ပါရှန့်လက်ရုံး (သို့) ကာဆင် ဆိုလာမာနီ

by Hla Soewai - Jan 04 2020

အီရန် စစ်တပ်မှာရှိတဲ့ စစ်ဘက်ခေါင်းဆောင်တွေ ထဲမှာ ကာဆင် ဆိုလာမာနီ ဆိုတဲ့ ဗိုလ်ချုပ်တစ်ယောက် က အနောက်မီဒီယာတွေပေါ်မှာ ထင်ရှားတယ်။ သူ့ရဲ့ စစ်ဘက်ရာထူးက ဗိုလ်ချုပ် ဖြစ်ပါတယ်။ အနောက်ဘက် အခေါ်တော့ ကြယ်နှစ်ပွင့် ဗိုလ်ချုပ်ပါ။ သူတာဝန်ယူ အုပ်ချုပ်ရတာက ကွဒ် လို့ခေါ်တဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။ နိုင်ငံရပ်ခြား မှာ စစ်ဆင်ရေးတွေ ဆောင်ရွက်ရတဲ့ တပ်ပါ။ အီရန် အမျိုးသား အစောင့်တပ်ရဲ့ လက်ရွေးစင် တပ်လို့ ဆိုပါတယ်။ သို့သော် စစ်ဆင်ရေးတွေ ဆောင်ရွက်ရတဲ့ တပ်မကြီးမဟုတ်ဘဲ ထောက်လှမ်းရေးဆန်တဲ့ လုပ်ငန်းတွေကို လုပ်ရတဲ့ အဖွဲ့အစည်းပါ။ ပြည်ပ (အရှေ့အလယ်ပိုင်း) မှာရှိနေတဲ့ စစ်သွေးကြွ အဖွဲ့ တွေ ကိုချဉ်းကပ်၊ ထောင်ပံ့ပြီး စည်းရုံးတယ်။ အီရန် ဩဇာ တည်ဆောက်တယ်။ အထူးသဖြင့် မျိုူနွယ်တူတွေ ကို အခြေပြုစည်းရုံးတယ်။ ပြီးတော့ အီရန် အတွက် ကြားခံ စစ်ဆင်ရေးတွေ ဆောင်ရွက်စေတယ်။ ဥရောပ နဲ့ အမေရိက တိုက်မှာ ကွန်ယက်တွေ ဖြန့်ကျက်ထားပြီး လုပ်ကြံသတ်ဖြတ်မှု့တွေ အကြမ်းဖက် မှု့တွေကိုလည်း အားပေး အားမြှောက် ပြုတယ်လို့ ဆိုပါတယ်။
.
ကာဆင် ဆိုလာမာနီဟာ အီရန်တော်လှန်ရေး အချိန်ကတည်းက စစ်မှု့ထမ်းခဲ့ ပြီး စစ်ဆင်ရေးပေါင်းစုံ စစ်ပွဲပေါင်းစုံ မှာ ပါဝင်ပတ်သက်ဖူးတယ်။ သူက တိုက်ခိုက် ရေး ထက်ထောက်လှမ်းရေး ဆန်တဲ့ စစ်ဆင်ရေးတွေ ကို လုပ်ခဲ့ရပါတယ်။ သူ့မှာ ကြီးမားကျယ်ပြန့်တဲ့ ကွန်ယက်ရှိပါတယ်။ နာမည်ကြီး လက်ဘနွန်က ဟစ်ဇဘိုလာ လို စစ်သွေးကြွတွေဟာ သူ့ရဲ့ လက်ချက်မ ကင်းဘူး။ ဆီးရီးယား စစ်မှာ အာဆက်အစိုးရကို အနီးကပ် အထောက်အကူပေးခဲ့ ပါတယ်။ ဟစ်ဇဘိုလာနဲ့ ဆီးရီးယားထဲ က ရှီးယိုက် သူပုန်တွေ ကို ထောက်ပံ့ပေးပြီး တစ်ဆင့်ခံ စစ်ရေးလှုပ်ရှားမှု့ လုပ်တာမျိုးပါ။ အိုင်အက်စ်ကို အတိုက်မှာ အီရတ်က ရှီယိုက်စစ်သွေးကြွ တွေ ကို စုစည်း ပြီးထောက်ပံ့ပေးတဲ့ အပြင် ကိုယ်တိုင် စစ်မြေပြင်ဆင်းပြီး ကွပ်ကဲခဲ့ပါတယ်။ တကယ်တော့ သူ့ ကွန်ယက်က အီရတ်မှာ ဆတ်ဒမ် ဟူစိန် လက်ထက် ကတည်းက ရှိနေတာ။ ပင်လယ်ကွေ့စစ်ပွဲ အပြီးမှာ အီရတ် မှာ ရှိတဲ့ ရှီယိုက် ဆန့်ကျင်ရေး အုပ်စုလေးတွေကို စည်းရုံးပြီး ဆတ်ဒမ် ဆန့်ကျင်ရေးတွေ၊ သတင်း စုဆောင်း စုံစမ်းမှု့တွေ လုပ်ခဲ့ဖူးပါတယ်။
.
