဖြေရန် ကြိုးပမ်းနေမှုများကိုလည်း ထောက်ခံရန် လိုလိုလားလား ရှိကြောင်း ချင်ဂန်းက ထုတ်ဖေါ်ပြောဆိုခဲ့သည်။

 

၎င်း၏ စကားကို ထပ်ပြီး ဘာသာ ပြန်ရလျှင် မည်သို့သော သဘောတူညီချက် မျိုး ပင် ဖြစ်စေ ငယ်မွေးခြံပေါက် ဖြစ်ပြီး တခါတရံ အားကိုးရလာလျှင် ဗွေဖေါက်တတ်သော စစ် ဗိုလ်ချုပ် များ အား ဖယ်ထုတ်ခြင်းကို ထောက်ခံမည် မဟုတ်၊ ထို့အတွက်လည်း ၎င်းတို့အား နိုင်ငံရေး တွင် ဆက်လက် ပါဝင်နိုင်ခွင့် ရှိမည့် ဖွဲ့စည်းပုံ ကို အာဏာသိမ်းကတည်းက ပါးစပ်က မချ ပြောလာနေခြင်း ပင် ဖြစ်သည်။ အာဆီယံ ၏ အချက် ငါးချက်သည်လည်း regime change မပါ၊ 

 

အာဆီယံ အားလည်း ကန္တေကောစ မလုပ်ချင်၊ မလုပ်ရဲသည့် အတွက် အသာ မှိန်း ထောက်ခံနေသည့် သဘောပင် ဖြစ်သည်။ သို့သော် တဖက်က အာဆီယံ အား အမေရိကန် အလိုကျ လိုက်မလုပ်ရန် အခါအားလျှော်စွာ ဖိအားပေးခြင်း၊ အတွင်းကြိတ် သွေးခွဲခြင်းများ ပြုလုပ်ပေးနေသည်။

 

ချင်ဂန်း၏ အပြောကို နိုလင်း ဟေဇာ က ယခုလို တုန့်ပြန်ခဲ့သည်။

 

မြန်မာ ပြဿနာကို ပြည်သူများ၏ ဆန္ဒကိုသာ ဦးထိပ်ထား ဖြေရှင်းသင့်သည်၊ မြန်မာ ပြည်သူများ၏ ဆန္ဒကို ‌လေးစားသင့်သည်၊ ဆွေးနွေးပွဲများသည် ဖြစ်ခဲ့သမျှကို ပြောင်းလဲနိုင်စွမ်း မရှိသော်လည်း အနာဂတ် အတွက် အပြောင်းအလဲများ ပြုလုပ်ပေးနိုင်စွမ်း ရှိသည်၊ ကုလသမဂ္ဂသည် ဆွေးနွေး ညှိနှိုင်းမှု များ ဖြင့်သာ မြန်မာ ပြည် ငြိမ်းချမ်းရေး နှင့် လုံခြုံမှု ရရှိနိုင်သည် ဆိုသည်ကို ထောက်ခံသည်၊ လူ့အခွင့်အရေး များ အား တလေးတစား နှင့် ကာကွယ်စောင့်ရှောက်ပေးခြင်းဖြင့် ဒေသတွင်း တပြေးညီ ဖွံ့ဖြိုး ကြွယ်ဝမှု များ ဖေါ်ဆောင်နိုင်မည်၊ ယင်းနှင့် ပတ်သက်၍ အာဆီယံ မှ တက်ကြွစွာ ပါဝင် ဆောင်ရွက်နေမှုအား ကုလ မှ ထောက်ခံသည်၊ 

 

မြန်မာ အရေး ဖြေရှင်းရန် တရုတ်၏ ကြိုးပမ်းမှုများကို ကျေးဇူး တင်ကြောင်းနှင့် မြန်မာ ငြိမ်းချမ်း တည်ငြိမ် ဖွံ့ဖြိုးရေး အတွက် ဆက်လက်ပြီး အပြုသဘော ပါဝင် ဆောင်ရွက်သွားမည်ဟု မျှော်လင့်ကြောင်း ပါရှိသည်။

 

နိုင်ငံတကာ သဘောထားသည် လက်ရှိ အနေအထား အတိုင်း ဆိုက မင်းအောင်လှိုင် တို့အား စေ့စပ် ဆွေးနွေးရန် ဖျောင်းဖြနေသည်၊ မင်းအောင်လှိုင်ကလည်း အနိုင်ရနိုး နှင့် ပြောသမျှကို ချွေးသိပ်လွှတ်နေဆဲ ဖြစ်သည်။

 

