ပဇီကြီး ရွာ မှ တပ်လှန့်သံ

by Hla Soewai - Apr 22 2023

ယနေ့သည် အမျိုးသား ညီညွတ်ရေး အစိုးရ တည်ထောင်ခဲ့သည် နှစ် နှစ်မြောက်နေ့လည်း ဖြစ်သည်။

 

ယခုအခါတွင်‌ တော့ စစ်ကောင်စီသည် အာဏာ သာ ဆုပ်ကိုင်ထားသော်လည်း အစိုးရ ပုံစံမျိုး ဖြင့် အုပ်ချုပ်ဖို့ အသာထား ထိန်းချုပ် နိုင်စွမ်းပင် မရှိဆိုသည်က သင်္ကြန် ရက်များက သက်သေခံနေပြီ ဖြစ်သည်။

 

ဤသည်ကိုလည်း ဧပြီ ၄ ရက်နေ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ မှ မဲမခွဲပဲ တညီတညွတ်တည်း သဘောတူညီချက် ဖြင့် ရှုတ်ချခဲ့ခြင်း၊ ထို့မတိုင်မီ ကုလ အထွေထွေ ညီလာခံ မှလည်း အလားတူ ပုံစံမျိုး နှင့် ရှုတ်ချခဲ့ခြင်း၊ လုံခြုံရေး ကောင်စီ မှ ပထမ ဆုံးအကြိမ် အဖြစ် ဆုံးဖြတ်ချက် ချမှတ် နိုင်ခဲ့ခြင်းတို့ဖြင့် စစ်ကောင်စီ သည် တရားဝင် ရပ်တည်ခွင့် မရှိသော အစိုးရ ဖြစ်ကြောင်း အတည်ပြု ပေးနိုင်ခဲ့ပြီ ဟုလည်း လူ့အခွင့် အရေး နှင့် ဖွံ့ဖြိုးမှု ဆိုင်ရာ Progressive Voice and Asia Forum မှ ပြောသည်ဟု မဇ္ဇျိမ သတင်းတွင် ပါရှိလာခဲ့ပြန်သည်။

 

မိမိတို့ဖက်မှ အသက် သွေး ချွေးတို့ဖြင့် ပေးဆပ်ကာ မဆုပ်မနစ် ခုခံ တွန်းလှန် နိုင်ခဲ့၍သာ ယခုလို အနေအထား မျိုး ဖန်တီးနိုင်ခဲ့ခြင်းသာ ဖြစ်သည်။

 

သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးကျော်ဇော မှ ယခုအခါ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ် ကို အပြည့်အဝ အကာအကွယ် ပေးသွားနိုင်ဖို့သည် အဓိက စိမ်ခေါ်မှု ကြီး ဖြစ်လာနေသည်ဟု ပြောကြားခဲ့သည်။

 

စစ်တပ်သည် တိုင်းပြည်ကို ထိုသို့ အုပ်ချုပ်သွားနိုင်ရမည်ဟု ခေတ်အဆက်ဆက် သင်ကြား တတ်မြောက်လာခဲ့သူများ ဖြစ်၍ ရှေ့လျောက်လည်း ကျူးလွန်ကြဦးမည်သာ ဖြစ်သည်။ ယခုပင် လူသားချင်း စာနာထောက်ထားစွာ အကူအညီ ပေးနိုင်ရေး ကို ၎င်းတို့ အနိုင်ရရေး အတွက် လက်နက် သဖွယ် အသုံးချ နေကြပြီ ဖြစ်သည်။

 

၎င်းတို့ဖက်မှ အနိုင်ရနိုး၊ အနိုင်ရနိုး နှင့် လူစိတ်ပျောက်ကာ နည်းလမ်းမျိုးစုံ ကြိုးပမ်းနေခြင်းကြောင့် တိုင်းပြည်သည်လည်း ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း အဆိုးရွားဆုံး အခြေအနေ ဆိုက်ရောက်နေပြီ ဖြစ်သည်။

 

ထိုကဲ့သို့ အကြပ်တည်းဆုံး အခြေအနေ နှင့် ရင်ဆိုင်နေကြရသဖြင့် စစ်တပ် အလိုတော်ရိများ မှ အပ ပြည်သူများသည် သွားသတိ လာသတိ ဖြင့် ကျီးလန့်စားစား ဖြင့် စားဝတ်နေရေး အတွက် ရုန်းကန်နေရ ကြ ရသည်။

 

ထိုသို့သော အခြေအနေဆိုးမှ တိုင်းပြည်နှင့် လူထု အား ကယ်တင်နိုင်ရန် တဇောက်ကန်း သမားများနှင့် ရင်ဆိုင်ဖို့ ခံစစ်မှ ထိုးစစ်သို့ မဖြစ်မနေ ကူးပြောင်းရတော့မည့် အချိန် ရောက်ပြီ ဖြစ်သည်ဟု ပဇီကြီး မှ တပ်လှန့်လိုက်ပြီ ဖြစ်သည်။

 

စစ်ကိုင်း နှင့် မကွေးရှိ တော်လှန်ရေး အင်အားစု များ အနေဖြင့် မိမိတို့ ဒေသရှိ ပြည်သူများ အား ကာကွယ်ပေးနိုင်ရန် စုစုစည်းစည်း ဖြင့် ထိုးစစ်ကြီး တရပ် ဖေါ်ဆောင်ရန် လိုအပ်လာပြီဟု ယူဆမိသည်။ အမျိုးသား ညီညွတ်ရေး အစိုးရသည် ထိုကိစ္စကို ထိတ်တန်း ဦးစားပေး အဆင့် သတ်မှတ်ပြီး လိုအပ်သည်မှန်သမျှ ပံ့ပိုးပေးရမည် ဖြစ်သည်။

 

တို့ထိ တို့ထိ လုပ်နေ၍ မရတော့၊ မိမိ ဒေသ နာသည်ထက် နာဖို့သာ ရှိပြီး ကြာလျှင် လူထု၏ အယုံအကြည် မဲ့ပြီး၊ စိတ်လျော့ကာ ပေလျာလကံ ပြုလာခြင်းကို ခံရနိုင်ဖွယ် ရှိသည်။

 

မိမိသာ စိုးရိမ်မကင်း ဖြစ်၍ ပြောနေ‌သော်လည်း အမျိုးသား ညီညွတ်ရေး အစိုးရ မှ အစီ အမံများ ပြုလုပ် ပြီးလောက်ပြီဟု ယူဆရပေသည်။ ထိုသို့ လုပ်မည်ဟုလည်း ယာယီ သမ္မတကြီး ဒူဝါး လရှီးလ မှ ကတိပေးထားခဲ့ပြီလည်း ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန် ခုခံစစ် မုချ အောင်ရမည်!!!