အသက်မဲ့ သင်္ကြန်

by Hla Soewai - Apr 17 2023

သင်္ကြန် မဏ္ဍပ်ကိုပင် ဒုံးကျည် နှင့် ပစ်ခံရမည် စိုး၍ လုံခြုံရေး အထူး တင်းကြပ် ကာ မျက်စိဝောာင်မှောက် ဖြင့် ပြူးပြဲအောင် ကြည့်၍ ပြုလုပ်နေရသည့် အဖြစ်သည် စစ်အာဏာသိမ်း အဖွဲ့ အနေဖြင့် ၎င်းတို့ အုပ်ချုပ်ရေး မည်မျှ ပျက်ပြားနေသည် ကို စ‌ဉ်းစားတတ်မည် ဆိုက သိနိုင်ပေသည်။ 

 

နောက်တချက် စဉ်းစားတတ်ဖို့ လိုနေပြန်သည်က ဒီလို အချိန်မျိုးတွင် ဒီလို လုပ်လျှင် ဒီလို ဖြစ်လာနိုင်သည် ဆိုသည်ကိုပင် ဖြစ်သည်။ ဤသည်ကပင် ၎င်းတို့ အားလုံးတွင် Statemen ဆိုသည် အ‌ရှည်ကို မျှော်တွေးပြီး အုပ်ချုပ် နိုင်သည့် အရည်အချင်းမျိုး မရှိ ဆိုသည်ကို ထင်ရှားစွာ တွေ့မြင်ခွင့် ရလိုက်ခြင်းပင် ဖြစ်သည်။

 

ရလဒ် အဖြစ် တကောင်းခေတ် အေဒီ ၁၀၅၀ ဝန်းကျင်လောက်က စတင်ခဲ့သော သင်္ကြန်ပွဲသည် မင်းအောင်လှိုင် လက်ထက် ကျမှ ယခုလို အဖြစ်မျိုး နှင့် ကြုံရပေတော့သည်ဟု စာတင်ရ‌မည့် အဖြစ်မျိုး ရောက်သွားခဲ့ရပေသည်။

 

မင်းအောင်လှိုင်သည် လူထု ဖက်မှ အားမတန် မာန်လျော့ကာ မည်မျှ အထိ ပူးပေါင်းလာသည် နှင့် တည်ငြိမ်လာပြီကို ပြသနိုင်ရန် တိုင်းပြည် ဘဏ္ဍာ ကျပ် ဘီလီယံ ပေါင်းများစွာ အကုန် အကျ ခံကာ ပွဲပေါင်းများစွာ ဖြင့် အကြိမ်ကြိမ် စမ်းသပ်ခဲ့ပြီးလည်း ဖြစ်သည်၊ စမ်းသပ်တိုင်းလည်း အရေးနိမ့်သွားခဲ့ရသည်ချည်း ဖြစ်သည်။

 

ယခု သင်္ကြန် အားလည်း အောင်မြင်သည်ဟု ယူဆက သွက်သွက်ခါ ရူးသွပ်နေကြ၍သာ ဖြစ်ပေမည်။

 

ကန့်ဘလူ လူသတ်ပွဲကြီးအား ၄၈ နာရီ နီးပါးမျှ ရေငုံ နှုတ်ပိတ်နေရာ မှ ယခု အခါ အာဆီယံ အသင်းကြီးသည် ကြိုးဝိုင်းထဲ ဝင်ရောက်လာကာ ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကျေညာချက် ထွက်ပေါ်လာခဲ့သည်။

 

"အကြမ်းဖက်မှုများ၊ အထူးသဖြင့် အရပ်သားများ အပေါ် မည်သည့် ပုံစံမျိုး နှင့် မဆို ကျုးလွန်နေမှု များ အား ချက်ခြင်းရပ်ဆိုင်းရန်" လည်း ပါရှိသည်။

 

အာဆီယံသည် ၎င်းတို့စွဲကိုင်ထားသော မူဝါဒ မှ ပြောင်းလဲလာခြင်း မရှိသေးသည့် လက္ခဏာ အဖြစ် "အကြမ်းဖက် မှု များ ရပ်တန့်မှာ သာ အားလုံးပါဝင်နိုင်သည့် ဆွေးနွေးပွဲ များ ဖြင့် တည်တံခိုင်မြဲသော ငြိမ်းချမ်းရေး ကို ရှာဖွေနိုင်မည်" ဟု ပြောခဲ့ပြန်သည်။

