တရုတ် နိုင်ငံခြားရေး ဝန်ကြီး ၏ မြန်မာပြည် ခရီးစဉ်// ဂျပန်တို့ အဘယ်ကြောင့် ဒေါသ အကြီးအကျယ် ထွက်လာရသနည်း

by Hla Soewai - May 04 2023

တရုတ် နိုင်ငံခြားရေး ဝန်ကြီး သည် သုံးရက်ကြာ ခရီးစဉ် အဖြစ် နေပြည်တော်သို့ ရောက်ရှိလာပြီး မင်းအောင်လှိုင် နှင့် အင်္ဂါနေ့တွင် တွေ့ဆုံခဲ့သည်။

 

တရုတ်သည် “နိုင်ငံတကာ စင်မြင့် တွင် မြန်မာဖက်မှ ရပ်တည်နေကြောင်း” ပြောခဲ့သည်ဟု မြန်မာ ဖက်မှ ထုတ်ပြန်သော ကျေညာချက်တွင် ပါရှိလာသည်၊ မြန်မာ သည် ထိုခရီးစဉ် အပေါ် လုံးဝ အလွတ်မပေးပဲ ဗွေဆော်ဦး အခွင့်ကောင်း ယူလိုက်ပြီ ဖြစ်သည်၊ သို့သော် ထိုကျေညာချက်ကြောင့် တရုတ် အဖို့ မျက်နှာပျက်စရာ ဖြစ်ခဲ့ရသည် ကိုလည်း ထည့်သွင်း စဉ်းစားမိဟန် မတူပေ။ ၎င်းတို့ အဖို့ သူများ နှာခေါင်းပေါက် နှင့် အသက်ရှုနေကြရသည့် အဖြစ်ကို ရှက်ရကောင်းမှန်း မသိတော့ပဲ ဂုဏ်ယူ ဝင့်ကြွားစရာ အဖြစ် ဝါဒဖြန့်နေကြရပြီလည်း ဖြစ်သည်။

 

ချင်ဂန်းသည် အာဏာသိမ်းပြီး နောက် တရုတ် ဖက်မှ ရောက်ရှိလာသော အဆင့်မြင့်ဆုံး အစိုးရ အရာရှိကြီး တဦးလည်း ဖြစ်သည်။

 

နှစ်နိုင်ငံ အကြား သံတမန် ဆက်ဆံရေး၊ မိတ်ဆွေ ပီသစွာ ပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာပြည် အခြေအနေ၊ နယ်ခြား ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှု၊ စွမ်းအင် နှင့် လျပ်စစ်ကဏ္ဍ တွင် ပူးပေါင်း ဆောင်ရွက်ရေး များ ဆွေးနွေးခဲ့သည်ဟု အာဏာသိမ်း အဖွဲ့၏ ကျေညာချက် က ဆိုသည်။

 

"Talkers are usually more articulate than doers, since talk is their specialty." — ဟူသော အမေရိကန် လူမှု-စီးပွား ပညာရှင် သောမတ်စ် ဆိုဝဲလ် ၏ စကား အတိုင်း ထိုသို့ ချိုသာသော သံတမန်ရေး စကားလုံး များ diplomatic niceties များ နောက်ကွယ်တွင် ချင်ဂန်း၏ အခြား ရည်ရွယ်ချက်များ ကို သုံးသပ်ရမည် သာ ဖြစ်သည်။ သမ္မတ ဟောင်း ဦးသိန်းစိန်၊ အာဏာရှင် ဟောင်း ဦးသန်းရွှေ တို့ နှင့် ပါ တွေ့ဆုံမည်ဟု သတင်းများ ထွက်ပေါ်နေသည်။

 

