လှိုင်သာယာ နှင့် ရွှေပြည်သာ တို့၏ တရုတ် အော်ပရာ

by Hla Soewai - May 04 2023

ယမန်နေ့က ပုဒ်မ ၅၀၅ (က) တပ်ကာ ဖမ်းဆီးထားသူ ၂,၁၅၃ ဦးအား အာဏာသိမ်း အဖွဲ့မှ ပြန်လွှတ်ပေးခဲ့သည်။ ထိုအရေး တွင် နာမည် ရသွားသူ၊ ဗုဒ္ဓဘာသာ အမြင်အရ မိသားစု များ ပြန်လည် ပေါင်းစည်းခွင့် ရသွား၍ ကုသိုလ် ရ သွားသူက မင်းအောင်လှိုင် မဟုတ်သည်က သေချာသည်။

 

တရုတ် နိုင်ငံခြားရေး ဝန်ကြီးသည် မင်းအောင်လှိုင် နှင့် မတွေ့မီ ဗိုလ်သန်းရွှေ နှင့် တွေ့ဆုံခဲ့မှု ကို ကြည့်လျှင် မည်သူ့ သည် နိုင်ငံတွင်း ဖြစ်ပျက်နေမှု များ အပေါ် ဩဇာ သက်ရောက်မှု ရှိနေသည် ဟု ၎င်းတို့ဖက်က ယူဆနေကြောင်း ကို ပြသလိုက်ရာ ရောက်သွားခဲ့သည်။

 

ချင်ဂန်းသည် သူ့အထင် နှင့် လုပ်ခြင်းတော့ မဟုတ်၊ မင်းအောင်လှိုင်သည် ဗိုလ်သန်းရွှေ ကို အာခံရဲသူ မဟုတ် ဆိုသည့် နေပြည်တော်တွင် ခြေချင်းလိမ်မတတ် ရှိနေသော တရုတ် ထောက်လှန်းရေး သတင်းများကို အ‌ခြေခံ၍ ဆုံးဖြတ်ခဲ့ခြင်းသာ ဖြစ်မည်။

 

ဗိုလ်သန်းရွှေ အဖို့က မင်းအောင်လှိုင်ကို စိတ်ချလက်ချ ထားပြီး မျက်စိမှိတ် သွား၍ မရ ဖြစ်လာသည်၊ တိုင်းပြည် အတွက်တော့ မဟုတ်၊ ကျန်ရစ်သူ သားသမီး မြေးများ အတွက် လက်ရှိ အနေအထားအရ မည်သို့ စိတ်ချလက်ချ ထားခဲ့နိုင်ပေမည်နည်း။

 

မင်းအောင်လှိုင် ပြုသမျှ ကိုယ်ပါ လိုက်ခံ နေရမည့် အရေးကို ခွင့်ပြုလိမ့်မည် မဟုတ်၊ တပ်တွင်း စည်းလုံး ညီညွတ်ရေး ပြသဖို့ အရေးကြီးနေ၍သာ အောင့်အီးသည်းညီး ခံနေရခြင်းလည်း ဖြစ်သည်။

 

နောက်တကြောင်းက တရုတ် ကို ပင့်ဖိတ်၍ သူ လုပ်စေချင်သည်များကို အကြံပေး ပုံစံမျိူး နှင့် ပြောမှ ရမည်ဟု တွက်ထားပုံရသည်၊ မင်းအောင်လှိုင်သည် သူ့အား ဆရာသမား အဖြစ်သာ လေးစားကောင်း လေးစား နေမည် ဖြစ်သော်လည်း၊ သူ၏ သမ္မတ ဖြစ်ရေး အတင်းအကျပ် လုပ်နေမှု များကို ကပျက်ယပျက် လုပ်လာသည်ဟု အထင်ရောက်လာပါက သူလည်း ဗိုလ်နေဝင်း လမ်းစဉ် နောက် ကောက်ကောက် ပါအောင် လိုက်သွားရမည် ကိုလည်း မတွေးမိပဲ နေမည် မဟုတ်၊ ထို့အတွက် လိမ္မာပါးနပ်စွာ မီးစင် ကြည့် က ရတော့မည် သာ ဖြစ်သည်။ လက်ရှိ တွင် တပ်ကို မည်သူ ထိန်းချုပ်ထားနိုင်သည် ဆိုသည်သာ အခရာ ဖြစ်သည်ကို ဗိုလ်သန်းရွှေ ကောင်းစွာ သိထားပြီးလည်း ဖြစ်သည်။

 

