မိမိတို့ အချင်းချင်း စည်းလုံးညီညွတ်နေရေးသည်သာ အရေးကြီးဆုံး

by Hla Soewai - Apr 22 2023

မင်းအောင်လှိုင် ၏ မိုက်ရူးရဲ လုပ်ရပ်ကြောင့် အနောက်နိုင်ငံများ၊ အိမ်နီးချင်း အာဆီယံ နိုင်ငံ များ ပါ ရှိရင်းစွဲ သိက္ခာများ ကျဆင်းကုန်ပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်သည် ယခုအခါ သူ၏ ကြေးစားတပ်များကို ဗုံးဒဏ်ခံခဲ့ရသော ကန့်ဘလူ မြို့နယ် အတွင်းရှိ ပဇီကြီး ကျေးရွာ သို့ ထပ်မံ စေလွှတ်လိုက်ပြန်သည်၊ ၎င်းတို့အား အပေါ်မှ တိုက်လေယာဉ် များ၊ ရဟတ်ယာဉ်များ ဖြင့် ဝဲပျံကာ အကာအကွယ် ပေးနေကြသည်၊ စစ်သားများသည် တရွာလုံး နီးပါး ထွက်ပြေး တိမ်းရှောင်နေကြသော်လည်း တွေ့သမျှ လူများ ကို ဖမ်းဆီးကာ သေဆုံးသွားရသူများသည် PDF တပ်များ ထောင်ထားသော မိုင်းများ နင်းမိ၍သာ ဖြစ်သည်ဟု ထွက်ဆိုချက် ရယူရန် နှင့် ကျန်ရှိနေသေးသော သက်သေ အထောက်အထားများကို ရှင်းလင်း နိုင်ရန် အတွက် ရောက်လာကြခြင်း ဖြစ်ကြောင်း ဒေသခံ များ အပြောအား ကိုးကား၍ ဧရာဝတီ တွင် သတင်း ဖေါ်ပြထားသည်။

 

ထိုသို့ မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက် စစ်တပ်၏ လုပ်ရပ်များသည် လစ်ဗျား ခေါင်းဆောင် ကဒါဖီ ကဲ့သို့ သွေးရူးသွေးတမ်း ဖြစ်လာနေသော်လည်း အနောက်နိုင်ငံများ အနေဖြင့် ပါးစပ်ပြောနှင့်သာ ရှိနေသေး၍ မိမိတို့၏ အကျိုးစီးပွား မထိခိုက်သရွေ့ ၎င်းတို့၏ လူ့အခွင့်အရေး ဟု ပြောဆိုနေကြသည်များကို အယုံအကြည် ကင်းမဲ့လာကြပြီ ဖြစ်သည်။ မင်းအောင်လှိုင်သည် အမေရိကန် နှင့် အနောက်အုပ်စု တို့၏ ရန်သူ မဟုတ်၊ သူ့လုပ်ရပ်များကို မကြိုက်နှစ်သက်ခြင်းမျိုး သာ ရှိသည်၊ ထိုကဲ့သို့ အဖြစ်မျိုး မရောက်အောင် မင်းအောင်လှိုင်သည် ရှေးယခင် အာဏာရှင်များအတိုင်းပင် ကဒါဖီ ကဲ့သို့ ၎င်းတို့ အပေါ် ရဲရဲတောက် ဆန့်ကျင် ပြောဆိုခြင်းမျိုး မလုပ်ရဲပဲ အတတ်နိုင်ဆုံး အောင့်အီးကာ ပြောသမျှ ခေါင်းငုံ့ခံနေပြီး လိမ္မာ ပါးနပ်စွာ လှုပ်ရှားနေခြင်း ဖြစ်သည်။

 

သို့သော် လတ်တလော ပြဿနာ တက်လာနေသည်က အာဆီယံ ပင် ဖြစ်သည်၊ မြန်မာ အ‌ရေး ကြောင့် အာဆီယံ အတွင်း စည်းလုံးညီညွတ်မှု သည် တခါမျှ မကြုံဖူးအောင် အက်ကြောင်းထလာနေပြီဟု Nikkei Asia Review တွင် ရေးသားထားသည်။

 

ယခု အတိုင်း ဆက်သွားမည် ဆိုက အာဆီယံ သည် ဒေသတွင်း ပြဿနာ များ ဖြေရှင်း နိုင်သည့် အဖွဲ့ မဟုတ်ဟု လှောင်ပြောင်ခံရတော့မည်ဟု ချုလာလွန်ကွန်း တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေး ဌာန ပါမောက္ခ သစ်တီနန် ပွန်ဆူဒီရက် က သတိပေးလာခဲ့သည်။

