မင်းအောင်လှိုင် မှ သားသမီးများ အမည်ကို မူးယစ်မှု မှ ဖယ်ထုတ်ပေးရန် တောင်းဆို

by Hla Soewai - Apr 17 2023

မြန်မာ စစ်တပ်သည် အစိုးရထက် လူဆိုးဂိုဏ်း သဖွယ် တနေ့တခြား ဖြစ်လာနေသည်ဟု ကုလ သမဂ္ဂ၏ မြန်မာ လူ့အခွင့်အရေး တာဝန်ခံ တွန် အင်ဒရူးက ပြင်သစ် ချန်နယ် ဖိုး နှင့် အင်တာဗျူးတွင် ယနေ့ ပြတ်သားစွာ ထုတ်ဖေါ် ပြောဆိုသွားခဲ့ပြီ ဖြစ်သည်။

 

၎င်း၏ အပြော မှန်ကန်ကြောင်း ထပ်မံ ထွက်ပေါ်လာသည့် သတင်းက သက်သေခံ နေပေသည်။

 

မင်းအောင်လှိုင်သည် ဘန်ကောက်တွင် ရုံးတင် စစ်ဆေးနေသော ၎င်း၏ လက်နက်ပွဲစား ထွန်းမင်းလတ်၏ အမှု တွဲတွင် သမီး ဖြစ်သူ၏ အမည်ကို ဖယ်ထုတ်ပေးရန် ထိုင်း အာဏာပိုင်များအား ကိုယ်တိုင်ကိုယ်ကျ တောင်းဆိုထားသည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားခြင်းပင် ဖြစ်သည်။

 

ထွန်းမင်းလတ်သည် အစ္စရေး ‌ထံမှ ထောက်လှန်းရေး ဒရုံးများ နှင့် လေယာဉ် အပို ပစ္စည်း များကို အကြမ်းဖက် လေတပ် အတွက် ကြားမှ Star Sapphire Group ကုမ္ပဏီ ဖြင့် ဝယ်ယူ ပေးနေသော ပွဲစားတဦးလည်း ဖြစ်သည်။

 

ထွန်းမင်းလတ် နှင့် ထိုင်း နိုင်ငံသား သုံးဦးအား ငွေကြေး ခဝါချမှု၊ မူးယစ်ဆေးဝါး ကုန်ကူးမှု၊ အခြား နယ်စပ် ဖြတ်ကျော် ရာဇဝတ်မှု များ ဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

 

ထိုသို့ မဖမ်းဆီးမီ ၎င်း၏ ဘန်ကောက်ရှိ ကွန်ဒို တိုက်ခန်းအား ပြီးခဲ့သည့် စက်တင်ဘာလ အတွင်း ထိုင်းရဲတပ်ဖွဲ့ မှ ဝင်ရောက်စီးနင်းရာ မင်းအောင်လှိုင် သမီး ခင်သီရီသက်မွန်၊ အကို ဖြစ်သူ အောင်ပြည့်စုံ တို့၏ အမည်ပေါက် ဘဏ်စာအုပ်များ နှင့် ကွန်ဒို ပိုင်ဆိုင်မှု စာရွက်စာတမ်း များကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ထိုင်း ဘတ်ငွေ သန်း ၂၀၀ ကျော် (အမေရိကန် ဒေါ်လာ ၅.၄ သန်း) တန်ကြေးရှိ မူးယစ်ဆေးဝါး များ နှင့် အခြား ဆက်စပ် ပစ္စည်း များကို ပါ တွေ့ရှိခဲ့သည်။

 

ခင်သီရိသက်မွန် သည် ထွန်းမင်းလတ်၏ Star Sapphire Group ၏ လက်ခွဲ ဖြစ်သော Star Thiri Investment Ltd ၏ ပူးတွဲ ပိုင်ရှင် ဖြစ်ပြီး (အမေရိကန် ၏ ပိတ်ဆို့ဒဏ်ခတ်မှုအား ရှောင်နိုင်ရန် ဖြစ်ပုံရ) ယခုအခါ Royal Mawtaung Mining Company Ltd အမည်ဖြင့် လုပ်ကိုင်နေ သည်။

 

