ယတြာလည်း မကယ်နိုင် တော့၊ ဘန်ကီမွန်း၏ ကျေညာချက် ထုတ်ပြီ

by Hla Soewai - Apr 26 2023

ဘန်ကီမွန်း၏ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ် အပေါ် The Elders အဖွဲ့ မှ ဧပြီလ ၂၅ ရက်နေ့ နေ့စွဲ ဖြင့် ကျေညာချက် ထုတ်ပြန်လာခဲ့သည်။ ကျေညာချက် အပြည့်အစုံ မှာ အောက်ပါအတိုင်း ဖြစ်သည်။

 

The Elders အဖွဲ့၏ ဒုဥက္ကဌ နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ် ဟောင်းလည်း ဖြစ်သူ ဘန်ကီမွန်းသည် မြန်မာသို့ ဧပြီ ၂၃-၂၄ ရက်နေ့တွင် ရောက်ရှိခဲ့သည်။ သူ၏ ခရီးစဉ်သည် အကြမ်းဖက်မှု များ အဆုံးသတ်ရေး နှင့် ငြိမ်းချမ်းပြီး ဒီမိုကရေစီ နည်းအရ အားလုံး ပါဝင်နိုင်မည့် တရားဝင် အစိုးရမျိုး ထူထောင်နိုင်ရေး လမ်းကြောင်းကို ရှာဖွေနိုင်ရန် အတွက် ဖြစ်သည်။

 

သူသည် မြန်မာ စစ်ခေါင်းဆောင်များ နှင့် သမ္မတဟောင်း သိန်းစိန် တို့အား တွေ့ဆုံခဲ့ပြီး အခြေအနေများကို ဆွေးနွေးကာ တည်တံ့ ခိုင်မြဲသော အဖြေတခု ပိုင်ပိုင်နိုင်နိုင် ရရှိရေး အတွက် အမျိုးသား ညီညွတ်ရေး အစိုးရ အပါအဝင် အဖွဲ့အားလုံး ပါဝင် နိုင်ရေး သည် အရေးကြီးကြောင်းကို အလေးအနက် ပြောဆိုခဲ့သည်။

 

“စစ်တပ်အား အကြမ်းဖက်နေမှုများ ချက်ချင်းလက်ငင်း ရပ်စဲပေးရန် နှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများ အားလုံးနှင့် အပြုသဘော ဆောင်မည့် ဆွေးနွေးမှုများ စတင်ရေး အား တိုက်တွန်းရန် မြန်မာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်” ဟု ဘန်ကီမွန်းက ပြောပြသည်။

 

“ကျွန်တော် တွေ့ဆုံခဲ့မှုများသည် နည်းလမ်းများ ရှာဖွေ ဖေါ်ထုတ်ရန် အတွက် ဖြစ်သည်။ ကျွန်တော် အနေဖြင့် မြန်မာ ပြည်သူများ အား သူတို့ နှင့် ထိုက်တန်သည့် ငြိမ်းချမ်းရေး၊ ကြွယ်ဝ ချမ်းသာရေး နှင့် လွတ်လပ်ခွင့် များ ရရှိရန် ကူညီနိုင်သမျှ အလုံးစုံ ကြိုးပမ်းသွားမည် ဖြစ်သည်။”

 

ပြီးခဲ့သည့် ခရီးစဉ်သည် မြန်မာ စစ်တပ်၏ ဖိတ်ကြားချက် ကြောင့် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ နေပြည်တော်တွင် တွေ့ဆုံခဲ့မှု များတွင် အာဆီယံ အဖွဲ့၏ အချက် ငါးချက် နှင့် ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်း ကုလ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ အား အကောင်အထည် ဖေါ်ရေးတွင် တိုးတက်မှု များ ရှိအောင် ပြုလုပ်ရေးသည် အဆောတလျှင် လိုအပ်နေကြောင်း အလေးအနက် ပြောဆိုခဲ့သည်။

 

သူသည် မြန်မာ စစ်တပ်၏ တရားလက်လွတ် ဖမ်းဆီးခဲ့သူများ ချက်ချင်း လွှတ်ပေးရန်၊ အပြုသဘော ဆောင်မည့် ဆွေးနွေးပွဲများ ပြုလုပ်ရန် နှင့် သက်ဆိုင်သည့် အဖွဲ့အစည်း အားလုံး မှ အစွမ်းကုန် ချုပ်တည်းပေးရန် နိုင်ငံတကာ၏ တောင်းဆိုနေမှု များ အား ထောက်ခံ ပြောဆိုခဲ့သည်။

 

ဘန်ကီမွန်းသည် မကြာမီက စစ်ကိုင်းတိုင်း အတွင်း လေကြောင်းမှ တိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသမီးများ နှင့် ကလေး သူငယ်များ အပါအဝင် ခန့်မှန်းခြေ အရပ်သား ၁၆၀ ခန့် သေဆုံးခဲ့မှု အပေါ် နိုင်ငံတကာ မှ ပြင်းထန်စွာ ရှုတ်ချခဲ့မှု အားလည်း ထပ်လောင်း ပြောဆိုခဲ့သည်။

 

ရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတ သည့် အခြေအနေများ ရှိမှသာ ကျင်းပရမည် ဖြစ်ကြောင်း၊ လက်ရှိ အခြေအနေများ ကြားတွင် ရွေးကောက်ပွဲ လုပ်မည်ဆိုက အကြမ်းဖက်မှုများ နှင့် သဘောထား ကွဲပြားမှု များ တိုးပွားလာအောင် ပြုရာ ရောက်မည် ဇြစ်ကြောင်း၊ ထွက်ပေါ်လာသော ရလဒ်များကို မြန်မာပြည်သူများ၊ အာဆီယံ နှင့် နိုင်ငံတကာ အသိုက်အဝန်းက အသိအမှတ် လည်း ပြုမည် မဟုတ်ကြောင်းတို့ကို သတိပေးခဲ့သည်။

 

ဒီမိုကရေစီ နှင့် အရပ်ဖက် အုပ်ချုပ်ရေး သို့ အပြည့်အဝ အသွင်ကူးပြောင်းရေး များ ဖြစ်ပေါ်လာရေးသည် ပြီးခဲ့သည့် ဆယ်စုနှစ် တလျှောက်လုံး The Elders အဖွဲ့ မှ မြန်မာ နှင့် ထိတွေ့ လုပ်ကိုင်ခဲ့ရသည့် အဓိက အကြောင်းပင် ဖြစ်သည်။ ဘန်ကီမွန်းသည် ကုလ အထွေထွေ အတွင်းရေးမှုး ချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်ကပင် မြန်မာ နိုင်ငံ တိုးတက်ရာ တိုးတက်ကြောင်း များကို ပုဂ္ဂိုလ်ရေး အရ ထောက်ခံခဲ့သည့် သမိုင်းကြောင်း ရှိသူလည်း ဖြစ်သည်။

 

“အာဆီယံ အဖွဲ့ဝင် နိုင်ငံများ နှင့် ပိုမို ကျယ်ပြန့်သော နိုင်ငံတကာ အသိုက်အဝန်း သည် မြန်မာပြည် ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီ ရရှိရေး အား နိုင်ငံတကာ၏ အလေးအနက် ထား စိုးရိမ်မှု သည့် အဓိက အကြောင်းရင်း ဖြစ်သည့် အားလျှော်စွာ ထို့အတွက် ညီညွတ်မှု နှင့် အခိုင်အမာ ဆုံးဖြတ်ထားပြီး ဖြစ်သည်ကို ပြသရန် လိုအပ်သည်။ စိတ်ရှည် ဇွဲရှိမှု ဖြင့်သာ လက်ရှိ အကျပ်အတည်း မှ ရုန်းထွက်ပြီး ရှေ့သို့ သွားနိုင်မည့် လမ်းကြောင်းကို ရှာဖွေနိုင်မည်ဟု ကျွန်တော် ယုံကြည်သည်။ စစ်တပ် အနေဖြင့် ပထမ ခြေလှမ်း ကို လှမ်းရမည် ဖြစ်သည်” ဟု ဘန်ကီမွန်း က ပြောသည်။

 

*************************

မင်းအောင်လှိုင် အဖို့က လှုပ်လေ မြုပ်လေ ဖြစ်နေသည်ကို အထင်အရှား တွေ့လာနေရသည်။ သူ့အပေါ် စာနာ နားလည် မည်ဟု ယူဆသူတိုင်းကို ဖိတ်‌ခေါ်လေ့ ရှိသော်လည်း သူထင်သလို ဖြစ်မလာသည်မှာ CNN သတင်းထောက်၊ ဘီလ် ရစ်ချတ်ဆန် တို့ မှ စ၍ တွေ့ကြုံလာခဲ့ရပြီ ဖြစ်သည်။ ကမ္ဘာပတ်နေသူများအား သူ၏ ဝါးလုံးခေါင်းထဲမှ ထိုင်၍ အဘယ်သို့များ လှည့်စား၍ ရနိုင်ပါအံ့နည်း။ 

 

ဘန်ကီမွန်းအား သူ၏ ယတြာ အစွမ်း ပြ နိုင်အောင် သူနှင့် မတွေ့ဆုံမီ တွင် နေပြည်တော်ရှိ သူတည်ထား ကိုးကွယ်နေသော ဗုဒ္ဓဆင်းတုတော် ကို ကမ္ဘာ အကြီးဆုံး ထိုင်တော်မူ ရုပ်ပွားတော်ကြီး အဖြစ် ဦးတိုက်ခိုင်းခဲ့သည်။ သို့သော် ဘန်ကီမွန်း၏ ပြင်းထန်သော စကားလုံးများ ဖြင့် ထွက်လာသော ကျေညာချက်ကြောင့် ရည်ရွယ်သည့် အတိုင်း ဖြစ်မလာခဲ့ပေ။

 

မင်းအောင်လှိုင်သည် ရည်မှန်းချက် ကြီးသည်၊ ဖြစ်အောင်လုပ်နိုင်စွမ်း ရှိသည့် အာဏာ နှင့် အရင်းအမြစ်များလည်း ရှိနေသည်၊ သို့သော် လက်ရှိ သူရင်ဆိုင်နေရသော ပြဿနာကြီးက မည်သို့မျှ ဖန်တီးယူ၍ မရ၊ မည်သည့် ယတြာ နှင့် မျှ ပံ့ပိုးပေး၍ မရသော စွမ်းဆောင်ရည် Talent နှင့် ဉာဏ် အမျှော်အမြင် Intelligence ကင်းမဲ့နေခြင်းပင် ဖြစ်ပေတော့သည်။

 

ရလဒ် အဖြစ် ၎င်းကို ထောက်ခံသူများ နေ့စဉ်နှင့် အမျှ အသက်များ ပေးဆပ်နေရပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!