ပြည်သူများ ဖက်ကတော့ ပေးဆပ်ထားခဲ့ရသည်များက များလွန်းနေပြီ ဖြစ်၍ ၎င်းတို့ မည်သို့သော ပုံစံနှင့် မျှ ဆက်၍ အုပ်ချုပ်သွားခြင်းကို လက်ခံကြမည် မဟုတ်တော့၊ မည်သူက စေ့စပ်ပေးမည် ဆိုစေဦး အထက်ပါ သဘောထား များ က ဘောင်ကျော်၍ ထွက်သွားမည် မဟုတ်၊ မည်သူကမျှလည်း မင်းအောင်လှိုင်အား အာဏာကို စွန့်လွှတ်ရန် တိုက်တွန်းကြလိမ့်မည် မဟုတ်။

 

ထို့အတွက် မိမိတို့ တော်လှန်ရေး အောင်မြင် မှ ဖြစ်မည်ကို နှလုံးသွင်းထားမှသာ ဖြစ်မည်။

 

အချို့သော ပြည်သူများက ထိုသို့ သဘောထား ရှိချင်မှ ရှိပေမည်၊ တမျိုးသားလုံး ခံစားနေကြရသည့် ဒုက္ခကြီးအား အေးအေးချမ်းချမ်း ဆွေးနွေးဖြေရှင်း ပေးကြပါရန် တောင်းဆိုလာမည့် သူများလည်း မရှိမဟုတ် ရှိလာနေမည်သာ ဖြစ်သည်။

 

သို့သော် စစ်တပ်တွင် ကတိတည်တတ်သော လူများ မရှိ၊ တရားဥပဒေကိုပင် ၎င်းတို့ အကျိုး အတွက် ဆိုက ပစ်ပယ်ရန် ဝန်မလေး၊ ပြည်သူများ၏ ဆန္ဒ နှင့် တောင်းဆိုချက်များကို မည်သည့် အခါမျှ လိုက်လျော ပေးခဲ့ကြရိုး ထုံးစံမရှိ၊ ပြည်သူများ အနေဖြင့် မည်သည့် အရာက ကောင်းသည်၊ ဆိုးသည်ဟု ဆုံးဖြတ်နိုင်စွမ်း မရှိ၊ သက်ဦး ဆံပိုင် အာဏာရှင် လုပ်ရန် သာ စိတ်ကူးနေသူများ ဖြစ်၍ ၎င်းတို့ ပေးသော ကတိများကို မည်သို့မျှ ယုံစား၍ မရပြန်၊ မတတ်သာ၍ မာန်လျော့ လိုက်ရခြင်း မျိုးသာ ဖြစ်ပေမည်၊ ထို့အတွက် ရထားသော သဘောတူညီချက် ကို လေးစားလိုက်နာပါမည်ဟု မည်သူမျှ အာမ မခံနိုင်၊ ထိုအခါကျမှ တော်လှန်ရေးကို နောက်တကျော့ ပြန်စ ဖို့ ဆိုသည်က မဖြစ်နိုင်တော့။ မည်သို့ပင် ဖြစ်လာစေ နိုင်ငံတကာ ကို အားကိုး၍ မရ ဆိုသည်က မျက်မြင် ကိုယ်တွေ့ပင် ဖြစ်သည်၊ ဤသည်ကို ဆွေးနွေး ဖြေရှင်းလိုသည့် သဘောထား ရှိသူ ပြည်သူများ အခုကတည်းက အထူး ထည့်သွင်းစဉ်းစားကြရမည် ဖြစ်သည်။ 

 

နိုင်ငံတကာ က မြန်မာ နိုင်ငံအတွင်း လူမဆန်အောင် မကြားဝံ့ မနာသာ ဖြစ်ပျက်နေမှုများ ကြောင့် အိမ်ရှေ့ပူ အိမ်နောက် မချမ်းသာ ဆိုသလို စေ့ဆပ် ဆွေးနွေးကြဖို့ ဖျောင်းဖြရန် အရင်ကထက် ပို၍ ကြိုးပမ်းလာနေကြသည်။ သို့သော် မင်းအောင်လှိုင်က သူ၏ လက်သုံးစကား ဖြစ်သော “သူတို့ဖက်က ဒီလိုပဲ ပြောနေကြမှာပေါ့” ဆိုသော စကားဖြင့် တုန့်ပြန်တတ်စမြဲ ဖြစ်သည်၊ ထိုသို့ လာလေလေ သူ့အား အသိအမှတ် ပြုလာကြပြီဟု ပို၍ သွေးနာထင် ရောက်လေလေ ဖြစ်မည့် လူစားမျိုး ဖြစ်သည်။

 

ကျွန်တော်တို့ သိထားရမည်က မည်သူလာလာ မင်းအောင်လှိုင်အား ရာထူးက ဆင်းပေးဖို့ နားချကြမည် မဟုတ်ဆိုသည်ပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!