ကာကွယ်ရေး ဝန်ကြီး၏ ပန်ကြားချက်

by Hla Soewai - Apr 22 2023

ပဇီကြီး ကျေးရွာ အား အကြမ်းဖက် စစ်တပ်မှ လေကြောင်း တိုက်ခိုက်မှု နှင့် စပ်လျှင်းပြီး နိုင်ငံတကာ ရှိ အစိုးရ များ နှင့် အဖွဲ့အစည်းများက အသီးသီး ရှုတ်ချကြောင်း ကြေညာချက် များ ထွက်ပေါ်လာသော်လည်း မင်းအောင်လှိုင် အဖို့ သူ့လက်မှ အနာလောက် စိတ်ဝင်စားပုံ မရပေ။ စစ်ကောင်စီ သည်လည်း နိုင်ငံတကာ အလယ်တွင် အစိုးရ အဖွဲ့ တဖွဲ့ အဖြစ် ရပ်တည်နိုင်ဖို့ မျှော်လင့်ချက်များက တဖြေးဖြေး ကုန်ခမ်းလာနေပြီ ဖြစ်သည်။

 

ထိုသို့ ရပ်တည်နိုင်ရန် သူ့အဖို့ တခုတည်းသော ထွက်ပေါက် အဖြစ် လက်ရှိ လူထု အပေါ် အကြမ်းဖက်နေမှု များ ရပ်ဆိုင်းရတော့မည် ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့ ဆက်လက် ရပ်တည် နိုင်‌ရေး ဆိုသည့် တခုတည်းသော အာမခံ ချက် ကို စွန့်လွှတ်ပြစ်ရတော့မည်။ ဤသို့ဖြင့် စစ်ကောင်စီသည် မုန့်လုံး စက္ကူကပ် အနေအထား မျိုး နှင့် ဆက်လက် ရပ်တည်သွားရပေတော့မည်။

 

ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်မှ နှစ်သစ်ကူး သဝဏ်လွှာ အဖြစ် ပြည်သူ့ကာကွယ်ရေး တပ်မတော်ထံ ပေးပို့ရာတွင် မိမိတို့ တပ်များသည် တိုးတက်မှု များကို အရှိန် အဟုန် နှင့် ရရှိလာနေပြီ ဖြစ်၍ ကြုံလာရသည့် အခြေအနေများကို သတိဝိရိယ ကြီးစွာ ဖြင့် ရင်ဆိုင် ရပ်တည်သွားနိုင်ဖို့ အရေးကြီး ကြောင်း၊ ရန်သူသည် ယခုအခါ အကျပ်အတည်း အမျိုးမျိုး နှင့် ကြုံလာနေရပြီ ဖြစ်၍ မိမိတို့ တော်လှန်ရေး အပေါ် အယုံအကြည်မဲ့ရန်၊ မိမိတို့ ပုံရိပ် ကျဆင်းသွားစေရန် နှင့် ညီညွတ်ရေး ပြိုကွဲရန် နည်းလမ်း ပေါင်းစုံဖြင့် ကြိုးပမ်းနေပြီ။

 

ထို့အတွက် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ် ကို အပြည့်အဝ ကာကွယ်စောင့်ရှောက်သွားရမည် ဟူသောအသိကို ရင်ဝယ်ပိုက်၍ တဖက်တွင် ရန်သူ ကို ချေမှုန်းသွားကြရမည်။

 

ယခုအခါ နိုင်ငံ၏ အနာဂတ်သည် ပြည်သူ့ကာကွယ်ရေး တပ်မတော် ၏ ညီညွတ်မှု နှင့် စွမ်းဆောင်ရည် ပြည့်ဝမှု အပေါ် လုံးဝ မှီခိုနေပြီ ဖြစ်သည်” အစရှိသဖြင့် မီးမောင်းထိုးပြလာခဲ့သည်။

 

ထိုအရေးကို မျက်မြင် ကိုယ်တွေ့ လေ့လာနိုင်ရန် ကမ္ဘာတဝှမ်း ရှိ မီဒီယာ များမှ သတင်းထောက်များလည်း တဖွဲဖွဲ ဝင်ရောက်လာနေကြသည်။ ၎င်းတို့အဖို့က နိုင်ငံ အတွင်း သတင်းဝင်ရောက်ယူနိုင်ရေးသည် မည်သို့မျှ မဖြစ်နိုင်၍ ကြားရသော သတင်းများမှာ မယုံနိုင်အောင် ဖြစ်နေသောကြောင့် ဟုတ်ပါ့ဟုတ်ပါလေစ ဟု သံသယ ဖြင့် ဝင်ရောက် သတင်းယူလာခဲ့ကြခြင်းလည်း ဖြစ်သည်။

 

ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ဖြစ်ပွားနေသော ပြည်တွင်း စစ်ကြီး ကို လွတ်လပ်ရေး ရပြီး ကတည်းက တောက်လျှောက် ဆင်နွှဲလာပြီး တိုက်ရည် ခိုက်ရည် သာမက လက်နက်အင်အား လွန်စွာ သာလွန်သော စစ်တပ်ကြီးအား အမဲလိုက် သေနတ် များ ဖြင့် စတင်ခဲ့ရာ ယခုလို အလဲလဲ အပြိုပြို ဖြစ်အောင် တိုက်ခိုက်နေသူများသည် သေနတ် ကို မြင်ဖူးသည်မှာ နှစ် နှစ်မျှပင် မရှိသေးသော လူငယ်လူရွယ်များ ဖြစ်နေသောကြောင့်ပင်။ သူတို့အားလုံးသည် စစ်တပ်၏ တရားမဝင် လက်နက်အားကိုး ဖြင့် ဗြောင်ကျကျ တိုင်းပြည် အာဏာ ကို ရယူခဲ့ခြင်း အား ကန့်ကွက်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြပြီး တုန့်ပြန်ခဲ့ကြသော်လည်း ကျည်ဆံများ၊ တခါတရံ လက်နက်ကြီး များ ဖြင့်ပင် အင်အားသုံး တုန့်ပြန်လာခဲ့ကြ၍ ယခုလို လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့ကြရခြင်း ဖြစ်သည်။

