အသက်ပေး၍ မြေဇာပင် အဖြစ်ခံကြခြင်း

by Hla Soewai - Apr 26 2023

မင်းအောင်လှိုင်သည် ၎င်း၏ နှစ်သစ်ကူး သဝဏ်လွှာ တွင် နိုင်ငံသည် စီးပွားရေး တိုးတက်လာနေပြီး ပြည်သူများ အနေဖြင့် ပြည်ပ ပို့ကုန်များ အတွက် ယခုထက် ပိုကြိုးစား ထုတ်လုပ်ကြမည် ဆိုလျှင် ယခင် နှစ်များကထက် တိုးတက်လာမည်ဟု ယုံကြည်ကြောင်း ပါရှိလာခဲ့သည်။

 

လျှပ်စစ် မီးပင် တနေ့ သုံးနာရီ လောက် ရအောင် ဖြစ်ဖြစ်မည် လုပ်နေရချိန်တွင် မင်းအောင်လှိုင်သည် ထိုသို့ အရူးချီးပန်း စကားများကို ငါ့စကားနွားရ ပြောနေ၍ လက်အောက် ငယ်သားများ ၏ အရက်ဝိုင်းတွင်ပင် အကြီးဆုံး ပျက်လုံးကြီး သဖွယ် ဖြစ်လာနေပေသည်။

 

ထိုသို့ စစ်တက္ကသိုလ် ပညာရေး သာသာ ရှိသော မင်းအောင်လှိုင်သည် နိုင်ငံတကာ ရှိ ဟားဗတ်၊ ယေး နှင့် အောက်စဖို့ ကဲ့သို့ အထင်ကရ စီးပွားရေး ပညာရှင်များ၏ ခန့်မှန်းချက်ကို တုပြိုင် ပြောဆိုရဲခြင်းသည် နဲနဲနောနော အရှက်ကင်းမဲ့ယုံမျှ ဖြင့်တော့ မဖြစ်နိုင်၊ ဦးနှောက်ပါ သွက်ချာပါဒ လိုက်သွားသည့် အဆင့် ရောက်သွားပြီဟုပင် ပြောရမလို ဖြစ်နေသည်။

 

မင်းအောင်လှိုင်၏ ပျက်လုံး သဖွယ် ဖြစ်နေသော စကားများကို တကယ်တမ်း တွင် ရီမော နိုင်ကြခြင်း မရှိကြတော့။ ၎င်းတို့ အတွက် အိမ်မက်ဆိုးကြီး ဖြစ်လာစေမည့် ရွေးကော် ရုံး ဒုညွှန်ကြားရေးမှုးချုပ် ဒုဗိုလ်မှူးကြီး အငြိမ်းစား စိုင်းကျော်သူ အား ရန်ကုန် မြို့ လမ်းမတနေရာ လူမြင်ကွင်း တွင် ပင် သေနတ်ဖြင့် အချက်ပေါင်း များစွာ ပစ်ခတ် သတ်ဖြတ်ခြင်း ခံလိုက်ရသည့် သတင်းသည် ဟိုလေးတကျော်ကျော် ဖြစ်ကာ ပြည်တွင်း ဆိုရှယ်မီဒီယာ များ နှင့် နိုင်ငံတကာ သတင်း စာမျက်နှာ များ တွင် ပါရှိလာခဲ့သောကြောင့် ပင် ဖြစ်သည်။ ထိုသတင်းသည် ၎င်းတို့ အတွက် နေ့လားညလား၊ ငါ့အလှည့် ဘယ်တော့လဲ ဟု အတွေးများဖြင့် ခြိမ်းခြောက်လာနေပြီ ဖြစ်သည်။

 

ထိုသို့ လုပ်ကြံခံခဲ့ရသူများအား စစ်ဖက် အရာရှိကြီးများ မှ တဦးတလေမျှပင် လာရောက် အားပေးခြင်း မရှိသည့် အပြင် စစ်အခမ်းအနား နှင့် သင်္ဂြိုလ်ဖို့ ဝေးစွာ ဖြစ်ကတတ်ဆန်းပင် စီစဉ်ခဲ့ကြရသည့် အဖြစ်ကိုလည်း အံ့ဩနေကြမည်သာ ဖြစ်သည်။

 