မင်းအောင်လှိုင်၏ သားနှင့်သမီးသည် ထွန်းမင်းလတ် ကွန်ဒိုအား ထိုင်းရဲ မှ ဝင်ရောက် စီးနင်းခံရပြီး နောက် ဘန်ကောက်သို့ ရောက်ရှိလာပြီး ၎င်းတို့၏ အမည်များကို အမှု တွဲမှ ဖယ်ရှားပေးရန် တောင်းဆိုခဲ့သည်ဟု ဧရာဝတီမှ အမှု နှင့် နီးစပ်သော သတင်းအရင်းအမြစ်အား ကိုးကား၍ ဖေါ်ပြထားသည်။

 

မအောင်မြင်၍ မင်းအောင်လှိုင် ကိုယ်တိုင် ဝင်ရောက် ပြောဆိုပေးရခြင်း ဖြစ်မည်၊ ဤသည်ကပင် ပြည်တွင်း တွင် ဥပ‌ဒေ ကို မှောက်လိုမှောက်၊ လှန်လိုလှန် လုပ်၍ အားမရသေးပဲ သားသမီး ဇောဖြင့် တဖက် နိုင်ငံ၏ တရားဥပဒေလမ်းကြောင်းကို တိမ်းစောင်းစေရန် ဝင်ရောက် စွက်ဖက်လာခြင်းပင် ဖြစ်သည်။ မင်းအောင်လှိုင်၏ လုပ်ရပ်သည် အမေရိကန် တွင် မာဖီယား ဂိုဏ်းများ တန်ခိုး ထွားခဲ့စဉ် အချိန်က လုပ်နည်း လုပ်ဟန် အတိုင်းပင် ဖြစ်သည်။

 

မင်းအောင်လှိုင် သည် သားသမီးများ ၏ အသက် အန္တရာယ် ကျရောက်ဖို့ မဆိုထားနှင့် နာမည်လေး ပျက် ရမည့် အရေးကိုပင် ဆတ်ဆတ်ထိ မခံနိုင်အောင် ဖြစ်နေသည်။

 

ထုံးစံ အတိုင်းဆိုလျှင် ထိုင်းရဲ မှ လစ်လျု ရှုနေမည်သာ ဖြစ်‌သော်လည်း အမေရိကန် မူးယစ် ဆေး နှိမ်နှင်းရေး အဖွဲ့ (DEA) ၏ သတင်းပေးမှု ကြောင့် မတတ်သာတော့ပဲ ဖမ်းဆီးခဲ့ရပုံ ရှိသည်။

 

ယခု အမှု တွင် ထိုင်းတရားရုံးမှ ပတ်သက်မှု ရှိနေသည်ဟု စီရင်ချက် ချပါက ၎င်းတို့ နှစ်ဦးစလုံး အင်တာပို ၏ ဝရမ်းထုတ်ခံရခြင်း၊ ထိုသို့ မဟုတ်ကလည်း အမေရိကန် DEA ၏ အလိုရှိသူများ စာရင်းတွင် ပါဝင်သွားမည့် အရေးကို မင်းအောင်လှိုင် စိုးရွံနေပုံရသည်။

 

ယခုအခါ ပြည်သူ တရာကျော်အား လေကြောင်းမှ ဗုံးကြဲ သတ်ဖြတ်ခဲ့မှု ကြီးအား နိုင်ငံတကာ မှ ယခင်ကထက် ပို၍ ပြင်းထန်သည့် စကားလုံးများ သုံးကာရှုတ်ချလာခဲ့သည်။

 

ထိုသို့ ကျုးလွန်ခဲ့မှု အား အကြမ်းဖက်စစ်တပ်မှ ဒေသ ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး အတွက် လုပ်ရသည်ဟုဆိုကာ တရားဝင် ဝန်ခံ ခဲ့ပြီး ဖြစ်သော်ငြားလည်း ယခုထိ အာဆီယံသည် တိတ်ဆိတ်နေဆဲပင် ဖြစ်သည်။

 

၎င်းတို့၏ ငြိမ်းချမ်းရေး ဆိုသည်က euphemism စကားအလှ ဖြစ်ပြီး မြေကြီး နှင့် သစ်ငုတ်သာ ကျန်မှ ရည်မှန်းချက် ပြည့်ဝတော့မည်ကိုလည်း သိထားပြီး ဖြစ်သည်။

 

ထို့အတွက် တော်လှန်ရေး အဖွဲ့များသည် စစ်ကိုင်း နှင့် မကွေး ဒေသများအား ပူးပေါင်း ကာကွယ်ရတော့မည် ဖြစ်သည်။ ဖြစ်နိုင်လျှင် ဗီယက်နမ် စစ်ပွဲ ကြီး အတွင်း အမေရိကန် တို့၏ ဗုံးဒဏ်ကို ကြံ့ကြံခံနိုင်ရန် မြေအောက်လှိုဏ်ခေါင်းများ ဆောက်လုပ်ပြီး နေ့အချိန် ပုန်း၊ ည အချိန် ကောက်စိုက် ဆိုသလို လုပ်သင့်က လုပ်ရပေတော့မည်။