 

အားလုံးက မျှော်လင့်တကြီး ရှိခဲ့ကြသည့် အင်ဒိုနီရှားသည်လည်း ဘာလုပ်၍ ဘာလုပ်မှန်း မသိသည့် အသံတိတ် သံခင်း တမန်ခင်း လုပ်နေသည်ဆိုကာ ပျောက်ကွယ်နေပြီ ဖြစ်သည်။

 

မိမိ အမြင်အရ ပြောရလျှင် အင်ဒိုနီရှား မှ စိတ်ရှေရှေ ထားရန် ဝေဖန်သူများကို ပြောနေသော်လည်း ၎င်းတို့၏ သံခင်း တမန်ခင်း သည် နိုင်ငံတကာ ၏ ဝိုင်းပယ်ထားမှု များ လျော့ကျရေး၊ လူထု စိတ်ကျေနပ်မှု ရရေး အတွက် အလျော့ပေးသင့်သည်များကို အလျော့ပေးရန် ဖျောင်းဖြ နားချ နေခြင်းထက် ပိုမည် မဟုတ်‌ပေ၊ ဆိုလိုသည်က စစ်ခေါင်းဆောင်များ အား လူ့အသိုက်အဝန်း အတွင်း သို့ ပြန်လည် ဆွဲသွင်းနိုင်ပြီး ရွေးကောက်ပွဲ ကို အသိအမှတ် ပြု၍ ရနိုင်မည့် အခြေအနေများ ဖန်တီးပေးလာရန် ရည်ရွယ်နေခြင်းသာ ဖြစ်သည်။

 

ထိုသို့ ဖြစ်လာအောင် အင်ဒိုနီရှား နိုင်ငံခြားရေး ဝန်ကြီး မစ္စက် မာဆူဒီ အား နဂိုကတည်းက ဩဇာလွှမ်းမိုးမှု ရှိနေပြီး ဖြစ်သည့် မြန်မာ နိုင်ငံ ဆိုင်ရာ ဂျပန် အထူး သံတမန် ယိုဟီ ဆာဆာကာဝါက လမ်းကြောင်းပေးနေသည်ဟု သိရသည်။

 

သစ်တီနန် ၏ အဆိုအရ မြန်မာ အကျပ်အတည်းသည် ပဇီကြီး အား လေကြောင်းမှ တိုက်ခိုက်ခဲ့မှု ကြောင့် ယူကရိန်း စစ်ပွဲ၊ တိုင်ဝမ် ရေလက်ကြား တွင် စစ်ရေး တင်းမာမှု များ နှင့် တန်းတူ ဖြေရှင်းရမည့် အနေအထား ရောက်လာနေသည် နှင့် အမျှ အာဆီယံ သည် ပို၍ အကျပ်ရိုက်လာပြီ ဖြစ်သည်။

 

၎င်းတို့ မဖြေရှင်းနိုင်ပါက ၂၀၂၄ တွင် ဥက္ကဌ နေရာ အား တရုတ်၏ နောက်မြီးဆွဲ ဖြစ်နေသော လာအို ကို လွှဲပြောင်းပေးရန် ဖြစ်လာ၍ အားလုံး၏ အယုံအကြည် မဲ့ခြင်းကို ခံရကာ ရေစုံမျောတော့မည့် အဖြစ်ကိုလည်း သိထားကြပြီး ဖြစ်သည်။

 

မင်းအောင်လှိုင်ကလည်း သူ၏ ပွဲဦးထွက် သံတမန်ရေး အရ အရေးနိမ့်သွားခဲ့ရသည့် အချက် ငါးချက် ကို အကောင်အထည် ဖေါ်မည်ဟု ကတိပေးခဲ့ခြင်း မဟုတ်၊ “အကောင်းဆုံး ဖြစ်အောင် ကြိုးစားမည်” ဟု သာ ပြောခဲ့ခြင်းဆိုကာ ကလိမ်ကကျစ် ပြောလာခဲ့ပြန်သည်။

 

အများစု မေ့လျော့သွားကြပြီ ဖြစ်သည် ကိုဗစ် ဒုတိယ လှိုင်း ကြီး ၏ အဖြစ်ဆိုးများသည် သူ့ကြောင့် မဟုတ်၊ ထိုသို့ ဖြစ်အောင် အတိုက်အခံများက လူစုလူဝေး ကြီး လုပ်ပြီး ဖန်တီးခဲ့ကြ၍ ဖြစ်သည်ဟု ပြောလာသူ၏ စကား ကို ယုံကြည်ဖို့ က လွန်စွာ ခက်ခဲနေရပြန်သည်။