ထိုသတင်းကို အမှန်ဟု ယူဆရပါက မင်းအောင်လှိုင်အား ဒီအတိုင်း လွှတ်ပေး၍ မဖြစ်တော့ ထိန်းကျောင်းပေး မှ ရမည်၊ ဆွေးနွေးပွဲ လမ်းကြောင်း ဆီ ဦးတည်ရန်၊ သို့မဟုတ်က ဖြစ်နိုင်လျှင် မင်းအောင်လှိုင် နှင့် ဆက်၍ လက်တွဲသွားဖို့ မဖြစ်နိုင်တော့ဟု ပြောဆိုသွားမည် ဖြစ်သည်၊ မြန်မာ အပေါ် တရုတ်၏ ရပ်တည်ချက် ကို အာရှ-အာဖရိက-လက်တင် အမေရိက နိုင်ငံငယ်လေးများက စောင့်ကြည့် သုံးသပ်နေမည် ဆိုသည်ကိုလည်း သိထားပြီ ဖြစ်သည်၊ လက်ရှိ အမေရိကန် နှင့် မဟာဗျူဟာ အရ ယှဉ်ပြိုင်မှု ပြင်းထန် လာချိန်တွင် တရုတ်သည် နိုင်ငံငယ်များ သူ့ဖက်ပါလာအောင် ဆွဲဆောင်နေရ သဖြင့် မြန်မာ ကြောင့် collateral damage ဘေးထွက် ထိခိုက်ပွန်းရှ မခံနိုင် ဖြစ်လာနေသည်။ ချင်ဂန်းသည် နိုင်ငံတော် အတိုင်ပင်ခံ နှင့် တွေ့ဆုံခွင့် ရရန်လည်း လုံးပမ်းဖို့ရှိနေသည်၊ စစ်အာဏာသိမ်း အဖွဲ့ကလည်း ၎င်းတို့အား လူလူသူသူ ဆက်ဆံလာသည်ကို သိတတ်သည့် အနေဖြင့် ခွင့်ပေးချင်လည်း ပေးနိုင်ပေသည်။ ဤသည်က တရုတ် အဖို့ လုပ်ချင်က လုပ်သင့် လုပ်ထိုက်ဆုံး ဖြစ်နေသည်။

 

တရုတ်သည် မြန်မာ အရေး အပေါ် ပြတ်သားစွာ ပြောဆိုနိုင်ရန် ပဏမ သဘောထား တီးခေါက်သည့် အနေဖြင့် နိုင်ငံတကာ ဆက်ဆံရေး ညွှန်ကြားရေးမှုး ချုပ် ပန် ရှုဘင် အား အရင်စေလွှတ်ခဲ့ခြင်း ဖြစ်ပုံရပြီး၊ ကုလသမဂ္ဂ အထူး သံတမန် နိုလင်း ဟေဇာ နှင့်လည်း ကနဦး တွေ့ဆုံခဲ့သည်ဟု ယူဆရသည်။

 

သို့‌သော် တရုတ်သည် အာဏာသိမ်း အဖွဲ့ အား ထောက်ခံနေမှု ရပ်ဆိုင်း သွားဖို့ မရှိပဲ၊ ဆက်လက် ထောက်ခံသွားနိုင်ရေး အတွက် လူကြားကောင်းမည့် ပုံစံမျိုး ဖန်တီးလိုပုံရသည်။ 

 

ဝါရှင်တန် ရှိ တရုတ် သံရုံး၏ ကျေညာချက် တွင် မူ ၂၀၂၀ ဇန်နဝါရီ လ တွင် လာရောက်ခဲ့သော သမ္မတ ရှီကျင့်ပင်၏ ခရီးစဉ် အတွင်း သဘောတူခဲ့သော နယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်မှု များ တိုးမြှင့်ရေး အတွက် ဖြစ်သည်ဟု နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရ ပုဂ္ဂိုလ်၏ မှတ်ချက်အား ကိုးကား ဖေါ်ပြခဲ့သည်။

 

ချင်ဂန်းသည် နယူးဒေလီ တွင် ပြုလုပ်မည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး သို့ တက်ရောက်ရန် အသွားတွင် နေပြည်တော်သို့ ခရီးတထောက် ဝင်ရောက်လာခြင်းလည်း ဖြစ်သည်။

 

ဂျပန်တို့ အဘယ်ကြောင့် ဒေါသ အကြီးအကျယ် ထွက်လာရသနည်း

 

အဆိုပါ သတင်း ခေါင်းစဉ် ဖြင့် ဂျာမန် သတင်းဌာန Deutsche Wells (DW) ၏ သတင်း တွင် ဂျပန်သည် ၎င်းတို့ လှုဒန်းထားသော ရေယာဉ်များကို ရခိုင်တပ်တော်အား တိုက်ခိုက်နိုင်ရန် စစ်သား များ နှင့် စစ်လက်နက် ပစ္စည်းများ သယ်ယူ ပို့ဆောင်ရေး တွင် သုံးနေသည် ဆိုသော လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့၏ သတင်း အပေါ် မကြုံဖူးအောင် ဒေါသ ထွက်လာပြီး အာဏာသိမ်း အဖွဲ့ အား တရားဝင် ကန့်ကွက်စာ ပို့ခဲ့ယုံမက ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာန မှ တိုကျိုတွင် သတင်းစာ ရှင်းလင်းပွဲ ခေါ်ယူပြီး ထုတ်ဖေါ် ပြောဆိုခဲ့သည်။

