စိတ်ဝင်စားဖို့ ကောင်းနေသော ဘန်ကီမွန်း ခရီးစဉ်

by Hla Soewai - Apr 26 2023

မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ကုလ အတွင်းရေးမှုးချုပ်ဟောင်း ဘန်ကီမွန်း နှင့် အဖွဲ့ဝင် ငါးဦးသည် ဧပြီ ၂၃ ရက်နေ့တွင် နေပြည်တော်သို့ ဆိုက်ရောက်လာပြီ ဖြစ်သည်။ ဘန်ကီမွန်းသည် နာဂစ် မုန်တိုင်း ဒဏ် သင့် ပြည်သူများ အား စစ်တပ်၏ ပေယျာလကန် ပြုထားမှု ကြောင့် အပြင်းအထန် ဝေဖန် ခံနေရချိန်တွင် ရောက်ရှိလာခဲ့ဖူးသည်၊ ထို့ပြင် နိုင်ငံတော် အတိုင်ပင်ခံ ကမကထ ပြု ကျင်းပခဲ့သော ပင်လုံညီလာခံသို့ ကိုယ်တိုင်ကိုယ်ကျ တက်ရောက်အားပေးခဲ့ဖူးသူလည်း ဖြစ်သည်၊ ထိုညီလာခံကြီးကို စစ်တပ်က ဝင်နှောက်၍ မအောင်မမြင် ဖြစ်သွားခဲ့ရသည်ကိုလည်း ကောင်းစွာ သိရှိထားပြီး ဖြစ်သည်။

 

ဘန်ကီမွန်းသည် The Elders ဟု ခေါ်သည့် ကမ္ဘာ အထင်ကရ ပုဂ္ဂိုလ်ကြီးများ အဖွဲ့၏ ဒုဥက္ကဌ လည်း ဖြစ်ပြီး အာဏာသိမ်းပြီး နှစ်လခွဲ အကြာ ကုလ လုံခြုံရေး ကောင်စီ တွင် မြန်မာ အရေး နှင့် ပတ်သက်၍ အဖွဲ့ ကိုယ်စား တက်ရောက်ဆွေးနွေးခဲ့ရာတွင် မြန်မာ အတွက် R2P ကို တောင်းဆိုခဲ့ဖူးသူလည်း ဖြစ်သည်။

 

ထိုအစည်းအဝေး တွင်ပင် နိုင်ငံတော် အတိုင်ပင်ခံ နှင့် သမ္မတကြီးအပါအဝင် ထောင်ပေါင်းများစွာ သော ဆန္ဒပြ ကန့်ကွက်သူများ အား ဖမ်းဆီးထာမှု နှင့် အရပ်သား များအား အသက် အန္တရာယ်ထိခိုက်အောင် ပြုမူမှုများကို ရှုတ်ချကြောင်း ပြောဆိုခဲ့သည်။

 

ထိုသို့ လူ့အခွင့်အရေး များ အား အကြီးအကျယ် ချိုးဖောက်နေချိန်တွင် အချုပ်အခြာ အာဏာပိုင် နိုင်ငံ တနိုင်ငံ ၏ ပြည်တွင်းရေး ကို ဝင်ရောက် မစွက်ဖက်သင့်ဟု မူ ဖြင့် အကြောင်းပြကာ မည်သို့မျှ အရေးမယူပဲ မနေသင့်ဟု ဆိုသည်။

 

ဘန်ကီမွန်းသည် မြန်မာ ပြည်သို့ သွားရောက်ပြီး ပါဝင် ပတ်သက်နေသူများ နှင့် တွေ့ဆုံပြီး တင်းမာမှု လျော့ပါးရေး အတွက် အဖြေရှာ နှင့် အကျပ်အတည်း ကို ငြိမ်းချမ်းစွာ ဖြေရှင်းပေးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း ထိုစဉ်က စစ်အာဏာသိမ်း အဖွဲ့က ပယ်ချခဲ့သည်။

 

စစ်အာဏာသိမ်း မှု အား လူသိရှင်ကြား ဆန့်ကျင်နေသော ဘန်ကီမွန်းအား မည်သူ၏ ကြားဝင်ခဲ့မှု ဖြင့် ယခုလို ခရီးစဉ် ဖြစ်ပေါ်လာခဲ့သည် ဆိုသည်ကား သဲသဲကွဲကွဲ မသိရ‌သေးသော်လည်း စိတ်ဝင်စားဖို့ ကောင်းနေပြီ ဖြစ်သည်။

 

