အစ္စရေး နိုင်ငံ တည်ထောင်နိုင်ခဲ့သည် မှာ ၇၅ နှစ်ပင် တိုင်ခဲ့ပြီ ဖြစ်သည်။ အစ္စရေးသည် ၁၉၄၈ ခုနှစ် တွင် လွတ်လပ်ရေး ကို တရားဝင် မကျေညာရသေးမီ မှာပင် မိမိတို့ ရှင်သန် ရပ်တည်နိုင်ရေးသည် ၅၀-၅၀ သာ ရှိသည်ဟု ထိုစဉ်က အစ္စရေး စစ်ဗိုလ်ချုပ်များက သတိပေးခဲ့ဖူးသည်။ ထိုကဲ့သို့ အောင်မြင်ဖို့ ၅၀% မျှပင် မရှိသည့် အဖြစ်မှ ယခုကဲ့သို့ လွန်စွာ ချမ်းသာ ကြွယ်ဝလာသည့် အဖြစ်သာမက သမိုင်းတလျောက် ယခင်ကထက် ပို၍ပင် လုံခြုံစိတ်ချစွာ နေထိုင်လာနိုင်သည့် အဖြစ် ရောက် လာနိုင်ခဲ့သည်ကို တစေ့တစောင်း လေ့လာသင့်လှပေသည်။
အစ္စရေးသည် စစ်ပွဲများ၊ မိုးခေါင်ရေရှားမှု နှင့် ဆင်းရဲနွမ်းပါးမှု ဒဏ်ကို သဘာဝ အရင်းအမြစ်များ၏ ပံ့ပိုးနိုင်မှု မရှိပဲ လူသားတို့၏ ဇွဲသတ္တိ ခွန်အား တခုတည်း ဖြင့် အံကြိတ် တွန်းလှန်ခဲ့ကြရသည်။
ယခုအခါ အရှေ့အလယ်ပိုင်း တွင် အခြားနိုင်ငံများ၏ ပုခုံးပေါ် တက်ရပ်နိုင်ခဲ့ယုံမက တီထွင် ဖန်တီးမှု များ၏ အလယ်ဗဟို၊ ဂလိုဘယ်လိုက်ဇေးရှင်းမှ အသီးအပွင့်များ စွပ်ခူး နိုင်သူ ဖြစ်ခဲ့သည်။
လာမည့် ဆယ်စုနှစ် များ အတွင်း အစ္စရေးသည် ထိုကဲ့သို့ အခွင့်အလန်းများ ဆက်လက်ရရှိနေမည့် အပြင် ယခင်က မကြုံခဲ့ရဘူးသော အန္တရာယ်များနှင့်လည်း ရင်ဆိုင်ရဖို့ ရှိနေသည်။ ဦးဦးဖျားဖျား အဖြစ် မြည်းစမ်းခွင့် ကြုံခဲ့ရသည်က လက်ယာ စွန်းရောက် ဝန်ကြီးချုပ် ဘင်ဂျမင် နာသန်ရာဟူးကြောင့် ဖြစ်လာခဲ့ရသည့် တရားရေး ဆိုင်ရာ လွတ်လပ်ခွင့် များ နှင့် စပ်လျှင်းပြီး ဖွဲ့စည်းပုံ ပိုင်းတွင် အကျပ်အတည်းကြီး နှင့် ရင်ဆိုင်လာခဲ့ရခြင်းပင် ဖြစ်သည်။
နှစ်ဆယ်ရာစု နှစ် များ အတွင်း ပြည်ပ မှ ကျုးကျော်လာသည့် အန္တရာယ်များ နှင့် နပမ်းလုံးရင်း ရှင်သန်အောင် ရုန်းကန်ခဲ့ရသည့် အစ္စရေးသည် နှစ်ဆယ်တစ်ရာစု အတွင်းတွင်တော့ ပြည်တွင်း အကွဲအပြဲများ နှင့် ရင်ဆိုင်လာရတော့မည် ဖြစ်သည်။ ထိုအခါတွင် နိုင်ငံ တိုးတက်ရာ တိုးတက်ကြောင်း အင်အားများ ယုတ်လျော့ကျဆင်းလာတော့မည်လည်း ဖြစ်သည်။