အီရတ်မှာ အစ္စလန်မစ် နိုင်ငံတော် (ISIS) ကို တိုက်တဲ့ စစ်ပွဲမှာ အီရတ်မှာ ရှိတဲ့ ရှိယိုက် အုပ်စုတွေကို စုစည်းပြီး စစ်သွေးကြွ အုပ်စုကြီးတစ်ခု ဖြစ်အောင် ထူထောင်ခဲ့ပါတယ်။ Popular Mobilization Forces (PMF) အဖွဲ့လို့ အမည်ရတယ်။ စစ်ပွဲအတွင်း သူကိုယ်တိုက် စစ်မြေပြင်ဆင်းပြီး ကွပ်ကဲခဲ့တဲ့အပြင် အဲ့ဒိ စစ်သွေးကြွအုပ်စု က အောင်ပွဲ တွေ ရခဲ့တယ်။ အီရန် ရဲ့ ကနဦးရည်မှန်းချက်က ဟစ်ဇဘိုလာလို အီရန် လက်ဝေခံ စစ်အုပ်စု တစ်ခု ကို အီရတ်ထဲမှာ တည်ထောင်ဖို့ပဲ။ အကွဲကွဲ အပြားပြားနဲ့ မငြိမ်မဝပ် ဖြစ်နေတဲ့ အီရတ်နိုင်ငံရဲ့ အခြေအနေက အခွင့်ကောင်းပဲလို့ ဆိုပါတယ်။ အဲ့ဒိကမှ တစ်ဆင့်တက်ပြီး အီရန်လိုလားတဲ့ (လူများစုဖြစ်တဲ့) ရှီယိုက် အစိုးရတစ်ခု ပေါ်လာဖို့ အထိ ရည်မှန်းဟန်ရှိ ပါတယ်။
.
အီရန်ဟာ သူ့ ပတ်ပတ်လည် အာရပ် နိုင်ငံတွေရဲ့ အရေးအခင်းတွေမှာ ဝင်စွက်ဖက်ပြီး လက်တံ ဆန့်နိုင်သလောက် ဆန့်ပါတယ်။ ယီမင်က ဟူသီ သူပုန်တွေကိုလည်း ထောက်ပံ့ပေးပြီး ပြိုင်ဘက် ဆော်ဒီကို ရင်ဆိုင်တယ်။ တလောကလည်း ဆော်ဒီကို ဟူသီတွေပစ်တဲ့ ဒရုံးနဲ့ ဒုံးပျံတွေဟာ အီရန်လုပ်တွေလို့ ဆိုတယ်။ နောက်ကွယ်က ကြိုးကိုင်မှုတွေဟာ ဗိုလ်ချုပ် ဆိုလာမာလီ လက်ချက် မကင်းဘူးလို့ ဆိုပါတယ်။ ဒါတွေကို ကြည့်ရင် အီရန်ဟာ အရှေ့အလယ်ပိုင်း နိုင်ငံတွေမှာ သူ့ ဩဇာကို တည်ထောင်ပြီး နိုင်ငံရေး နဲ့ စစ်ရေး အရပါ လွှမ်းမိုးနိုင်အောင် ကြိုးစားနေတယ် ဆိုတာ ထင်ရှားပါတယ်။ ဆိုလာမာလီဟာ အီရန် အတွက် လက်ရုံးတစ်ဆူပါပဲ။
.