တရုတ်ဖက်ကလည်း မြန်မာ အရေး နှင့် ပတ်သက်၍ အင်မတန် မှ စွန့်စား ပြီး လောင်းကြေး ထပ်ထားရပုံ ရှိသည်၊ ထင်သည့် အတိုင်း ဖြစ်မလာက တရုတ် တို့ လက်ရှိ အနေအထားထက် ရှေ့တိုး၍ စီးပွားရှာ၍ ရတော့မည်မဟုတ်၊ ထို့အပြင် ပေါ်ထွန်းလာမည့် ဖက်ဒရယ် ပြည်ထောင်စု ကြီး တွင် တရုတ်တို့ ခြေရှုပ် ၍ ရမည့် အနေအထားများ ဆုံးရှုံးသွားရပေတော့မည်။ ထို့အတွက် တရုတ်သည် မည်သည့် အစိုးရ တက်လာလာ ဝင်ထွက်လွယ်မည့် နိုင်ငံ အခြေပြု ဆက်ဆံရေး မျိူးကိုသာ ဖိ၍ ပြောဆိုသွားခဲ့သည်။

 

တရုတ်၏ ကျေညာချက်ထဲတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းအားလုံး မိမိတို့ကြားရှိ ကွဲလွဲမှု များကို သင့်တင့်လျောက်ပတ်စွာ ဖြေရှင်းကြခြင်းဖြင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဆီသို့ အသွင်ကူးပြောင်းရေး ကို ဘီဂျင်းက ထောက်ခံကြောင်း ပါရှိလာ၍ လက်ရှိ အနေအထားကို အသိအမှတ် မပြုဟု အဓိပ္ပါယ် ဖွင့်ဆို၍ ရပေသည်။ ၎င်းတို့၏ ရွေးကောက်ပွဲ အားလည်း တလုံးတပါဒမျှ ရည်ညွှန်းခဲ့ခြင်းလည်း မရှိပေ။

 

ထို့အပြင် တရုတ်၏ သတင်းဌာနများသို့ ထုတ်ပြန်သော အဆိုပါ ကျေညာချက်တွင် အာဏာသိမ်း အဖွဲ့ ပြောသလို "နိုင်ငံတကာ စင်မြင့်တွင် မြန်မာနှင့် အတူ ရပ်တည်သွားမည်" ဆိုသော စကားရပ် ပါရှိမလာခဲ့ဟု ဟောင်ကောင်ရှိ South China Morning Post သတင်းစာတွင် ရေးသားထားသည်။

 

အနောက် အုပ်စု တွက်ချက်ပုံ က တမျိုး ဖြစ်သည်။ မီဒီယာ များ နှင့် လူ့အခွင့် အရေး အဖွဲ့များသည် idealist များ ဖြစ်သည်။ လက်တွေ့ကျကျ စဉ်းစား ကြည့် မည် ဆိုလျှင် စစ်အုပ်စု ကို ဖယ်ရှားလိုက်ယုံဖြင့် ပြဿနာ ပေါင်းစုံ ပြေလည်သွားမည် မဟုတ်၊ ထိန်းမရ သိမ်းမရ ဖြစ်လာသည့် အနေအထား ဆိုက မည်သူ တာဝန် ယူပေမည်နည်း။ abstract principles များထက် သမိုင်း သင်ခန်းစာများကို ကြည့်၍ လှုပ်ရှား နိုင်မှ ဖြစ်မည်ဟု ယူဆထားသည်။ တိုင်းရင်းသား တို့ တစည်းတလုံးတည်း ဖက်ဒရယ် ပြည်ထောင်စု ကြီး တည်ဆောက်သွားရန် သန္နိဋ္ဌာန် ချထားပြီး ဖြစ်သည်ကို ယုံကြည် လက်ခံလိုစိတ် မရှိဖြစ်နေသည်။

 

အနောက်အုပ်စု ၏ လက်ရှိ အနေအထားသည် ချောက်ထဲလည်း ကျသွားခြင်းမျိုး မဖြစ်စေရပဲ ချောက် ကမ်းပါးနား သို့ ရနိုင်သမျှ တိုးကပ်ကာ လှုပ်ရှားနေခြင်းမျိုး ဖြစ်သည်။

 

လက်ရှိ မင်းအောင်လှိုင် ၏ အနေအထားသည် နိုင်ငံ တောင်ပိုင်း၊ မန္တလေး အနောက်ခြမ်း လောက်တွင်သာ လွတ်လွတ် လပ်လပ် လှုပ်ရှားနိုင်တော့သည်၊ ကျန် ဒေသများတွင်တော့ လေကြောင်း ထောက်ကူ မရှိပဲ သွားလာ၍မရတော့၊ လူထု ၏ ယုံကြည်မှု သည်လည်း သုံညအောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော် အိမ်နီးချင်း နိုင်ငံများက ၎င်းတို့ အား အာဏာလက်ဝယ် ရှိသူ အဖြစ် သဘောထား ဆက်ဆံနေဆဲ ဖြစ်ပြီး လတ်တလော ဆုတ်ယုတ်နေမှု ဟု မှတ်ယူနေဆဲ ဖြစ်သည်။ လျှင်မြန်စွာ တိုးတက် ပြောင်းလဲလာနေသည့် အဖြစ်အပျက်များ နောက်တွင် ကျန်ရစ်ခဲ့မည့် အနေအထား ရှိနေသည်ဟု ဂျပန် အွန့်လိုင်းစာစောင် ဖြစ်သည့် The Diplomat တွင် ရေးသားထားသည်။