အစ္စရေးသည် ရရှိခဲ့သော အောင်မြင်မှု များသည် အမြဲတစေ ရှိနေလိမ့်မည်ဟု လွယ်လင့်တကူ မှတ်ယူနိုင် လောက်သည်။ ၁၉၄၈ ခုနှစ် နောက်ပိုင်းတွင် ဖွဲ့စည်းပုံ ရေးဆွဲထားခြင်းမျိုး မရှိသေးသော်လည်းလစ်ဘရယ် ဒီမိုကရေစီ စနစ်ကို တန်းတူများပင် အားကျလောက်အောင် လွန်စွာမှ လွတ်လပ်သည့် တရားစီရင်ရေးစနစ် ဖြင့် တည်ထောင်နိုင်ခဲ့သည်။
နေုာက်ပိုင်းတွင် ဆိုရှယ်လစ် ဝါဒ နှင့် ခေတ္တခဏ ဆိုသလို ပလူးပလဲ လုပ်လာပြီးနောက် ဈေးကွက်စီးပွားရေး ကို ပွေ့ဖက်လာခဲ့သဖြင့် ၁၉၈၀ တွင် လူတဦးချင်းစီ၏ GDP သည် ဂျာမဏီ၏ တဝက်ခန့် အထိ ဖြစ်လာခဲ့သည်။ ယခုအခါတွင်တော့ ဂျာမဏီ ထက်ပင် ၁၂ % မြင့်မားလာခဲ့ပြီ ဖြစ်သည်။ အီဂျစ်ထက် ဆယ်တစ်ဆ ချမ်းသာ ကြွယ်ဝလာသည်။
အစ္စရေး တွင် "ယူနီကွန်း" စွန့်ဦးတီထွင်သည့် ကုမ္ပဏီများသည် အရှေ့အလယ်ပိုင်းရှိ ကျန်နိုင်ငံများထက် နှိုင်းစာလျင် အများဆုံး ဖြစ်နေသည်။ (ယူနီကွန်းဟု အမည်ပေးရခြင်းမှာ စွန်ဦး တီထွင်သူ ဖြစ်ပါလျက် တန်ဖိုးအားဖြင့် ဒေါ်လာ တစ်ဘီလီယံ ကျော် ထိ ရှိလာခြင်းကြောင့် ဖြစ်သည်)၊ နိုဘဲလ် ဆု ရသူ အရည် အတွက်သည်လည်း တရုတ်ထက်ပင် များပြားနေသည်။
ဘူမိနိုင်ငံရေး အလှည့်အပြောင်းများကိုလည်း အလိုက်သင့် အလျားသင့် ဖြတ်ကျော်နိုင်ခဲ့သည်၊ စစ်အေး တိုက်ပွဲကြီး အပြီးတွင် ဆိုဗီယက် ယူနီယံမှ ဂျူး တသန်းကျော်ကို ခေါ်ယူနိုင်ခဲ့သည်။ အမေရိကန် နှင့်လည်း အထူး ဆက်ဆံရေး မျိုး ဖြင့် ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့သည်။
ထူးခြား သာလွန် ကောင်းမွန်သော နည်းပညာများ ရရှိလာသဖြင့် စစ်ရေး တွင် အိမ်နီးချင်းနိုင်ငံများ အပေါ် အသာစီးရလာခဲ့ပြန်သည်။ ထို့အပြင် အမြဲလို အဆင်သင့် ရှိနေသည့် အရံတပ်အင်အားသည် ၄၀၀,၀၀၀ ခန့် ရှိထားပြန်သည်။
ရာသီဥတု အပြောင်းအလဲများ ကြောင့် မိုးခေါင်ရေရှား မှု နှင့် ကြုံလာရသည့် အခါမျိုးတွင် ဆားငန်ရေ မှ ရေချို ချက်လုပ်သည့် စက်ရုံများ ကွန်ယက်ပမာ ရှိနေ၍ လိုအပ်သော ရေပမာဏ၏ တဝက်ခန့်ကို ရရှိနေသည်။
အစ္စရေးသည် အကျပ်တည်းဆုံး အချိန်များဖြစ်သော ၁၉၇၃ ခုနှစ် ယွန်ကစ်ပူးစစ်ပွဲ၊ ၁၉၈၂ တွင် အပျက်ပျက် နှင့် နှာခေါင်းသွေး ထွက်ခဲ့ရသည့် လက်ဘနွန်ကို ကျုးကျော် ဝင်ရောက်ခဲ့မှု၊ ၁၉၉၅ တွင် ဝန်ကြီးချုပ် ယစ်ဇက် ရာဘင် လုပ်ကြံ ခံခဲ့ရမှု၊ အကြိမ်ပေါင်းများစွာ ပြိုလဲခဲ့ရသည့် ပါလက်စတိုင်း တို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များ အစရှိသည်တို့ ဖြတ်သန်းခဲ့ရသော်လည်း နိုင်ငံရေး နှင့် လူမှုရေး ဖက်တွင် ပြန်လည် ခေါင်းထောင်လာနိုင်ခဲ့သည် ချည်းပင် ဖြစ်သည်။