 

သို့ဆိုက မိမိတို့ အပေါ် လက်နက် အားကိုးဖြင့် သတ်ဖြတ် အနိုင်ကျင့် နေသူ များ အား တာဝန်ခံ စေမှု မရှိရ၊ ခွင့်လွှတ်ရတော့မည့် ဖြေရှင်းချက်မျိုးလောဟု ၎င်းတို့၏ ဒဏ်ကို တနည်းမဟုတ် တနည်း နေ့တဒူဝ ခါးစီးခံနေကြရသည့် ပြည်သူများက မေးလာတော့မည် ဖြစ်သည်၊ ဤသည်ကို မျက်ကွယ်ပြုကာ ၎င်းတို့ နှင့် တစားပွဲထဲ ထိုင်၍ မည်သူက ဆွေးနွေးလိုကြပေမည်နည်း။

 

စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး မှ အရပ်သား ပြည်သူများ အပေါ် တိုက်ခိုက်မှုသည် ပြစ်တင် ရှုတ်ချ ထိုက်ပြီး ခွင့်ပြု၍ မဖြစ်ဟု ဆိုသည်။ သို့သော် သူသည်လည်း အင်ဒိုနီရှားကို လွှဲချပြီး အချက် ငါးချက် ကို ဘုရားဟော ကျမ်းဂန်အလား ရေရွတ်သွားပြန်သည်။

 

အာဆီယံသည် မင်းအောင်လှိုင် အာဏာသိမ်းပြီး ချိန်ကစ၍ ခေါင်းဆောင် အဆင့်၊ ဝန်ကြီး အဆင့် အကြိမ်ပေါင်းများစွာ မရေတွက် နိုင်အောင် ဆွေးနွေးခဲ့ကြပြီး ဖြစ်သော်လည်း ယခုထိ ထို အချက် ငါးချက်ထက် ပို၍ နောက်ထပ် ဘာမှ ထွက်ပေါ် မလာနိုင်၊ မဆုံးဖြတ် နိုင် ဖြစ်နေရသည် ကပင် အတော် အံ့ဩစရာ ကောင်းနေရပေသည်။ ထိုသို့ အချက်ငါးချက် အား ကြက်တူရွေး လို ရွတ်ကာ ဟန်ရေးပြ ခပ်ကွင်း ပြင်နေကြခြင်းဖြင့် မြန်မာ ပြည်သူတို့ ရင်ဆိုင်နေရသော မာဖီယား စစ်တပ်၏ အန္တရာယ်မှ အနည်းငယ် မျှပင် လျော့ပါးသွားမည် မဟုတ်ဆိုသည်ကိုလည်း မသိကျိုး ကျွံ ပြုနေကြသည်။

 

အိန္ဒိယ အစိုးရ မှာလည်း မနေသာတော့ပဲ သက်ဆိုင်သူ အားလုံး အကြမ်းဖက် မှုများ ရပ်ဆိုင်းရန် ပြောလာသည်။

 

အနောက်နိုင်ငံ များ အနေဖြင့် တရုတ် နှင့် ရုရှားကို လုံခြုံ ရေး ကောင်စီ အစည်း အဝေးသို့ ခေါ် ခေါ် ပြီး အရှက်တကွဲ ဖြစ်အောင် လုပ်နေကျ အတိုင်း ယခုလို အနေအထားကို အခွင့်ကောင်းယူပြီး ထပ်လုပ်သင့်လှပေသည်။

 

စစ်ဗိုလ်ချုပ်များ သည် နိုင်ငံတကာ မှ နှစ်နှစ် ကျော် ကဲ့ရဲ့ ပြစ်တင် ဝိုင်း ပယ်ထားသည်ကိုလည်း ရှက်ရကောင်းမှန်း မသိ ဖြစ်နေကြ၍ လူစိတ်မှ ရှိသေးရဲ့လားဟုပင် သံသယ ဝင်နေမိသည်။ အားလုံးကလည်း ငါတို့သာ သူတို့နေရာတွင်ဆိုက အတွေးဖြင့် မစဉ်းစားရဲအောင် ဖြစ်‌သွားခဲ့ရသည်ခြည်းပင်။

 

ကန့်ဘလူ ရှိ ပဇီကြီး ရွာကို NUG ရုံးဖွင့်သည်ဟု စွပ်စွဲကာ ဗုံးကြဲ တိုက်ခိုက်ခဲ့၍ နိုင်ငံရေး၊ စစ်ရေး အရ ဘာတခု များ အကျိုး အမြတ် ထွက် ခဲ့ သနည်း၊ နဖူးပေါ် လက်တင်၍ စဉ်းစားကြည့်သင့်သည်။