 

မေလ အစောပိုင်းတွင် ကျင်းပရန် ရှိနေသည့် အာဆီယံ ထိပ်သီး အစည်းအဝေး မတိုင်မီ မင်းအောင်လှိုင် လက်ပါးစေ များ၏ လူ့အသက်တချောင်းကို လားလားမျှ တန်ဖိုးမထား ပဲ ဗုံးကြဲ တိုက်ခိုက်ခဲ့မှုသည် အာဆီယံ၏ မအောင်မြင်သည့် အပြင် တိုးတက် မှု နှမ်းစိမျှပင် မရှိသည့် မူဝါဒ များ အတွက် မီးမောင်းထိုးပြသလို ဖြစ်နေ၍ မျက်နှာပျက်စရာ ဖြစ်သွားခဲ့ရပြီ ဖြစ်သည်။

 

အာဆီယံသည် မည်သို့သော ရည်ရွယ်ချက်မျိုး နှင့် နှုတ်ဆိတ်နေစေကာမူ စစ်တပ် နှင့် (တော်လှန်‌ ရေး အင်အားစုများ) ဆွေးနွေးလာရန် ကြိုးပမ်းနေမှု များသည် မည်သို့မျှ မအောင်မြင်နိုင်သည့် အပြင် စစ်တပ်ကို ကူညီနေသလို သာ ဖြစ်နေမည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့ဝင် ဝန်ကြီးတဦး ဖြစ်သော ဒေးဗစ် ဂွမ်းအောင်မှ ဂျပန် သတင်းစဉ် Nikkei Asia Review အား ထုတ်ဖေါ်ပြောဆိုခဲ့သည်။ စကားများ၊ စေ့စပ်နေခြင်းများသည် အဖြေ မဟုတ်တော့ဟု ဆိုသည်။

 

လက်ရှိဖြစ်ရပ်အား နောက်ဆက်တွဲ အဖြစ် CNN သတင်း မှ အသေးစိတ် ထုတ်ပြန်ခဲ့ရာတွင် ယခုအချိန်အထိ သေဆုံးသွားသူများ၏ ရုပ်ကြွင်းများ ကို လိုက်လံ ရှာဖွေနေသူများ၏ အော်ဟစ် ငိုကြွေးသံ များဖြင့် ကမ္ဘာပျက် မတတ် ဖြစ်နေသည်ဟု ‌ဆိုသည်။

 

တိုက်ခိုက်မှု ဖြစ်ပွားပြီး ရဟတ်ယာဉ် များက မိုးပေါ်မှ ပျံဝဲနေ၍ ကယ်ဆယ်ရေး လုပ်ငန်းများ မည်သူမျှ မလုပ်ရဲပဲ ညနေစောင်း ၅း၃၀ ခန့် တွင် မရဲတရဲ နှင့် ထွက်လာသူများကို ဂျက်တိုက်လေယာဉ် များ ပျံဝဲလာပြီး ထပ်မံ ပစ်ခတ် ခဲ့ကြောင်း မျက်မြင် သက်သေ များ၏ အပြောကို ကိုးကားပြီး CNN တွင် သတင်းရှည်ကြီး ပါရှိလာခဲ့သည်။

 

မြန်မာ တိုက်လေယာဉ် မှုး များသည် အောက်မှ ပစ်ချခံရမည့် လေယာဉ်ပစ် အမြှောက် အန္တရာယ်လည်း မရှိ၊ ရန်သူ လေယာဉ် နှင့် စီးချင်းထိုးရသည့် အနေအထားမျိုး မရှိပဲ ရဲစွမ်း သတ္တိ အပြည့် နှင့် ထမင်းစားနေကြသည့် လူထု အပေါ် အစွမ်းပြ တိုက်ခိုက် ချေ မှုန်းခဲ့ကြခြင်းပင် ဖြစ်သည်။

 

ထို့အတွက် မင်းအောင်လှိုင်သည် ယခုအခါ ဆက်‌ဒမ် ဟူစိန်၊ ကဒါဖီ တို့ထက် လက်စွမ်းထက်လာနေပြီ ဖြစ်ကြောင်း ကမ္ဘာက ရိပ်စားမိလာနေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!