ထိုသို့သော အင်အားများကို စမ်းသပ်လာနိုင်သည့် အလားအလာ သုံးရပ် ရှိနေသည်။ ပထမက လူဦးရေ အချိုးအစားပင် ဖြစ်သည်။ အရွယ်အားဖြင့် နုနယ်သေးသော နိုင်ငံသည် ယခု အခါ လူဦးရေ အားဖြင့် ၁၀ သန်းခန့်သာ ရှိသေးသော်လည်း ၂၀၆၅ တွင် သန်း ၂၀ အထိ ဖြစ်လာနိုင်သည်။
သို့သော် နိုင်ငံတွင်း အကွဲအပြဲများက ပို၍ ကြီးထွားလာနေသည်။ နာသန်ယာဟူး၏ ညွှန်ပေါင်း အစိုးရသည် နယ်မြေ ချဲ့ထွင် အခြေချ နေထိုင်နေကြသည့် ဒေသများရှိ လက်ယာစွန်း ဘာသာရေး ပါတီများနှင့် ဒွေးရောယှက်တင် ဖြစ်လာသည်။ ထို့အတွက်ကြောင့်လည်း တရားရုံးများ၏ လွတ်လပ်စွာ တရားစီရင်ပိုင်ခွင့် ကို ကန့်သတ်လိုလာခြင်းလည်း ဖြစ်သည်။
နောက်တချက်သည် အလုပ်မလုပ်၊ စစ်မှု မထမ်း၊ ပြင်ပ ကျောင်းများသို့ တက်ရောက်သင်ကြားခြင်း မရှိပဲ နေထိုင်ခွင့် ရနေသည့် အော်သိုဒေါ့ ဂျုး အရည်အတွက် များပြားလာခြင်းပင် ဖြစ်သည်။ ယခုအခါတွင် လူဦးရေ၏ ၁၃% ရှိနေပြီး ၂၀၆၅ တွင် ၃၂% ထိ ရောက်လာနိုင်သည်။
မဲပေးခွင့် ရှိသူများ အကြား အကွဲအပြဲများ ဖြစ်လာနိုင်ပြီး နိုင်ငံရေး တွင် လက်ယာဖက် ပို၍ ယိမ်းလာသည်နှင့်အမျှ အစ္စရေး၏ လစ်ဘရယ် ဒီမိုကရေစီ စရိုက် လက္ခဏာများကို ထိခိုက်လာတော့မည် ဖြစ်သည်။ ထိုအခါတွင် ကွန်ပြူတာ ကုပ်ဒ် များ ရေးသားသူများ၊ ရင်းနှီးမြုပ်နှံသူများ၊ တီထွင် ဖန်တီးလိုသူများ တဖြေးဖြေး ထွက်ခွာကုန်ပြီး နိုင်ငံ ကြွယ်ဝ ချမ်းသာရေး ကို ထိခိုက်လာတော့မည် ဖြစ်သည်။
ဒုတိယ အလှည့် အပြောင်းကြီးက အစ္စရေး နယ်နမိတ် အတွင်း ရှိနေသည့် ပါလက်စတိုင်းများ မည်မျှ အထိ လက်ရှိ အတိုင်း တောင့်ခံနေနိုင်မည်နည်း ဆိုသည်ပင် ဖြစ်သည်။ ယခုအခါ ၎င်းတို့အား ကမ္ဘာကြီးက မေ့လျော့သွားကြပြီ ဖြစ်သည်။ ယင်းသည် အစ္စရေး အတွက် အားသာချက် ဖြစ်သော်လည်း ရေရှည်တွင် ထိုသို့ အမေလျော့ခံ ပါလက်စတိုင်းများသည် စီးပွားရေး ဖက်တွင်လည်း အဆမတန် နိမ့်ကျနေ၍ မည်သို့ မည်ပုံ အစ္စရေး တို့နှင့် ယှဉ်တွဲနေနိုင်မည်နည်း ဆိုသည့် က ပြောဖို့ ခက်ခဲလာရသည်။
