သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(138)

by Hla Soewai - May 04 2023

၁၉၆၈ - ကမ္ဘာအနှံ့ တော်လှန်ရေး များ ပေါ်ပေါက်လာခြင်း (၆)

 

ချက်ကိုစလိူ ဗက်ကီယား တွင် ဖြစ်ပေါ် တိုးတက်လာမှု များကို မျက်မြင် ကိုယ်တွေ့ ကြုံလာခဲ့ရသည့် သမိုင်း မှတ်တမ်း ရေးသားသူ ဟီဒါ မာဂိုလီယပ်စ် ကိုဗာလီ မှ ယခု လို ရေးသားခဲ့သည်။

 

"၁၉၆၈ ‌နွေဦး သည် ပြင်းပြသော စိတ်ဆန္ဒ၊ စိုးရိမ်ကြောင့်ကြမှု များ နှင့် မယုံရဲ ယုံရဲ နှင့် မက်ခဲ့သော အိမ်မက်များသည် အမှန်တကယ် ဖြစ်ပျက်လာနေပြီ ဆိုသည်ကို စတင် သိရှိသဘောပေါက်လာခဲ့သော အချိန်လည်း ဖြစ်သည်။ လူများသည် ကျဉ်းမြောင်းသော လမ်းများ ပေါ်တွင် တိုး‌ဝှေ့သွားလာရင်း ညဉ့်နက်သည့် အထိ နေခဲ့ကြသည်။

 

ဟာရက်ကင်ဒီ ရဲတိုက်ကြီး၏ တံခါးများ ပိတ်သွားခဲ့သည် တိုင် လူများသည် ရဲတိုက် ပတ်လည် ‌ကာရံထားသော တံတိုင်းကြီးပေါ်မှနေ၍ အောက်တွင် ပျော်ရွှင် မှု များကြောင့် မအိပ်နိုင် ပဲ အလင်းရောင် တလက်လက် ဖြင့် အသက်ဝင်နေဆဲ မြို့တော်ကို ကြည့်မဝ ဖြစ်နေခဲ့ကြသည်။"

 

ဤနေရာတွင် သိထားသင့်သည်က ဆောင်းပါး အစတွင် ဖေါ်ပြခဲ့သလို ပရပ်ဂ် မြို့သူ မြို့သားများ နှင့် ချက်ကိုစလိုဗက်ကီယားသည် ကွန်မြူနစ် ဝါဒ ကို ငြင်းပယ်နေကြခြင်း မဟုတ် ဆိုသည့် အချက်ပင် ဖြစ်သည်။ သာယာဝပြော သော ဆိုရှယ်လစ် လူဘောင်ကြီး ပေါ်ပေါက်လာစေရန် လက်ရှိ သွားနေသည့် စနစ်ကို ပြုပြင်ပြောင်းလဲနိုင်ရန် ကြိုးပမ်းနေကြခြင်းသာ ဖြစ်သည်။

 

သို့သော် ပရပ်ဂ် တွင် ထိုသို့ လွတ်လပ်မှု များ ရလာနေခြင်းသည် အခြားသော အရှေ့ ဥရောပ ကွန်မြူနစ် နိုင်ငံများ သည် ၎င်းတို့အပေါ် အန္တရာယ် ကျရောက်လာနေပြီဟု ယူဆလာခဲ့ကြသည်။ ဤသို့ဖြင့် ဝါဆော စာချူပ် အဖွဲ့ဝင် နိုင်ငံများရှိ ကွန်မြူနစ် ပါတီများ နှင့် အစိုးရ အာဘော် သတင်းစာများက ချက်ကိုစလိုဗက်ကီယား တွင် ဖြစ်ပျက်နေမှု များအား "တန်ပြန် တော်လှန်ရေး" ဟု ကင်ပွန်းတပ် ရှုတ်ချလာခဲ့ကြသည်။ ယင်းနှင့် အတူ ဆိုဗီယက် ခေါင်းဆောင် လီယိုနစ် ဘရက်ဇညက်က ချက်ကိုစလိုဗက်ကီယား အား ဒီအတိုင်း လွှတ်ထား၍ မဖြစ်တော့ဟု ဆုံးဖြတ်လိုက်သည်။

 

၁၉၆၈ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့ သန်းကောင်မတိုင်မီ လေးတွင် အင်အား နှစ်သိန်း ခန့် ရှိသော ဆိုဗီယက် တပ်များ နှင့် ဝါ‌ ဆော အဖွဲ့ဝင် ငါးနိုင်ငံမှတင့်ကားများသည် ချက်ကိုစလိုဗက်ကီယား နိုင်ငံထဲသို့ ဝင်ရောက်လာခဲ့ကြတော့သည်။