တကယ်တမ်း ဆန်းစစ်ကြည့်မည်ဆိုက တိုင်းပြည် ယခုလို မင်းအောင်လှိုင် သဘောတခုတည်းဖြင့် လုပ်ချင်သလို လုပ်၊ ပြောချင်သလို ပြောခွင့်ရနေသည်မှာ ထိုကဲ့သို့ မိမိ မိသားစု အနေချောင်ရေး ဆိုသည့် စိတ်ဖြင့် ဝိုင်းဝန်း ပံ့ပိုးပေးနေကြသူ များ ရှိနေသောကြောင့်ပင် ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရမှ သံခင်တမန်ခင်းအရ အစွမ်းကုန် ကြိုးစားပြခဲ့ပြီး ဖြစ်သည်၊ သို့သော် မိမိတို့ အရေးအား ကိုယ်ထိလက်ရောက် ကူညီခြင်းလည်းမရှိ၊ ရှုတ်ချကြောင်း၊ စိုးရိမ်ကြောင်းသာ စာထုတ်နေသူများက “အကြမ်းဖက် အဖွဲ့အစည်း” ဟု သတ်မှတ်ခံရမည်ကို မည်သို့များ ဂရုစိုက်စရာ လိုပေမည်နည်း။ မိမိတို့ ကြမ္မာကို မိမိတို့ ဖန်တီးနိုင်ဖို့သာ ပဓာန ကျပေသည်။

 

မင်းအောင်လှိုင် ၏ အာဏာသိမ်း အဖွဲ့အား နိုင်ငံတကာ မှ ပြင်းထန်စွာ ပြစ်တင် ရှုတ်ချခံနေရချိန်တွင် ထိုင်း အိမ်စောင့် အစိုးရ နိုင်ငံခြားရေး ဝန်ကြီး နေပြည်တော်သို့ ရောက်ရှိလာသည့် သတင်းသည် အာဆီယံ တဖွဲ့လုံးအား တုန်လှုပ်သွားဖွယ်ရှိသည်။

 

ယခုလို အချိန်မျိုးတွင် ထိုင်း၏ လုပ်ရပ်သည် အာဆီယံ အဖွဲ့၏ ညီညွတ်ရေး ကို အမြစ်မှ ကိုင်လှုပ်လိုက်သလို ဖြစ်သွားစေခဲ့ယုံမက နိုင်ငံတကာ၏ အဖွဲ့ကြီး အပေါ် အယုံအကြည် ကင်းမဲ့သည်ထက် ကင်းမဲ့အောင် ဖြစ်သွားစေခဲ့သည်။

 

အမေရိကန် တို့ အဖို့လည်း နှစ်စဉ် စစ်ရေး လေ့ကျင့်နေသည်မှ အပ ထိုင်း အပေါ် လုံးဝ ဩဇာ ညောင်းခြင်း မရှိတော့ပဲ သဘောကွဲလွဲနေသည့် အဖြစ်သည်လည်း ပေါ်လွင်ထင်ရှားသွားခဲ့ရသည်။

 

ဗီယက်နမ် နှင့် လာအို နိုင်ငံများပင် ထိုသို့ ပြုလုပ်ခဲ့ခြင်းမျိုး မရှိပဲ အာဆီယံ အဖွဲ့ အတွင်း တာဝန်သိသိ ပြုမူနေပါလျက် ထိုင်း၏ ယခုလို လုပ်ရပ်သည် ၎င်းတို့သာ အရှက်ရစေသည့် အဖြစ် ရောက်သွားခဲ့ရသည်။

 

ထိုင်း နိုင်ငံခြားရေး ဝန်ကြီး သည် ၎င်း၏ နိုင်ငံ တွင် မီးထိန်ထိန် လင်းလျက် ရှိနေသော်လည်း မြန်မာ လေကြောင်းပိုင်နက်ထဲ ဝင်ရောက်လာချိန်တွင်တော့ လေယာဉ် ပေါ်မှနေ မြန်မာ မြို့ရွာများ မှောင်နှင့် မဲမဲ ဖြစ်နေသည်ကို သဘော အကျကြီး ကျနေမည် မှာ သေချာနေပေသည်၊ ထိုင်းသည် အစဉ်အလာအရ မြန်မာ အင်အား တောင့်တင်းလာမည့် အရေးကို မည်သို့မျှ အရောက်ခံ၍ မဖြစ်ဟုသော မူဝါဒကို အစဉ်တဆက် ကျင့်သုံးခဲ့ကြသည်။ 