ပါလက်စတိုင်း အာဏာပိုင် အဖွဲ့သည်လည်း အမည်သာ ကျန်တော့ပြီး မည်သူကမျှ လည်း ၎င်းတို့ အပေါ် အုပ်ချုပ်ပိုင်ခွင့် ရှိသူများ အဖြစ် သတ်မှတ်လိုစိတ်များ ကုန်ခမ်းလာကြသည်။
တခါက သိမ်းပိုက်ခံ ပါလက်စတိုင်း နယ်မြေ များ စီးပွားရေး တိုးတက်အောင် ဖန်တီးပေးရန် အစ္စရေး ခေါင်းဆောင်များက အောင့်သီးအောင့်သက်ဖြင့် လက်ခံထားခဲ့ကြသောလည်း ယခုအခါ ညွှန့်ပေါင်း အဖွဲ့တွင် ကြီးစိုးလာနေသော ဘာသာရေး ပါတီများက ပါလက်စတိုင်းတို့ကို အနောက်ဖက် ကမ်းပါးတွင် သာ အဆက်အဆံ မလုပ်ပဲ ပစ်ပယ်ထားလိုကြသည်။
ဤသို့ဖြင့် ဆင်းရဲတွင်း နက်သည်ထက် နက်လာနေသော အနောက်ဖက် ကမ်း နှင့် ဂါဇာ ကမ်းမြှောင်ဒေသများကြောင့် အစ္စရေး ၏ လုံခြုံရေး သာမက ကမ္ဘာ အလယ်တွင် မျက်နှာ ပျက်စရာ ဖြစ်လာရပေတော့မည်။
နောက်ဆုံး အရွေ့သည်က အစ္စရေးသည် ယခင်ကလို အမေရိကန် ၏ ထီးရိပ်ခိုနေ၍ မရတော့၊ ကမ္ဘာကြီးသည် multipolar ခေါ် သူ့ထက်ငါ လူစွမ်းကောင်းများ ထွက်ပေါ်လာနေပြီ ဖြစ်သည်။ ထိုသို့သော နိုင်ငံများသည် ပါလက်စတိုင်းတို့အား လည်း ဂရုစိုက်ကြဖို့ မရှိ၊ အစ္စရေး ၏ အာရှ နှင့် ကုန်သွယ်ရေးသည် အမေရိကန်ထက်ပင် များပြားနေပြီ ဖြစ်သည်။ သို့သော် အမေရိကန် ထံမှ လက်နက်များကို အစ္စရေးသည် ၆၆% ခန့် ဝယ်ယူနေရဆဲ ဖြစ်ပြီး လုံခြုံရေး အတွက်လည်း တာဝန်ယူမည်ဟု အာမခံထားပြီး ဖြစ်သည်။ သို့သော် လက်ရှိ အစ္စရေး ၏ နိုင်ငံရေး လားရာသည် အမေရိကန် တို့ သဘော မတွေ့ ဖြစ်လာနေသည်၊ အမေရိကန် ဂျုးများ၏ လေးပုံတပုံ ခန့်သည် အစ္စရေး အား အပါသိုက် နိုင်ငံ အဖြစ် မှတ်ယူနေသည်ဟု စစ်တမ်းများက ဆိုသည်။
အစ္စရေး တွင် အလယ်အလတ် သဘောထား ရှိ နိုင်ငံရေး မျိုး ရှိနေမှသာ ပါလက်စတိုင်း အရေးကို လက်တွေ့ကျကျ ကိုင်တွယ် နိုင်မည် ဖြစ်ပြီး အမေရိကန် နှင့် စိတ်ဝမ်းကွဲနိုင်သည့် အလားအလာများကို လျော့ချနိုင်မည် ဖြစ်သည်။
(ဧပြီ ၂၇ ရက်နေ့ အီကောနော်မစ် မဂ္ဂဇင်းပါ "As Israel turns 75, its biggest threat now comes from within" အား ကောက်နှုတ် တင်ပြသည်)