 

အယ်လက်ဇန်ဒါး ဒူးဆက် မှ အဆမတန် အင်အား များလွန်းလှသော ကျုးကျော် ဝင်ရောက်လာသူများအား လက်နက်ကိုင် ခုခံခြင်း မပြုရန် နိုင်ငံကို ပန်ကြားခဲ့သည်။ ငြိမ်းချမ်းရေး ကို မြတ်နိုးသော မိမိ နိုင်ငံအား ကြမ်းကြုတ် ရက်စက်သော ပြည်ပ အင်အားကြီး နိုင်ငံတခုက ချေမှူန်းရန် ကြိုးစားလာမှူ ကို ကမ္ဘာကြီးက မျက်ဝါးထင်ထင် တွေ့မြင်ခွင့် ရသွားခြင်းသာ အမြတ်ဟု ပြောဆိုခဲ့သည်။

 

ထိုအဖြစ်ကိုသာမက နောက်ပိုင်း ရက်များတွင် လက်နက်မဲ့ ချက်ကိုစလိုဗက် နိုင်ငံသားများသည် မိမိတို့ ရရှိလာသော လွတ်လပ်ခွင့်များအား ဖျက်သိမ်းပစ်ရန် ကြိူးပမ်းလာကြသော ဆိုဗီယက် တပ်များကို ငြိမ်းချမ်းသော နည်းဖြင့် ခုခံ ဆန့်ကျင်ခဲ့ကြသော်လည်း ချက် နှင့် စလိုဗက် တို့သည် ကျုးကျော်သူများ၏ သေနတ်ပြောင်းဝတွင် အသက်ပျောက်ခဲ့ကြရသည့် အဖြစ်ကို ပါ ကမ္ဘာကြီးက တွေ့မြင်ခဲ့ကြရသည်။

 

ဆိုဗီယက် အာဏာပိုင်များက ချက်ကိုစလိုဗက် အစိုးရ အရာရှိ အချို့မှ စာဖြင့် ရေးသား တောင်းဆိုဖိတ်‌ ခေါ် လာကြ၍ ယခုလို စစ်ရေး အရ ဝင်ရောက်စွက်ဖက်ခြင်း ဖြစ်သည်ဟု ပြောလာကြသည်။ "ကွန်မြူနစ် ဆန့်ကျင်ရေး၊ ဆိုဗီယက် ဆန့်ကျင်ရေး သဘောထားများ နိုင်ငံအတွင်း လွှမ်းခြုံလာနေမှု ကြောင့် ပါတီရှေးရိုးစွဲ သမားများ က ဆိုဗီယက် တို့ထံ အကူအညီ တောင်းခံခဲ့ခြင်း" ဟု ပြောလာခဲ့သည်။

 

ချက် ရေဒီယို မှ ဆိုဗီယက် တင်ကားများ ဝင်ရောက် ကျုးကျော်လာပြီ ဆိုသည့် သတင်းကို ထုတ်လွှင့်ခဲ့သည်။ ဩဂုတ်လ ၂၁ ရက် နေ့ မနက်စောစောပိုင်း အထိ အစိုးရ ရေဒီယို သည် လပေါင်းများစွာ ပေါ်ပေါက်နေသည့် ပြုပြင် ပြောင်းလဲရေး အသံ အဖြစ် ရပ်တည်နေဆဲပင် ဖြစ်သည်။ ထို့အတွက် ဆိုဗီယက်တို့သည် အသံလွှင့်ရုံကို ပစ်မှတ်ထားလာခဲ့သည်။

 

လူထုကလည်း အသံလွှင့်ရုံကို ကာကွယ်ရန် လမ်း ဆိုင်းဘုတ်များကို ပြောင်းလဲတပ်ဆင်ခဲ့ကြသည်။ သို့သော် အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ အသံလွှင့်ရုံကို ကာကွယ်ရင်း ၁၇ ဦး အသက်ပေးခဲ့ရသည်။

 

အာရုံတက်ချိန်တွင်တော့ အသံလွှင့်ရုံမှ နိုင်ငံတော် သီချင်းကို စတင် ထုတ်လွှင့်လာပြီ ဖြစ်သည် အတွက် ဆိုဗီယက်တို့ လက်သို့ ကျသွားခဲ့ရပြီ ဆိုသည်ကို အားလုံး သဘောပေါက်သွားခဲ့သည်။ မိနစ် အနည်းငယ် အကြာတွင်တော့ ‌အသံ လုံးဝ တိတ်ဆိတ်သွားခဲ့တော့သည်။