အမေရိကန် ထိပ်တန်း အရာရှိတွေက အီရတ်မှာ ဆိုလာမာလီနဲ့ တွေ့ဆုံ ညှိနှိုင်းခဲ့ဖူးတယ်ဆိုတဲ့ ကောလာဟာလ လည်း ထွက်ခဲ့ဖူးပါတယ်။ အမေရိကန်တွေက မဟုတ်ပါဘူး လို့ ငြင်းခဲ့ဖူးတယ်။ တွေ့တဲ့ နေရာက အီရတ် သမ္မတရဲ့ နန်းတော်မှာတဲ့။ တကယ်လို့ ဒီ ကောလာဟာလသာ မှန်ရင် အီရတ် အစိုးရဟာ အီရန်ဘက် ယိမ်းလာတဲ့ သဘော လို့ ယူဆနိုင်တယ်။ အီရန်က အီရတ်ကို အရံ မိတ်ဖက်နိုင်ငံ အဖြစ် ပုံသွင်းဖို့ လိုလားတယ်။ အထူးသဖြင့် အမေရိကန်ရဲ့ စစ်ရေး အင်အား ဟာ အီရတ်မှာ အခြေပြုနေနိုင် တာကို မလိုလားပါဘူး။
.
ဆိုလာမာနီဟာ ဆီးရီးယားမှာ အာဆတ် အစိုးရကို ကောင်ကောင်း ကျားကန် ပေးနိုင်ခဲ့ပြီး အီရတ်မှာလည်း အိုင်အက်စ် ကိုတိုက်တဲ့ စစ်ဆင်ရေး အတွေ အတွင်းမှာ သူ့ရဲ့စစ်သွေးကြွတွေကို ရေပန်းစားအောင် လုပ်ခဲ့ နိုင်တယ်။ ဒီအခြေအနေမှာ ဒီ စစ်သွေးကြွတွေကနေ တစ်ဆင့် အီရတ်မြေပေါ်မှာ ရှိတဲ့ အမေရိကန် ရဲ့ အကျိုးစီးပွားကို တိုက်ခိုက်မှု့တွေ လုပ်စေခဲ့တယ်။ တလောက အီရတ် ရေနံမြေဖြစ်တဲ့ ကာလ်ကွတ်မှာ ရှိနေတဲ့ အမေရိကန် အခြေစိုက် စခန်းကို ဟစ်ဇဘိုလာတွေက ဒုံးပျံနဲ့ ပစ်တယ်။ အဲ့ဒိ တိုက်ခိုက်မှု့မှာ အမေရိကန် အရပ်သား ကန်ထရိုက်တာ တစ်ယောက် သေသွားတယ်။ ဒါကို လက်တုန့်ပြန်တဲ့ အနေနဲ့ အမေရိကန်တွေက အဲ့ဒိ ရှိယိုက် PMF စခန်းကို လေကြောင်းကနေ တိုက်ခိုက်တယ်။ ရှီယိုက် စစ်သွေးကြွေတွေ သေကြေကုန်တယ်။
.
