သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(139)

by Hla Soewai - May 04 2023

၁၉၆၈ - ကမ္ဘာအနှံ့ တော်လှန်ရေး များ ပေါ်ပေါက်လာခဲ့ခြင်း (၇)

 

ဒူးဆက်သည် မကြာမီမှာပင် ဆိုဗီယက် ယူနီယံ မှ ပြန်ရောက်လာပြီး လူမြင်ကွင်း သို့ မျက်ရည်များ ဖြင့် ထွက်လာပြီး မိမိတို့ သွေးထွက်သံယိုမှုများ မဖြစ်အောင် ရှောင်ရှားဖို့ လိုကြောင်း လူထု ကို အသိပေးလာခဲ့သည်။ လတ်တလော တွင် ဝါဆော စာချုပ် အဖွဲ့ဝင် နိုင်ငံများ နှင့် ပုံမှန် ဆက်ဆံရေး ပြန်လည် တည်ဆောက်နိုင်ရန် လွတ်လပ်စွာ ပြောဆိုခွင့်များကို ကန့်သတ်ရဖို့ ဖြစ်လာခဲ့သည်။ သို့သော်လည်း မကြာမီမှာပင် လတ်တလော ဆိုသည်က ရေရှည် ဖြစ်လာခဲ့သည်၊ ဒူးဆက်သည် ၁၉၆၉ ခုနှစ် နှစ်ဦးပိုင်းတွင် ရာထူးမှ နှုတ်ထွက်ပေးလိုက်ရသည်။

 

သူ့နေရာတွင် ကရင်မလင်၏ ကြိုးဆွဲရာ ကမည့် ဂူစတပ်ဖ် ဟူဆက် နှင့် အစားထိုးခဲ့သည်။ သူသည် သံကန့်လန်ကာ ကြီး ပြိုလဲသွားခဲ့သည့် နောက်ထပ် နှစ်ပေါင်း သုံးဆယ် အကြာအထိ ရာထူး တွင် မြဲနေခဲ့သည်။ ပရပ်ဂ် နွေဦး၏ ပြုပြင်ပြောင်းလဲမှုများသည် ရုတ်ခြည်း ဆိုသလို ကွယ်ပျောက်သွားခဲ့ရပြီ ဖြစ်သည်။ ဝါဆော နိုင်ငံများ နှင့် ပုံမှန် ဆက်ဆံရေး ဆိုသည်က ဆင်ဆာ ပြန်လည် ထားရှိပေးရခြင်း နှင့် လူတဦးချင်းစီ၏ လွတ်လပ်ခွင့် များ ကန့်သတ် ချုပ်ချယ်ပေးရခြင်းမျိုးပင် ဖြစ်သည်။

 

ပရပ်ဂ်နွေဦး ချုပ်ငြိမ်း သွားသော်လည်း တော်လှန်ရေး မီးတောက်ကြီးသည် မိုင်ပေါင်း ၆,၀၀၀ ခန့် ဝေးသော မက္ကဆီကို သို့ ကူးစက်လာခဲ့ပြန်သည်။

 

ထိုအချိန်တွင် မက္ကဆီကို၌ စည်းမျဉ်းခံ တော်လှန်‌ရေး ပါတီ Institutional Revolutionary Party (PRI) က အာဏာစွဲကိုင် အုပ်ချုပ်နေသည်။ ပါတီ၏ အုပ်ချုပ်‌ရေး သက်တမ်းသည် ဆိုဗီယက် ပြည်ထောင်စု ကို အုပ်ချုပ်နေသော ကွန်မြူနစ်ပါတီ ထက်ပင် ကြာမြင့်လာနေပြီ ဖြစ်သည်။ အစိုးရသည် မက္ကဆီကို တော်လှန်‌ရေး၏ သူရဲကောင်း အီမီလာနို ဇာပတာ ၏ တော်လှန်ရေး မီးရှုးတိုင် ကို ဆက်လက် စွဲကိုင်သွားရန်ဟူသော ကြွေးကျော်သံဖြင့် တပါတီ အာဏာရှင် ဆန်ဆန် အုပ်ချုပ်နေခဲ့သည်။

 

