ရန်သူလက်နက် ကိုယ့်လက်နက်

by Hla Soewai - Apr 22 2023

မင်းအောင်လှိုင်သည် သင်္ကြန် ကာလ အတွင်း ရေသဘင် ဆင်နွှဲခြင်း မတွေ့ရပဲ မြင်ကွင်းမှ ပျောက်ကွယ်နေ၍ လူအများ အတန်ငယ် စိတ်သက်သာမှု ရခဲ့ကြသည်။ နှစ်ကူး တွင် ၎င်း၏ အမိန့်ဖြင့် အကျဉ်းသား ၃,၁၁၃ ဦးအား လွှတ်ပေးခဲ့ရာ နိုင်ငံခြားသား ၉၈ ဦး ပါဝင်သည်ဟု သိရသည်။

 

လူသားချင်း စာနာ ထောက်ထားမှု ဖြင့် ပြန်လွှတ်ပေးခြင်းဟု ပြောလာ၍ နေ့ချင်းညချင်း စိတ်ပြောင်းသွားဖို့က မဖြစ်နိုင်လှပေ။

 

ဧပြီ ၁၁ ရက်နေ့ တိုက်ခိုက်မှု ကြီးတွင် လူပေါင်း ၁၇၀ ခန့် သေဆုံးသွားသည့် အနက် အမျိုးသမီး ၂၇ ဦး နှင့် အနီးအနားတွင် ပြေးလွှား ဆော့ကစားနေသော ကလေးသူငယ် ၁၉ ဦး ပါဝင်သည်ဟု သတင်းများက ဆိုသည်။

 

ဖေဖေါ်ဝါရီ လ အတွင်း ရဟတ်ယာဉ် ဖြင့် စစ်သား ၁၅၀ ခန့် ချပေးကာ ဘီလူး စစ်ကြောင်းဖြင့် စစ်ကိုင်းတိုင်း အတွင်း မွှေနှောက် ဖျက်ဆီး သတ်ဖြတ်ခဲ့သည်ဟု အီတလီ အခြေစိုက် သတင်းဌာန Inter Press Service (IPS) တွင် ဖေါ်ပြထားသည်။

 

အကျယ်အဝန်း အားဖြင့် အင်္ဂလန်ထက်ပင် ကြီးမားသော စစ်ကိုင်း နှင့် မကွေးတိုင်း ဒေသများတွင် နေ့စဉ်လို တိုက်ပွဲ များ ပြင်းထန်နေပြီး မြို့ပြဒေသများ တွင် စစ်တပ်မှ အခိုင်အမာ ထိန်းချုပ်နိုင်နေ၍ ပုံမှန်လို ပြန်ဖြစ်လုနီး အနေအထား တွင် ရှိနေသည်၊ ဤသည်ကို ကြည့်က တိုင်းပြည် အခြေ အနေ သည် နှစ်ပိုင်း ကွဲလာနေသည်ဟု IPS က ဆိုသည်။

 

အာဆီယံသည် ယခုလို အနေအထားမျိုးတွင်ပင် ၎င်းတို့ ၏ အချက် ငါးချက်အား ပြောင်းလဲမည့် အနေအထား မျိုး မတွေ့ရပဲ လှေနံဓါးထစ် ဆုပ်ကိုင်ထားဆဲပင် ဖြစ်သည်။

 

နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်မှ ကုလ လုံခြုံရေး ကောင်စီ ရှိ ဗီတို အာဏာ ကိုင်စွဲထားသော နိုင်ငံ ကြီး များ သည် နိုင်ငံတွင်း စစ်တပ်မှ ဗြောင်ကျကျ ရက်စက်စွာ လူထု အား သတ်ဖြတ်နေခြင်းကို "ပြည်တွင်းရေး" ဆိုကာ အရေးယူပေးရန် ပျက်ကွက် နေမှု များသည် လွန်စွာ ရှက်စရာ ကောင်းလှကြောင်း ဧပြီ ၁၆ ရက် နေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသွားခဲ့ပြီ ဖြစ်သည်။

 

တရုတ် နှင့် ရုရှားသည် လက်ရှိ အနေအထားသာ ၎င်းတို့ အကျိုးရှိရာ ရှိကြောင်း ဖြစ်နေ‌၍ မြန်မာ အကျပ်အတည်းကို ဖြေရှင်းရန် နိုင်ငံတကာ၏ ကြိုးပမ်းမှုများကို ဝိုင်းဝန်း ပိတ်ဆို့နေခြင်းပင် ဖြစ်သည်။ အထူးသဖြင့် တရုတ်သည် မြန်မာအား နောက်ဖေး ခြံ အလား သဘောထားနေ၍ ၎င်းတို့ ဆုံးဖြတ်သည့် ငြိမ်းချမ်းရေး မျိုးသာ ဖြစ်ရမည်ဟု သံဓိဋ္ဌာန် ချထားပြီး ဖြစ်သည်။ ထို့အတွက် ဘာမှ ဖြစ်လာနိုင်စရာ မရှိသော အာဆီယံ၏ မူ ငါးချက်ကို ထောက်ခံနေခြင်းလည်း ဖြစ်သည်။

 

