သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(135)

by Hla Soewai - Apr 26 2023

၁၉၆၈ - ကမ္ဘာအနှံ့ တော်လှန်ရေး များ ပေါ်ပေါက်လာခြင်း (၃)

 

တက္ကသိုလ် အာဏာပိုင်များသည် ကျောင်းသားများအား အဆောက်အဦး များထဲမှ နှင်ထုတ်နိုင်ရန် ရဲများ ကို ခေါ်ရမည့် အရေး ကို လက်တွန့်နေကြသည်၊ ထိုသို့ လုပ်လိုက်က အဓိကရုဏ်းများ ဖြစ်လာမည်ကို စိုးရိမ်နေကြ၍ ဖြစ်သည်။ သို့သော် တပတ်ခန့်အကြာတွင်တော့ ရဲများ ကျောင်းဝင်း အတွင်း ဝင်ရောက်လာခဲ့ပြီး ကျောင်းသားများ ရာနှင့်ချီ ၍ ဖမ်းဆီးခံခဲ့ရသည်။

 

ကျောင်းသားများသည် နောက်ထပ် ဆန္ဒပြပွဲများ ဆက်၍ ပြုလုပ်ခဲ့ကြသဖြင့် ‌တက္ကသိုလ် အား ကျန်ရှိသည့် စာသင်နှစ် အတွက် ပိတ်ပစ်ခဲ့ရသည်။ ကိုလံဘီယာ တက္ကသိုလ် သည်လည်း အားကစားရုံ ဆောက်မည့် အစီအစဉ် ကို စွန့်လွှတ်လိုက်သည်။ ဤသို့ဖြင့် ကျောင်းသားများ၏ ဆန္ဒပြရသည့် ရည်ရွယ်ချက် အထမြောက်ခဲ့သည်။ ထိုထက်ပို၍ အကျိုး ရှိသွားသည်က ကိုလံဘီယာ တက္ကသိုလ် ဆန္ဒပြပွဲကြီးသည် ကမ္ဘာတဝှမ်း အုတ်အော် သောင်းနင်း ဖြစ်သွားသည်အထိ ထင်ရှားသွားခဲ့ခြင်းပင် ဖြစ်သည်။

 

 ပြင်သစ် နှင့် ဗြိတိန် ရှိ တက္ကသိုလ် များ တွင် ကျောင်းတက်သော ကျောင်းသား အရည် အတွက်သည် နှစ်ဆခန့် များပြားလာသဖြင့် ကျောင်းသား အရည် အတွက် နှင့် သင်ကြားမှု အထောက်အကူပြု အရင်းအမြစ်များ မလုံမလောက် ဖြစ်လာသဖြင့် ကျောင်းသား လေးပုံသုံးပုံ ခန့်သည် ပညာတပိုင်းတစ ဖြင့် ကျောင်းထွ့က်ခဲ့ကြရသည်။

 

အထူးသဖြင့် ပဲရစ်မြို့ အနောက်ဖက် ‌ဆင်ခြေဖုံး ရှိ နန်တဲယား တက္ကသိုလ် သည် ကျောင်းသားများနှင့် ပြည့်သိပ်လာခဲ့သည်။ ထို့အတွက် ကိုလံဘီယာ တက္ကသိုလ် အရေး အခင်း မစတင်မီ တလ ခန့်ကပင် ကျောင်းသားများသည် တက္ကသိုလ် အုပ်ချုပ်ရေးရုံး ရှိရာ အဆောက်အအုံကို သိမ်းပိုက်ခဲ့ကြသည်။ သို့သော် ထိုသို့ သိမ်းပိုက်နိုင်ခဲ့မှုသည် အချိန်တို အတွင်း ပြီးဆုံးသွားခဲ့ပြီး ပါဝင်သူများသည် ကျောင်းစည်းကမ်း ဖြင့် အရေးယူခြင်း ခံခဲ့ကြရသည်။

 

သို့သော် ကျောင်းသားများ အတွက် အတွေ့အကြုံ များစွာ ရရှိသွားခဲ့ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု ရသွားခဲ့ကြသည်။ ကျောင်းသားများထဲတွင် ထင်ရှားလာသူသည် ဒန်နီရယ် ကွန်း ဘင်ဒစ် ဆိုသူပင် ဖြစ်သည်။ မိမိတို့ အားလုံးသည် ကမ္ဘာသမိုင်း ‌ကို ပြောင်းလဲပစ်ရန် တာဝန်ရှိလာသည့် အေးဂျင့်များ ဖြစ်သည်ဟု ဟစ်ကြွေးခဲ့သည်။

 

သို့သော် ကွန်း ဘင်ဒစ် နှင့် အခြားကျောင်းသားများ၏ ကံကြမ္မာကို ပဲရစ် ရှိ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှ ကြားနာ စစ်ဆေးပြီး ဆုံးဖြတ်ဖို့ ကျန်နေသေးသည်။ ကြားနာ စစ်ဆေးမှု စတင်သည့် နေမှာပင် ရုံးအပြင်ဖက်သို့ ၎င်းတို့အား ထောက်ခံသူ ကျောင်းသား များ စုံရုံး ရောက်ရှိလာကြသည်။