ထို့အတွက် ဒီမိုကရေစီ ဆိုသည်ကို မက္ကဆီကန် တို့ ကြားဖူးနားဝ သာ ရှိခဲ့ကြသည်။ သို့သော် စီးပွားရေး တိုးတက်မှု အသီးအပွင့်များကိုတော့ ခံစားခွင့်ရခဲ့သည်။ ၁၉၆၀ ကျော် နှစ်များ အတွင်း မက္ကဆီကို နိုင်ငံသားတို့၏ ဝင်ငွေသည် မြင့်မားလာခဲ့သည်၊ လူလတ်တန်းစား မိသားစု များ အလျိုလျို ထွက်ပေါ်လာပြီး မိမိတို့ သားသမီးများ ကို တက္ကသိုလ်များ သို့ စေလွှတ်နိုင်ခဲ့ကြသည်။

 

ယင်းနှင့် အတူ မျက်စိပွင့် နားပွင့်လာကြပြီး ကမ္ဘာတဝှမ်း ဖြစ်ပျက်နေသော ဗီယက်နမ်စစ်၊ ပရပ်ဂ်နွေဦး တော်လှန်ရေး နှင့် တက္ကသိုလ် ကျောင်းများ၏ ဆန္ဒပြ ကန့်ကွက်မှုများ အား လှမ်းမျှော် ကြည့်ရကောင်းမှန်း သိလာခဲ့ကြသည်။ ယင်း နှင့် အတူ နိုင်ငံတွင်း ပြဿနာများ နှင့် မိမိတို့သည်လည်း တပါတီ အုပ်ချုပ်ရေး အောက်တွင် ကျရောက်နေမှု၊ အမေရိကန်တို့ ၏ ဩဇာလွှမ်းမိုး ခံနေရမှု နှင့် ဌာနေ တိုင်းရင်းသား တို့၏ အခွင့်အရေး မျိုး ချိုးဖောက်ခံနေရမှု များကို ဆန်းစစ်လာနိုင်ခဲ့ကြသည်။

 

မိမိတို့ နှင့် အလှမ်းမဝေးလှသော ကျုးဘား တွင် တော်လှန်ရေး ကြီး ဖြစ်ပွားခဲ့ခြင်း နှင့် ၎င်းတို့ ချစ်ခင်တန်ဖိုးထားနေသည့် ချေ ဂွေဗာယား အား လတ်တလော သတ်ဖြတ် ပစ်ခဲ့ခြင်း တို့ကြောင့် ချေ ဂွေဗာယား တဖွဖွ ပြောနေသည့် အမေရိကန်တို့၏ တံပိုးအောက်မှ ရုန်းထွက် နိုင်မည့် လက်တင် အမေရိကား တော်လှန်ရေး ကို မိမိတို့ နိုင်ငံတွင် လည်း ဆင်နွှဲရန် စိတ်အား ထက်သန်လာကြသည်။

 

ထိုသို့ စိတ်အား ထက်သန်လာကြသော်လည်း တကယ်တမ်း ဘယ်ကစလို့ ဘယ်က စရမှန်း မသိ ဖြစ်နေချိန်တွင် ၁၉၆၈ ခုနှစ် နွေရာသီ အတွင်း အထက်တန်းကျောင်း ဘော်လုံးပွဲ တခုတွင် တွင် ရုန်းရင်းဆန်ခတ် ဖြစ်ပွားလာခဲ့သည်။ ထိုသို့ ရုန်းရင်းဆန်ခတ် ဖြစ်မှု အား အဓိကရုဏ်း နှိမ်နှင်းရေး တပ်ဖွဲ့များ အသုံးပြု၍ အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားခဲ့ရာ မှ ဆယ်ကျော်သက် လူငယ်များ နှင့် ရဲများ အကြား ရက်ပေါင်း များစွာ ထိတ်တိုက် ရင်ဆိုင်မှုများ ဖြစ်ပွားလာခဲ့သည်။

 

ဇူလိုင် ၂၆ ရက်တွင် စစ်တပ်သည် အထက်တန်းကျောင်းကို ပိတ်ဆို့ အရံအတား လုပ်ကာ ခုခံနေကြသော ကျောင်းသား လူငယ်များ အား နှိမ်နှင်း ရန် အတင်း ဝင်ရောက်လာခဲ့ကြရာမှ တင်းမာမှုများ အရှိန်မြင့်တက် လာခဲ့ရပေတော့သည်။

 