 

လက်နက်မဲ့ ချက်ကိုစလိုဗက် ကျောင်းသားများသည် ပဲရစ် ရှိ ညီနောင် ကျောင်းသားများ ကဲ့သို့ပင် ဝါဆော တပ်များ၏ ရန်ကို ကာကွယ်ရန် မော်တော်ယာဉ်များ၊ အခြား ရနိုင်သည့် ပစ္စည်းများ နှင့် အရံအတား များ လုပ်လာခဲ့ကြသည်။ မော်တော်ယာဉ် ခေါင်မိုး များ ပေါ်တက်၍ ချက်အလံကို ဝှေ့ရမ်းလာကြသည်။ ဆိုဗီယက် စစ်သားများကို မေတ္တာရပ်ခံ၍ မရသည်နှင့် လှောင်ပြောင် အော်ဟစ် ခဲ့ကြသည်။ အခြားသူများက ပရပ်ဂ် မြို့ လမ်းများ ပေါ်တွင် တင့်ကားများ ရှေ့ဆက်မသွားနိုင်ရန် ထိုင်သပိတ်များ ဆင်နွှဲခဲ့ကြသည်။

 

စိတ်မာန် ခက်ထန်လာသူများ က မိုလိုတော့ ဓါတ်ဆီ ဗုံးများ ဖြင့် ပစ်ပေါက်လာသည်။ သို့သော် ထိုသို့ ပစ်ပေါက်သူများလည်း ဆိုဗီယက်တို့၏ ပစ်ခတ် နှိမ်နှင်းခြင်းကို ခံခဲ့ကြရသည်။ ထိုသို့ အခြေအနေများကြားမှာပင် ဆန္ဒပြမှု များ ဆက်လက် ဖြစ်ပေါ်နေခဲ့သည်။

 

ချက် တို့ ကိုးကွယ်ရာ သူတော်စင် ရုပ်ထုကြီး ထားရှိသည့် ဝင်ဆာဆလာစ် ရင်ပြင်ကြီးသည် ဆန္ဒပြသူများ အဓိက စုဝေးရာ နေရာ ဖြစ်လာခဲ့သည်။ ထောင်ပေါင်းများစွာသော ပရပ်ဂ် မြို့နေလူထု သည် ရင်ပြင်ရှိရာ သို့ စုရုံး ရောက်ရှိလာကြသည်၊ ကျောင်းသားများသည် ရုပ်ထု ခြေရင်း တွင် ထိုင်လျက် နေရာယူထားကြသည်။

 

နံရံ များ ပေါ်တွင်လည်း ပန်းချီ နှင့် စာတန်း များ ရေးထိုးကာ ဆန္ဒပြခဲ့ကြသည်။ လူငယ်များက ပရပ်ဂ် မြို့လယ်ရှိ အလယ်ခေတ် အဆောက်အအုံ နံရံများ ပေါ်တွင် ဆိုဗီယက် ဆန့်ကျင်ရေး ကြွေးကြော်သံများ ရေးခြစ်ခဲ့ကြသည်။ အမျိုးမျိုး အဖုံဖုံ ရေးသားခဲ့ကြသော်လည်း ပေးချင်သည့် မက်ဆေ့ခ်ျကတော့ "အိုင်ဗန် ဂိုးဟုမ်း" သာ ဖြစ်သည်။

 

ဆိုဗီယက် တို့က ဒူးဆက် နှင့် အခြား ကွန်မြူနစ် ပါတီ ခေါင်းဆောင်ပိုင်းအား ထိန်းသိမ်းလိုက်သည်။ ထို့အတွက် လူထု ကြီးက အမျိုးသား ညီလာခံဟု ဆိုကာ အစည်းအဝေး တရပ် ခေါ်ယူလိုက်ပြီး မိမိတို့သည် လူသားမျက်နှာ နှင့် ဆိုရှယ်လစ်ဝါဒ ဖြင့် အကောင်အထည် ဖေါ်နေသော လွတ်လပ်ခွင့် များကို မဆုပ်မနစ် ထောက်ခံသွားမည် ဖြစ်ကြောင်း ကျေညာချက် ထုတ်ပြန်ခဲ့ကြသည်။