အမေရိကန်သည်လည်း အစ္စရေး နှင့် ပတ်သက်၍ တင်သွင်းသော အဆို မှန်သမျှ နီးပါးကို တောက်လျောက် ဗီတိုအာဏာ သုံးကာ ပယ်ချခဲ့သည် ခြည်းပင် ဖြစ်သည်။

 

နိုင်ငံကြီးများ၏ ကုလ ကို ခုတုံးလုပ်ကာ ကိုယ်ကျိုး စီးပွား ကာကွယ်နေသော လုပ်ရပ်များသည် တကယ်တမ်းတွင် ဒေါ်ဇင်မာအောင် ပြောသလို ရှက်ဖွယ်လိလိပင် ဖြစ်သည်။

 

လောလောဆယ်တွင် ဂျပန်၏ ရေနံရှာဖွေ ရေး နှင့် တူးဖေါ်‌ရေး ကုမ္ပဏီ ကြီး ဖြစ်သော Eneos သည် "လူမှုရေး ပြဿနာများ" ကြောင့်ဆိုကာ ဧပြီ ၁၂ ရက်နေ့မှစ၍ နိုင်ငံတွင်းမှ လုပ်ငန်းများ အပြီးအပိုင် ရုပ်သိမ်းသွားခဲ့ပြီ ဖြစ်သည်။

 

ကုလ မြန်မာ လူ့အခွင့်အရေး တာဝန်ခံ တွန် အင်ဒရူးသည် ဧပြီ ၁၉ မှ စ၍ ဆယ်ရက်ကြာ ခရီးစဉ် အဖြစ် တိုကျိုသို့ ရောက်ရှိလာမည် ဖြစ်ပြီး ဂျပန် အစိုးရ အရာရှိများ၊ ကုလ အေဂျင်စီ များ၊ လူ့အခွင့်အရေး အဖွဲ့များ၊ ဂျပန် ကုမ္ပဏီ ကြီးများ နှင့် တွေ့ဆုံပြီး မြန်မာ အရေး ဖြေရှင်းရန် ဂျပန်အား ဦးဆောင်မှု အခန်း မှ ပါဝင်ရန် တိုက်တွန်း သွားမည် ဖြစ်သည်ဟု သိရသည်။

 

အိန္ဒိယ သည် အကြမ်းဖက် စစ်ကောင်စီ အား ‌ရွှေပြည်အေး ဝါဒ ကျင့်သုံးခဲ့သော်လည်း ၎င်းတို့ မျက်စိအောက်မှာပင် ကိုးကိုးကျွန်း တွင် တရုတ်၏ ထောက်လှန်းရေး အချက်ပြ ဆက်သွယ်ရေး စခန်းကြီး ပေါ်ထွက်လာမှု အတွက် အပြင်းအထန် ဝေဖန်ခံနေရပြီ ဖြစ်သည်။

 

မြန်မာ စစ်တပ်သည် တရုတ်ထံမှ လက်နက်များ ရရှိရေး၊ စစ်လက်နက် ပစ္စည်း စက်ရုံ တည်ဆောက်ရေး အတွက် အကူအညီ ရရှိရေး အတွက် အပေးအယူ လုပ်ခဲ့သည်ဟု ယုံကြည်နေကြသည်။

 

အနောက်အုပ်စု မှ ယနေ့ထိ ကိုယ်ထိ လက်ရောက် ကူညီခြင်းမျိုး မရှိသေးသော်လည်း အကြမ်းဖက် စစ်တပ် ထံ တရုတ် နှင့် ရုရှားတို့၏ လက်နက်တင်ပို့မှု သည် အာဏာသိမ်းပြီး နောက်ပိုင်း နှစ်ဆခန့် မြင့်တက်လာနေသည်ဟု ဆွီဒင် ရှိ စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန ဌာန၏ စာရင်းဇယား များ တွင် ပါရှိလာခဲ့သည်။

 

ယနေ့ ကာကွယ်ရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ယင်းမာပင်ခရိုင် ကနီရှိ ရန်သူ၏ တာဝါတိုင် ကုန်း စခန်းကို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်မျိုးစုံ နှင့် ခဲယမ်း များ သိမ်းဆည်းရမိခဲ့သည်ဟု ဓါတ်ပုံ နှင့် တကွ သတင်းထုတ်ပြန်လာသည်။ (ပုံတွင် ရှူ)

 

ထို့အတူ နေပြည်တော်ရှိ အေလာ လေတပ် စခန်းအား ၁၀၇ မမ ရှောတိုက် ဒုံး လေးလုံးဖြင့် ပစ်ခတ်ခဲ့ရာ လေယာဉ် ဆီ လှောင်ကန်ကြီး နှစ်ခု ကို ထိမှန်ခဲ့ပြီး မီးအကြီးအကျယ် လောင်ကျွမ်းခဲ့သည်ဟု ခေတ်သစ် မီဒီယာ တွင် ဖေါ်ပြထားသည်။

 

ရန်သူ့လက်နက် သည် ကိုယ့်လက်နက် ဖြစ်ရမည် မဟုတ်ပါလော။

 

မည်သူ့ အကူအညီ မှ မပါပဲ မြန်မာတို့၏ အနိုင်မခံ အရှုံး မပေး ကြံ့ကြံ့ခံ တွန်းလှန်နေမှု ကို ကမ္ဘာ မီဒီယာ များ တွင်ပင် တအံ့တဩ ဖေါ်ပြနေကြပြီ လည်း ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!