စစ်တပ်၏ လက်ချက်ဖြင့် ဆယ်ကျော်သက် ကျောင်းသား လူငယ်အများအပြား သေဆုံးသွားခဲ့ရသည်။ ထိုသို့ စစ်တပ်၏ အလွန်အကျွံ အင်အား အသုံးပြုမှု ကြောင့် မက္ကဆီကို မြို့တော် ရှိ ကျောင်းသားများ ဆူပူ အုံကြွလာခဲ့ကြတော့သည်။ မြို့တော်ရှိ တက္ကသိုလ် ကျောင်းဝင်းများ တွင်လည်း တက္ကသိုလ် ကျောင်းသား အုပ်စုများသည်လည်း အချင်းချင်း ကျောခြင်းကပ် ရင်ခြင်းကပ် ဖြစ်လာကြပြီး ပြုပြင်ပြောင်းလဲမှု များ ဖေါ်ဆောင်ပေးရန် တညီတညွတ်တည်း တောင်းဆိုလာကြသည်။

 

၎င်းတို့ တောင်းဆိုမှုများ ထဲတွင် လွတ်လပ်စွာ ပြောဆိုနိုင်ခွင့်၊ ဖမ်းဆီးခံ ကျောင်းသားများ ပြန်လွှတ်ပေးရေး၊ အစိုးရ၏ အကြမ်းဖက်မှု လုပ်ရပ်များ ရပ်တန့်‌ရေး တို့ ပါဝင်ခဲ့သည်။ အစိုးရ၏ ထိုသို့ အကြမ်းဖက် တုန့်ပြန်ခဲ့မှု ကြောင့် ကျောင်းသားများ၏ ကာလ ကြာမြင့်စွာ မြိုသိပ်ထားခဲ့ရသော နိုင်ငံရေး အပြောင်းအလဲ များ ဖေါ်ဆောင်ပေးရန် တောင်းဆိုမှုများ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်သည်ဟု နယူးယောက်တိုင်း သတင်းစာက ရေးသားခဲ့သည်။

 

ကျောင်းသားများက နိုင်ငံလုံးဆိုင်ရာ သပိတ်ကော်မတီ ကို ဖွဲ့စည်းလိုက်ကြပြီး ဩဂုတ် ၁၃ ရက်နေ့တွင် မက္ကဆီကို စီတီး တွင် ဆန္ဒပြ ကန့်ကွက်မှု များ ဖေါ်ဆောင်ရန် လှုံ့ဆော်လာခဲ့ကြသည်။ ဘော်လုံးကွင်းမှ စတင်ခဲ့သည့် အရေးအခင်း ကြီး ဖြစ်ပွားပြီး နှစ်ပတ် အကြာတွင် ၎င်းတို့ ဆင့်ခေါ်ခဲ့သော ဆန္ဒပြ ကန့်ကွက်ပွဲများ မည်မျှ အတိုင်းအတာ အထိ အောင်မြင်မည် ကို ကျောင်းသားများ မခန့်မှန်းနိုင် ဖြစ်နေဆဲပင်။

 

သို့သော် ထိုနေ့တွင် ကျောင်းသားများသာမက အလုပ်သမား များ၊ ဝန်ထမ်းများပါ ပါဝင်လာခဲ့ပြီး စုစုပေါင်း လူ နှစ်သိန်း ခန့် ချီတက် ဆန္ဒပြခဲ့ကြသည်။ ၁၉၆၈ ဩဂုတ် ၂၇ ရက်နေ့တွင် ပြုလုပ်သော ဒုတိယ အကြိမ် လူထု ဆန္ဒပြပွဲကြီး တွင် အင်အား ငါးသိန်း အထိ ဖြစ်လာခဲ့သည်။ တောင်းဆိုမှုများလည်း ပို၍ ကျယ်ပြန့်လာခဲ့သည်။

 

စစ်တပ် နှင့် ရဲများသည် မြို့လယ်ခေါင် ရှိ ရင်ပြင်ကြီးကို ရှင်းလင်းနိုင်ရန် နာရီပေါင်းများစွာ ကြာအောင် အချိန်ယူခဲ့ရသည်။ မည်သို့ပင် ဖြစ်စေ ကျောင်းသားများကတော့ မိမိတို့ ကြိုးပမ်းခဲ့မှုများ အောင်မြင်ခဲ့ပြီ ဟု ယူဆခဲ့ကြပြီ ဖြစ်သည်။