ဧပြီ ၂၄ ရက်တွင် ကုန်ဆုံးမည့် သူ၏ ခရီးစဉ်မှ မည်သို့ မည်ပုံ ထူးခြားမှု ရှိလာနိုင်လဲ ဆိုသည်ကို သတိကြီးစွာ ထား၍ စောင့်ကြည့်ရမည်သာ ဖြစ်သည်။

 

မလေးရှားရှိ ဘူမိ မဟာဗျုဟာ ပါမောက္ခ ဒေါက်တာ အက်ဇမီ ဟာဆန် နှင့် မာလာယာ တက္ကသိုလ် အာဆီယံ ဒေသဆိုင်ရာ မူဝါဒ ရေးရာ ဌာနမှ ညွန်ကြားရေးမှုး ဒေါက်တာ ရာအူး မစ်ရှရာ တို့ နှစ်ဦးစလုံးသည် မြန်မာ အရေး နှင့် ပတ်သက်၍ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုများသည် ရေရှည် အကျိုးသက်ရောက်မှု မရှိဆိုသည့် အချက်နှင့် တသဘောတည်း ရှိသည်ဟု မှတ်ချက်ချခဲ့သည်။

 

မြန်မာတွင် ဒီမိုကရေစီ ပြန်လည် ထားရှိနိုင်ရန် အာဆီယံ အနေဖြင့် ဝင်ရောက် မစွက်ဖက်ရေး ဆိုသည့် မူဝါဒ မှ လူသားချင်း စာနာထောက်ထားမှု ကို အခြေခံပြီး ရလဒ်ကောင်းများ ထွက်ပေါ်စေမည့် စွက်ဖက်မှုမျိုး ပြောင်းလဲ ကျင့်သုံးရမည် ဖြစ်ပြီး နိုင်ငံတကာ အသိုက်အဝန်း အထူးသဖြင့် ကုလ လုံခြုံရေး ကောင်စီ နှင့် အာဆီယံ ၏ ဆွေးနွေးဖေါ် ဆွေးနွေးဖက် ပါတနာ များလည်း ပါဝင်ဖို့ လိုအပ်သည်ဟု ဆိုသည်။

 

အာဆီယံ၏ အချက် ငါးချက်ထဲတွင် တခုတလေမျှပင် စစ်အာဏာသိမ်း အဖွဲ့မှ သဘောတူ လိုက်နာလာအောင် ပြုလုပ်နိုင်ခဲ့ခြင်း မရှိသေးဟုလည်း ထောက်ပြသွားခဲ့သည်။

 

အာဆီယံ အနေဖြင့် ဒီအတိုင်း ထားမည် ဆိုလျှင် မြန်မာသည် ပုံမှန် အနေအထား ပြန်ရောက်နိုင်စွမ်း ရှိမည် မဟုတ်တော့ဟု ဆိုသည်။

 

၎င်းတို့ နှစ်ဦးစလုံးက ကုလ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ များ စေလွှတ်သင့်သည် ဆိုသော အချက်ကို ထုတ်ဖေါ်ပြောဆိုခဲ့ကြသော်လည်း အာဆီယံ သံတမန်ကိုပင် အဝင်မခံ ဖြစ်နေသည့် အနေအထား တွင် ကုလ ငြိမ်းချမ်းရေး တပ်ဖွဲ့ များ လာရောက်‌ရေး ကို အာဏာသိမ်း အဖွဲ့က သဘောတူ မည် မဟုတ်၊ တရုတ် နှင့် ရုရှားကလည်း ကန့်ကွက် ကြမည် သာ ဖြစ်သည်ဟု ပြောခဲ့ကြသည်။

 

မိမိ အမြင်ရ ပြောရလျှင် စစ်အာဏာသိမ်း အဖွဲ့သည် ကုလ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်များကို နောက်ဆုံး ထွက်ပေါက် ပိတ်မတတ် ဖြစ်လာချိန်တွင် ကုလ၏ ကြားဝင်စေ့ဆပ်မှု ဖြင့် ၎င်းတို့ လုံခြုံရေး ကို အကာအကွယ် ယူခိုင်းမည်သာ ဖြစ်သည်။

 

သို့သော် ကုလ ငြိမ်းချမ်းရေး တပ်များ စေလွှတ်‌ရေး ကို ၎င်းတို့ သဘောတခုတည်းနှင့် မဖြစ် ပဋိပက္ခတွင် ပါဝင်နေသူများ အားလုံး သဘောတူမှသာ စဉ်းစားကြမည် ဖြစ်သည်။

 

ပါဝင် ပတ်သက်နေသူများ အနေဖြင့်လည်း အာဏာသိမ်း အဖွဲ့၏ လှမ်းလာမည့် ခြေလှမ်းကို ကြိုတင် တွက်ဆထားလောက်ပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ စစ် မုချ အောင်ရမည်!!!