 

ဤနေရာတွင်လည်း အာဆီယံသည် နှစ် ဖွဲ့ကွဲထွက်သွားသည်၊ ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရ်ှ၊ အိန္ဒိယ တို့က Track 1.5 ဆိုကာ သီးခြား ဖြစ်လာသည်၊ ၎င်းတို့၏ ရည်ရွယ်ချက်သည် အာ‌ဆီယံ ကဲ့သို့ ညှိနှိုင်း ဆွေး‌ နွေးရေးထက် နည်းနည်းလေး လူမြင်ကောင်းအောင် ဒီမိုကရေစီ အယောင်ဆောင်ခိုင်းရန် လမ်းပြဖို့ပင် ဖြစ်သည်။

 

ထိုသို့ ချဥ်းကပ်မှု မျိုးသည်ပင် လက် တွေ့ မြေပြင် အနေအထား နှင့် ကင်းကွာနေရသည်။ Free Burma Ranger မှ ထုတ်ပြန်သော မြေပုံ အညွှန်းအရ မြန်မာ စစ်တပ်၏ လှုပ်ရှားမှုသည် မည်မျှအထိ ကျဉ်းမြောင်းလာနေသည် ကို တွေ့နိုင်သည်။ နိုင်ငံ၏ အဓိက ‌အဝေးပြေး လမ်းမကြီးများသည် လည်း ၎င်းတို့ ထိန်းချုပ်မှု အောက်မရှိတော့ပဲ စစ်ဆင်ရေး တရပ် ဆင်နွှဲနေသလို သွားလာနေရသည်။

 

ဆောင်းပါး က ဆက်လက် ဖေါ်ပြထားရာတွင် ထိုသို့ဆို၍ နေပြည်တော်သည် ရုတ်ခြည်း ပြိုလဲတော့မည်တော့ မဟုတ်၊ rump state ခေါ်သည့် မူလ အနေအထား မရှိတော့ ပဲ နယ်မြေ အများအပြား လက်လွှတ်လိုက်ရသည့် အခြေအနေ ဖြစ်လာနေသည် ဟု ဆိုသည်။ 

 

သို့သော် စစ်ဗိုလ်ချုပ်များသည် ဘန်ကာများ၊ ကတုတ်ကျင်းများထဲမှနေ၍ တိုင်းပြည်၏ အခြေခံ အဆောက်အအုံ များကို ထိန်းချုပ် ထားနိုင်သရွေ့ ကုလသမဂ္ဂ နှင့် အိမ်နီးချင်းများက de facto ခေါ် တကယ်တမ်း အာဏာရှိနေသူများ အဖြစ် အယောင်ဆောင် ဆက်ဆံနေကြဦးမည် ဖြစ်သည်ဟု ဆိုသည်။

 

အိန္ဒိယ အပါအဝင် အိမ်နီးချင်းများသည် လူ့အခွင့်အရေး အစရှိသည်တို့အား လစ်ဘရယ် ညှော်နံ့များဟု ယူဆနေ၍ လက်တွဲလုပ်၍ ရမည့် စစ်ဗိုလ်ချုပ်များကိုသာ တိုင်းပြည် အာဏာပိုင်များ အဖြစ် အတင်း ဆက်ဆံနေကြမည်သာ ဖြစ်သည်။

 

တရုတ် အဖို့က လောလောဆယ် စီးပွား ရေး အရ ဆက်ဆံနေ၍ ရအောင်သာ စိတ်မပါ့တပါ့ အသိအမှတ် ပြုထားရခြင်းဖြစ်သည်၊ ဒေသတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များကို သိမ်းသွင်းထားနိုင်ပြီ ဖြစ်၍ စစ်ဗိုလ်ချုပ်များ အာဏာ လက်လွှတ်သွားရသည့် တိုင် ၎င်းတို့ ရေနံ ပိုက်လိုင်းများ၊ နယ်စပ် ဂိတ်တံခါးများက ပွင့်မြဲ အတိုင်း ပွင့်နေမည်သာ ဖြစ်သည်။

 

ထိုင်း ဖက်ကလည်း မြန်မာ သည် ထိုသို့ ပြဿနာ နှင့် နပမ်းလုံးနေသ‌ ရွေ့ ၎င်းတို့အား ခြိမ်းခြောက်လာမည့် အန္တရာယ် အတွက် စိုးရိမ်စရာ မလိုသည့်အပြင် ဈေးပေါပေါ နှင့် ရနိုင်သည့် အလုပ်သမား ဈေးကွက်ကြီး အဖြစ် ထာဝစဉ် ရပ်တည်သွားနိုင်မည်ဟု ယူဆနေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!