 

အကယ်၍သာ နိုင်ငံတော် အတိုင်ပင်ခံ မှ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကို အတင်း တွန်းတွန်း တိုက်တိုက် လုပ်လာ၍ စစ်တပ်က အာဏာသိမ်းခဲ့ရသည့် အဖြစ် ရောက်သွားလျှင် ယခု လို အနေအထား တွင် သူမအပေါ်သာ အားလုံးက အပြစ် ပုံချ ကြတော့မည် ဖြစ်သည်။ ယခု သူမ ၏ ပါးနပ်စွာ ကိုင်တွယ်နိုင်ခဲ့မှု ကြောင့်သာ မင်းအောင်လှိုင်သည် မည်သို့မျှ အကြောင်းပြ၍ မရတော့ပဲ နိုင်ငံတကာ မှ လေ့လာသူများ၏ လွတ်လပ်၍ တရားမျှတမှု ရှိခဲ့ပါသည် ဆိုသော ရွေးကောက်ပွဲ အား မဲလိမ် မဲခိုး ပါသည်ဟု မည်သို့မျှ မခိုင်လုံသော အကြောင်းပြချက်မျိုး နှင့် ၎င်း၏ အကျိုးစီးပွား နှင့် ပိုနေမြဲ ကျားနေမြဲ ဆက်နေနိုင်ရန် နိုင်ငံကို ချနင်းကာ သိမ်းယူလိုက်ရသည့် အနေအထား ဖြစ်သွားခဲ့ပေပြီ၊ ဤသည်ကပင် ပညာရှိ နှင့် ပညာမဲ့ တို့၏ ကွာခြားချက် ကြီးပင် ဖြစ်ပေတော့သည်။

 

ယနေ့ သတင်းများအရ နိုင်ငံတော် အတိုင်ပင်ခံ နှင့် သမ္မတကြီး ၏ အယူခံလွှာ တင်သွင်းမှု ကို ဗဟိုတရားရုံးချုပ်မှ ကြားနာမည်ဟု သဘောတူလိုက်သည်ဟု သိရသည်၊ သို့ရာတွင် မည်သည့် နေ့တွင် ကြားနာမည် ဆိုသည်က မသတ်မှတ်ရသေးဟု ဆိုသည်။

 

ဒေါ်အောင်ဆန်းစုကြည် သည် သူမအား မည်မျှပင် မတရား စွပ်စွဲ လုပ်နေစေကာ မူ သွားရမည့် လမ်းကြောင်းကို တာဝန်ရှိရှိ လျှောက်လှမ်းနေခဲ့ခြင်း ဖြစ်သည်၊ အယူခံလွှာကို မင်းအောင်လှိုင် သဘောတခုတည်း ဖြင့် ပယ်ချခံရမည် ဆိုသည်က သိသာ ထင်ရှားလာဦးမည် ဖြစ်သည်။

 

သြစတေးလျှ သံအမတ်ဟောင်း နီကိုလပ်စ် ကော်ပဲလ် မှ အကောင်းဆုံး အနေအထား အမြန် ရောက်လာဖို့ နန်းတွင်း အာဏာသိမ်းပွဲ ကိုသာ မျှော်လင့်ရဖို့ ရှိကြောင်း နှင့် ဖြစ်မလာနိုင်ဟု မပြောနိုင်ကြောင်း၊ ထိုသို့ ဖြစ်လာရန် အနေအထားများ မတွေ့ရသော်လည်း ကြံစည်နေမှုများကို မည်သို့မျှ ဒိဗ္ဗစက္ကူ ဖြင့် ခန့်မှန်း၍ မရ သောကြောင့်ဟု ဆိုသည်။

 

သို့သော် မြန်မာ ပြည်သူများ အဖို့ ထိုကဲ့သို့ နန်းတွင်း အာဏာလုပွဲ သည် ၎င်းတို့ ၏ အနာဂတ် ကို ဖြေရှင်းပေး မည် မဟုတ်ပဲ အနုနည်း ဖြင့် သက်ဆိုးရှည်အောင် ဆွဲဆန့်ပေးခြင်းမျိုး သာ ဖြစ်လိမ့်မည် ဆိုသည်ကို သဘောပေါက်ထားပြီး ဖြစ်၍ မိမိတို့၏ လက်ရှိ စည်းလုံးညီညွတ်နေမှု ကို ခိုင်မာသည်ထက် ခိုင်မာအောင် တည် ဆောက် ထားနိုင်ဖို့သာ အရေးကြီးဆုံးဟု ခံယူထားကြပြီးလည်း ဖြစ်သည်။

 

ပြည်သူတိူ့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!