ဒီလေကြောင်း တိုက်ခိုက်မှု့ကို လက်တုန့်ပြန်တဲ့ ပုံစံက နဲနဲ ထူးခြားတယ်။ ရှီယိုက် ကျောင်းသားတွေ အရပ်သားတွေကို အမေရိကန် ဆန့်ကျင် ဆန္ဒပြပွဲတွေ လုပ်စေတာပါပဲ။ သည်ကနေတစ်ဆင့် ဆန္ဒပြသူတွေဟာ သံရုံးကို ဝင်စီးပြီး တိုက်ခိုက်ခိုသည် အထိ ဖြစ်သွားပါတယ်။ နှစ်သစ် အကူးမှာ ဖြစ်တဲ့ တိုက်ခိုက်မှု့ဟာ ရှီယိုက် စစ်သည်တွေ သေဆုံးတာကို မကျေနပ်တဲ့ အတွက် အရပ်သားတွေက အုံကြွပြီး အမေရိကန် သံရုံးကို တိုက်ခိုက်တဲ့ ပုံစံမျိုး လို့ တွေ့မြင်နိုင်ပါတယ်။ အမှန်တကဘ် တိုက်ခိုက်ချင်တာ မဟုတ်ဘဲ လူထုကြားမှာ အမေရိကန် ဆန့်ကျင်ရေး အမြင်တွေ ကျယ်ပြန့်လာအောင်၊ လုပ်ရဲ ကိုင်ရဲ ရှိလာအောင် ဦးတည်တယ်ဆိုတာက ပိုမှန်ပါလိမ့်မယ်။ ဒီဖြစ်ရပ် ဟာ အီရန် ရှားဘုရင် ကျဆုံးစေတဲ့ အရေးအခင်းပုံစံကို အမှတ်ရစေပါလိမ့်မယ်။
.
ဒိအတွက် အမေရိကန် သမ္မတ ထရမ့်ရဲ့ တုန့်ပြန်ပုံက အတော်လေးကြမ်းပါတယ်။ ဒီတိုက်ခိုက်မှု့တွေ ရဲ့နောက်ကွယ်က လက်သည်ဟာ ဗိုလ်ချုပ် ဆိုလာမာနီ ဖြစ်တယ် လို့ စွပ်စွဲပြီး မနေ့ည ကမောင်းသူမဲ့ လေယာဉ်သုံးကာ အသေ လုပ်ကြံသတ်ဖြတ်လိုက်တာပါပဲ။ ဆိုလာမာနီ PMF အဖွဲ့ ဆီအလာ အီရတ်နိုင်ငံ ဘဂ္ဂဒက် လေဆိပ်က အထွက် မှာ တိုက်ခိုက် ခဲ့တာပါ။ အီရန် အနေနဲ့ ဒီလို တိုက်ခိုက်မှု့ ကို မြော်လင့် ထားဟန် မရှိပါဘူး။ တစ်ကမ္ဘာလုံး မထင်မှတ်ထားတာ ဆိုလျှင် ပိုမှန်ပါလိမ့်မယ်။
.
စီးပွားရေးသမားဖြစ်တဲ့ သမ္မတ ထရမ့်ဟာ ခဲတစ်လုံးနှင့် ငှက်များစွာကို ပစ်လိုက်ဟန်ပါပဲ။ ကွန်ဂရက် မှာ ပြစ်တင်စွပ်စွဲခံ နေရတာကို လည်းသက်သာအောင်၊ နောင် သမ္မတ သက်တမ်းအတွက်လည်း အထောက်အကူဖြစ်အောင်၊ အီရတ်မှာ တစ်တိတစ်တိ တိုးလာတဲ့ အီရန်ရဲ့ လွှမ်းမိုးမှု့ကို လည်း ဟန့်နိုင်အောင် လုပ်လိုက်တဲ့ သဘောလည်းရှိချင်ရှိမှာပေါ့။ အမေရိကန်တွေ အနေနဲ့ အဆိုးဆုံး အခြေအနေကိုတွက်ဆ ပြင်ဆင်ထားမှာ မလွဲပါဘူး။
.
လောလောဆယ် တော့ အီရန်ရဲ့ ကြားခံစစ်ပွဲ ပါရဂူ (proxy war master) တစ်ယောက်ကို လက်စတုံး နိုင်တာကတော့ အမေရိကန် အတွက် အကျိုး အမြတ်တစ်ခုပါပဲ။

Z Tint Wai