 

အာဏာသိမ်း အဖွဲ့ မှ ထိုလုပ်ရပ် အတွက် ချက်ခြင်းလို တောင်းပန်ခဲ့ပြီး နောက်နောင် ထိုသို့ မဖြစ်အောင် ဆင်ခြင်ပါမည်ဟု ကတိပေးခဲ့ရသည်။

 

ဂျပန်သည် အာဏာသိမ်း အဖွဲ့ နှင့် ဆက်ဆံရေး ပြတ်တောက်သွားခြင်း မရှိအောင် ထိန်းသိမ်းထားသည့် မူဝါဒကို ကျင့်သုံးနေသော်လည်း အရပ်သား ၃,၄၀၀ ခန့် သတ်ဖြတ်ခဲ့မှု များ တွင် ၎င်းတို့ သင်္ဘော များ သုံးစွဲနေသည့် အဖြစ် ကို မည်သို့ မျှ အစာမကြေ နိုင် ဖြစ်လာရသည်။ 

 

ဂျပန်သည်လည်း ကမ္ဘာ အလယ်တွင် နာမည်ဆိုး နှင့် ကျော်ကြားနေ‌သော စစ်အာဏာသိမ်း အဖွဲ့ နှင့် ရွှံ့ပုတ် အစင်မခံရအောင် သတိကြီးစွာ ထား ပြီး ဆက်ဆံနေရပြန်သည်။

 

အမည် မဖေါ်လိုသော ဂျပန် အစိုးရ အရာရှိတဦးကမူ “မြန်မာ နှင့် ဆက်သွယ်ရေး လမ်းကြောင်း ဖွင့်လှစ်ထားနိုင်ရေး သည် ဂျပန် အစိုးရ အတွက် လွန်စွာ အရေးကြီးနေပြီး တချိန်တည်းမှာပင် ၎င်းတို့၏ ဒီမိုကရေစီ မကျသော လုပ်ရပ်များ ကို ဝေဖန် ရှုတ်ချနေသည်” ဟု ထုတ်ဖေါ်ပြောဆိုခဲ့သည်။

 

သို့သော် ယခုအခါ တွင် တိုကျို၏ သဘောထားသည် သိသာထင်ရှားစွာ ပြောင်းလဲလာနေပြီ ဖြစ်သည်ဟု ၎င်းက ဆိုသည်၊ ဂျပန် အစိုးရ နှင့် နိုင်ငံရေး သမားများက မျှော်လင့်ထားသလို မြန်မာ စစ်တပ် အပေါ် ဩဇာ ညောင်း နိုင် သည့် အဖြစ် အထိ တက်လှမ်းမလာခဲ့ ဆိုသည်ကို သဘောပေါက်လာကြသော ကြောင့်ဟု ဆိုသည်။

 

စစ်အာဏာသိမ်း အဖွဲ့၏ လုပ်ရပ်များ ပြောင်းလဲခြင်း မရှိက ဂျပန် အဖို့ ၎င်းတို့ လက်ရှိ မူဝါဒ အား ဆက်လက် ကျင့်သုံးနေခြင်းသည် လုပ်သင့် လုပ်ထိုက်ကြောင်း ပြောနိုင်ဖို့ ခက်ခဲသည်ထက် ခက်ခဲလာရ၍ အခြား နိုင်ငံ များ နည်းတူ ပြင်းထန်သည့် အရေးယူ ပိတ်ဆို့ ဒဏ်ခတ်မှုများ တွင် ပါဝင်ရတော့မည်သာ ဖြစ်သည်ဟု အဆိုပါ အရာရှိက ပြောကြောင်း DW သတင်းတွင် ဖေါ်ပြထားသည်။ 

 

ဤသည်ကို ကြည့်က တရုတ် နှင့် ဂျပန် တို့သည် ၎င်းတို့နှင့် ဒီအတိုင်း မျက်စိမှိတ် ဆက်ဆံနေမည် ဆိုက နိုင်ငံ ဂုဏ်သိက္ခာ ကျဆင်းလာတော့မည့် အရေး ကို စိုးရိမ်လာကြပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!