 

သေနတ်အား တသက်နှင့် တကိုယ် အနီးကပ် မြင်ဖူးခဲ့ကြခြင်း မရှိသော လူငယ်များနှင့် ထိုသို့ တိုက်ရည်ခိုက်ရည် ပြည့်ဝ လှပါသည်ဟု ၎င်းတို့ အထင်ရောက်ထားသော မြန်မာစစ်တပ်သည် ယခုအခါ ရင်ဆိုင်တိုက်ပွဲများ ကိုပင် ဆင်နွှဲ နိုင်စွမ်း မရှိတော့ဘဲ နိုင်ငံခြားငွေကို ရေလိုသုံးကာ တိုက်လေယာဉ်များ၊ လက်နက်ကြီးများ အားပြုကာ ဗုံးကြဲ တိုက်ခိုက်နေရသည့် အဖြစ်သို့ ရောက်သွားရခြင်း အပေါ် အဘယ်ကြောင့်နည်း ဆိုသည်ကို သိလိုစိတ် ပြင်းပြ လာနေကြသည်မှာလည်း အဆန်းတကြယ်တော့ မဟုတ်ပေ။ သူသူကိုယ်ကိုယ် ဖြစ်ကြမည်သာ ဖြစ်သည်။

 

ယခုလို အနေအထား မျိုး အထိ ရောက်အောင် ကြံ့ကြံ့ခံ တွန်းလှန် လာနိုင်ခဲ့သည်မှာ နည်းနည်းနောနော စွမ်းဆောင်ရည် မဟုတ်ဆိုသည်ကို နိုင်ငံတကာ ရှိ စစ်ရေး မဟာဗျူဟာ လေ့လာသုံးသပ်သူ များ အားလုံး မည်သို့မျှ အငြင်းမပွားနိုင် ဖြစ်နေရသည်။

 

ဤသည်ကိုလည်း နေ့စဉ် ကမ္ဘာသတင်းများကို မျက်ခြေမပြတ် လေ့လာနေသော ကျွန်တော် အဖို့ သတိ မထားမိဘဲ မနေနိုင် ဖြစ်ခဲ့ရသည်။

 

ဝါဒ ရေးရာ ကြောင့်လည်း မဟုတ်၊ ကိုယ်ပိုင် အုပ်ချုပ်ရေး ရရန် ဆိုသည့် အတွက်ကြောင့်လည်း မဟုတ် မိမိတို့ တိုင်းပြည် အနာဂတ် နှင့် တိုင်းရင်းသား တရပ်လုံး လူချင်းတူတူ သူချင်းမျှမျှ နေသွားနိုင်ရေး အတွက် ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ဖြစ်ပွားနေသော ပြည်တွင်း စစ်ကြီး အား အပြီးအပိုင် အဆုံးသတ် နိုင်မှ ဖြစ်မည် ဆိုကာ စာသင်ခန်းကို စွန့်ခွာကာ လက်နက် ကိုင်ဆောင်လာကြသော နိုင်ငံတဝှမ်း ရှိ တက္ကသိုလ်များ မှ ကျောင်းသားများ၊ ဂိမ်းဆော့နေသော ကလေးများ၊ မိမိတို့ အပေါ် အနိုင့်ကျင့် စော်ကားနေသူများ အပေါ် မည်သို့မျှ ခေါင်းငုံ့ခံနေ၍ မဖြစ် တော့ ဟူသော စိတ်ဖြင့် ပါဝင်လာကြသော တိုင်းရင်းသား လူငယ်များ က ဦးဆောင် တိုက်ပွဲ ဝင်နေကြခြင်း ဖြစ်သည်။

 

ပြည်သူများ အဖို့က ဆိုဖွယ်ရာ မရှိတော့၊ မိမိတို့ကို နှစ်ပေါင်းများစွာ စစ်ဝါဒ ဖြင့် ပြားပြားဝပ်အောင် ဖိနှိပ်ချုပ်ချယ် ထားသည့် စစ်ဖိနပ်အောက်မှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း တခုတည်းသော မျှော်လင့်ချက် ဖြင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ သားကောင်းများကို လှိုက်လှိုက်လှဲလှဲ ထောက်ခံနေကြသည်။ ပြီးခဲ့သည့် နှစ်သစ်ကူး သင်္ကြန်ပွဲတွင်လည်း ခြောက်ကပ်သွားသည်အထိ လုပ်ပြနိုင်ခဲ့ကြသည်။

 

ပြည်သူ့ကာကွယ်ရေး တပ်မတော်သားများ အဖို့ မိမိတို့ ခံယူချက် နှင့် စွမ်း‌ဆောင်ရည်များ သည် ပေါ့သေးသေး မဟုတ်၊ မည်မျှ ထိ ဂုဏ်ယူဖို့ ကောင်းနေသည် ဆိုသည်ကို သိစေလိုပါသည်။

 

ကျွန်တော်တို့သည် အာဇာနည်တွေ နေတဲ့ တိုင်းပြည် တွင် နေထိုင်ကြသူများ ဖြစ်သည် မဟုတ်ပါလား။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!

 

Photo – The Economist