 

မြန်မာ စစ်တပ် အားကောင်းလာလျှင် နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်များကို အကူအညီပေးသည်၊ တိုင်းရင်းသားများ ဖက်က အားကောင်းလာလျှင် မြန်မာ စစ်တပ် နှင့် ပူးပေါင်းသည်၊ ဤသည်က ထိုင်း၏ မြန်မာ အပေါ် ထားရှိသော နိုင်ငံခြားရေး မူဝါဒ ပင် ဖြစ်သည်။ တခါက ဗိုလ်ခင်ညွန့်ကပင် ထိုင်းသည် မည်သို့မျှ ယုံကြည်၍ မရသော အိမ်နီးချင်းမျိုး ဖြစ်သည်ဟု ဝန်ထမ်း အစည်းအဝေး တခုတွင် အလွတ်သဘော မှတ်ချက်ချသွားခဲ့ဖူးသည်။ 

 

အမေရိကန်သည် မြန်မာ ရေနံ နှင့် သဘာဝ ဓါတ်ငွေ့လုပ်ငန်းအား စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု မပြုခြင်းသည် ထိုင်းနိုင်ငံ ၏ စွမ်းအင် ဖူလုံရေးကို ထိခိုက်မည်ကို စိုးရိမ်‌သောကြောင့် ဟူသော အမေရိကန်၏ အယူအဆအား EarthRights International အဖွဲ့ကြီး၏ မူဝါဒ ရေးရာ အကြံပေး ကပ် ဟာဘာစတန်က ပယ်ချလိုက်ပြီး ထိုင်းအနေဖြင့် ပြည်ပ မှ ဓါတ်ငွေ့ရည် LNG များ ဝယ်ယူ တင်သွင်း ရသည့် အဆင့်သာ ရောက်သွားပြီး ဓါတ်အားခ တွင် မဆိုသလောက် တက်လာဖို့သာ ရှိသည်ဟု ဆိုသည်။ 

 

မြန်မာ စစ်ကောင်စီ မှလည်း လက်နက်များ ဝယ်ယူ အင်အား ဖြည့်တင်းနိုင်ရေး အတွက် နိုင်ငံခြားဝင်ငွေ ရနိုင်သမျှ ရရှိ‌ရေး သည်သာ ၎င်းတို့ အတွက် အရေးကြီးနေ၍ နိုင်ငံတွင်း စွမ်းအင် ပြတ်လတ်လာမှု ကို လစ်လျုရှုထားသည့် မူဝါဒ မျိုး ချမှတ် ကျင့်သုံးနေခြင်း ဖြစ်သည်ဟု ဆိုသည်။

 

ထိုင်းသည် ထိုသို့ LNG မှာယူ တင်သွင်းရသည့် အဖြစ် အရောက်မခံပဲ ၎င်းတို့ နိုင်ငံ စွမ်းအင် ဖူလုံရေး အတွက် ရနိုင်သမျှ မြန်မာဆီမှ ညှစ်ထုတ် ဝယ်ယူနေခြင်းသာ ဖြစ်သည် ဟု လည်း ပြောခဲ့သည်။

 

ဤနည်းဖြင့် မြန်မာ ၏ တရားမဝင် စစ်ကောင်စီသည် တရုတ် နှင့် ထိုင်းတို့ထံမှ ဒေါ်လာ ၂.၁ ဘီလီယံခန့် နှစ်စဉ် ရရှိ သုံးစွဲ နိုင်နေခြင်း ဖြစ်သည်ဟုလည်း ထောက်ပြခဲ့သည်။

 

အမေရိကန်သည် ယခုအခါ ဒေသတွင်း ဘူမိနိုင်ငံရေး သဘောအရ တရုတ် နှင့် ထိန်းညှိနိုင်ရန် ကြိုးပမ်းလာနေပြီ ဖြစ်၍ မြန်မာကဲ့သို့ ဒေသတွင်း တည်ငြိမ်မှု မရှိဆုံး ဖြစ်နေသည့် နိုင်ငံ အပေါ် အထူး အာရုံစိုက်လာနေပြီ ဖြစ်သည်ဟု မြောက်ကာရိုလိုင်နား ရှိ High Point တက္ကသိုလ်မှ နိုင်ငံရေး သိပ္ပံ ပါမောက္ခ မာတင် ကီဖာ က မှတ်ချက် ပေးခဲ့သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!