 

ဤသို့ဖြင့် မလိုအပ်ပဲ ပြဿနာကို မီးမွှေးသလို ဖြစ်သွားခဲ့ရသဖြင့် ပြင်သစ် အဓိကရုဏ်းရဲများ အပြေးအလွှား ရောက်လာကြပြီး အကြမ်းဖက် လူစု ခွဲခဲ့သည်။ ရဲများ၏ လုပ်ရပ်ကြောင့် နောက်ထပ် ဆန္ဒပြ ဆူပူမှု များ ဖြစ်ပွားလာခဲ့သည်။

 

ဆန္ဒပြရာတွင် ပါဝင်လာသော လူငယ်များသည် ၎င်းတို့ကိုယ် ၎င်းတို့ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်သူများ အဖြစ် ပြောင်းလဲ ရှူမြင်လာခဲ့ကြပြီ ဖြစ်သည်။ ကွန်း ဘင်ဒစ် ခန့်မှန်းခဲ့သည့် အတိုင်း ကမ္ဘာသမိုင်း အား ပြောင်းလဲမည့် အေးဂျင့်များ ဖြစ်လာနေကြပြီ ဖြစ်သည်။

 

နောက်ရက်များတွင် ဆန္ဒပြသူများသည် လက်ဝဲ ကမ်းပါးရှိ လက်တင် ကွာတား တလျှောက် ချီတက် ခဲ့ကြသည်။ ဒီတကြိမ်တွင်လည်း အာဏာပိုင်များက မစဉ်းစား မဆင်ခြင်ပဲ နန်တဲယား တက္ကသိုလ် နှင့် လက်တင် ကွာတား ရှိ ဆောဘွန်း တက္ကသိုလ်ကြီးကို ပိတ်ပစ်လိုက်ကြပြန်သည်။

 

CRS ဟု ခေါ်သော ချားလ် ဒီဂေါလ်၏ အဓိကရုဏ်း နှိမ်နှင်ရေး တပ်ဖွဲ့များသည် ဆန္ဒပြသူများအား ရက်ရက်စက်စက် ရိုက်နှက်ကာ ဖြိုခွင်းခဲ့ကြသည်။ ထို့အတွက် လူအနည်းငယ် ဖြင့် စတင်ခဲ့သော ဆန္ဒပြပွဲလေး မှ သည် လူအုပ်ကြီးသည် အတိုင်းအဆ မရှိ ကြီးထွား များပြားလာခဲ့တော့သည်။ (ပုံတွင် ရှု)

 

ယခုအခါတွင်တော့ ရက်ပေါင်း အတန်ကြာ ငြိမ်းချမ်းစွာ ဆန္ဓပြခဲ့ကြသော ကျောင်းသားများသည် ပြင်သစ် လုံခြုံရေး တပ်သားများကို ပြန်လည် ခုခံ တိုက်ခိုက်လာကြပြီ ဖြစ်သည်။ လမ်းပေါ်ရှိ လမ်းခင်း ကျောက်ပြားများကို ခွာယူပြီး ရဲများကို ပစ်ပေါက် ခဲ့ကြသည်။

 

ပြင်သစ် တွင် ၁၈၄၈ နှင့် ၁၈၇၀ နှစ်များတွင် ဖြစ်ပွားခဲ့သော တော်လှန်ရေးကြီးများတွင် ပြင်သစ် လူငယ် အမျိုးသား အမျိုးသမီးများသည် ရနိုင်သမျှ ပစ္စည်း များ နှင့် လမ်းများကို ပိတ်ဆို့ ခဲ့ကြဖူးသည်။

 

တရက် အတွင်း မှာပင် ကျောင်းသား ၄၆၈ ဦး ဖမ်းဆီးခံခဲ့ရပြီး ၃၆၇ ဦး ဆေးရုံ တွင် တက်ရောက် ကုသမှု ခံခဲ့ရသည်။ ပြင်သစ် လူထူကြီး၏ ကျောင်းသား များ အပေါ် ဂရုဏာ ယိုဖိတ်လာကြပြီ ဖြစ်ပြီး ဒဏ်ရာရသူများကို ပြုစုကုသပေးခြင်း၊ အစားအသောက် နှင့် ခြုံစောင်များ ယူလာပေးခြင်းတို့ဖြင့် ကူညီခဲ့ကြသည်။

 

ဆန္ဒပြသူများက အရံအတား များ နောက်တွင် စည်းလုံးလာကြပြီး "Internationale" သီချင်းကို သံပြိုင် သီဆိုခဲ့ကြသည်။ ထို့ပြင် ဗစ်တာဟူးဂိုး၏ "Les Miserables" ပြဇာတ်မှ တေးသွားများကိုလည်း လူငယ်များ အမှတ်ရလာကြပြီး "ဒီအရံအတား တွေ နောက်က ကမ္ဘာကြီးကို ရှူမြင်ချင်သပ ဆိုရင် ကျုပ်တို့ရဲ့ လွတ်လပ်ခွင့် အတွက် တိုက်ပွဲ ဝင်နေတာကို လာရောက် ပူးပေါင်းကြလော့" ဟုလည်း ဟစ်ကြွေးခဲ့ကြသည်။