 

လက်ရှိတွင် ပင် ကျပ် ဘီလီယံ ချီ၍ အကုန်အကျ ခံ ဆောက်လုပ်ခဲ့ရသော သင်္ကြန် မဏ္ဍပ်များသည် ၎င်းတို့ ခေါ်ထားသည့် ဝန်ထမ်းများက လွဲ၍ ကျီး နှင့် ဖုတ်ဖုတ် ဖြစ်သွားခဲ့ရပေပြီ၊ ပြည်တွင်းရှိ လွတ်လပ်သော မီဒီယာ များ နှင့် ပြည်ပ သတင်းဌာနများကလည်း ထို အတိုင်းပင် အတည်ပြုခဲ့ကြသည်။

 

၎င်းတို့ အတွက် နိုင်ငံရေး၊ စစ်ရေး တွင် အဖက်ဖက် က အရေးနိမ့်ပြီး ပြည်သူများ နှင့် တော်လှန်ရေး အင်အားစု များ ပို၍ ချိတ်ဆက်မိလာကြသည်၊ အလှုငွေများပင် ယခင်ကထက် ပို၍ အားကောင်းသွားခဲ့ရသည်၊ သံတမန် ရေးတွင်လည်း နိုင်ငံတကာ အလယ်တွင် ပို၍ပင် ခေါင်းမဖေါ်နိုင် ဖြစ်သွားခဲ့ရသည်။

 

ပြည်သူများက ၎င်းတို့အား အစိုးရ အဖြစ် အသိအမှတ် ပြုခြင်းမရှိ၊ မိမိတို့ အပေါ် လက်နက်အားကိုး ဖြင့် ဗိုလ်ကျ အုပ်ချုပ်နေကြသူများ အဖြစ် တိုး၍ပင် သတ်မှတ်လာကြသည်၊ နီးရာဓါး ကြောက်၍သာ စိတ်မပါ လက်မပါ ပူးပေါင်းနေကြရသည်။ "ငါတိုအလှည့် ရောက်ရင်တော့လားကွာ" ဟု သာ စိတ်ထဲက ကြိမ်းဝါးနေပြီ ဖြစ်သည်။

 

၎င်းတို့လို စစ်သား မဟုတ်သည့် အနားရှိ အလုပ်အကြွေးများ အဖို့ တုန်လှုပ်သည်ထက် တုန်လှုပ်လာနေကြပြီ ဖြစ်သည်၊ စစ်ဗိုလ်ချုပ် များ က အခြေအနေ မဟန်လျှင် တိုင်းပြည်မှ အလွယ်တကူ ထွက်ခွာနိုင်ကြသော်လည်း ရိက္ခာတော် ဖွတ်မွဲဖြင့် အမှုတော် ထမ်းနေကြရသူ များ အဖို့ ပြေးစရာ မြေမရှိပေ။ အချို့ဆိုက မိမိသားသမီးများ လွတ်ရာ လွတ်ကြောင်း အတွက် အမွေဖြတ် စွန့်လွှတ်ခြင်းများပင် ကျေညာလာရသည်။

 

စစ်တပ် က တောခို ပြီး သူပုန်ဖြစ်သွားမယ် ဆိုသော နိုင်ငံရေး တတ်ယောင်ကား သမားများ၏ အပြောကို သဘောကျမိသည်၊ ကျွန်တော်သည် တကယ်တမ်းတွင် ထိုသို့ သော ‌အပြောမျိုးကို ကြားလျှင် ရင်အေးခဲ့ရစမြဲလည်း ဖြစ်သည်၊ ၎င်းတို့သာ အတွေးအခေါ် ထက်မြက်သူများ ဖြစ်နေမည် ဆိုက တော်လှန်ရေး အတွက် လွန်စွာ ကြောက်စရာ ကောင်းနေပေမည်၊ ကံအားလျှော်စွာ ထိုသို့သော လူများ မင်းအောင်လှိုင်၏ အကြံပေးများထဲတွင် လည်းမရှိ၊ နိုင်ငံရေး ပါတီ များထဲတွင် လည်း မရှိ‌၍ တော်ပေသေးသည်။ 

 

လက်နက်ရှိတိုင်း သူပုန် လုပ်၍ မရ၊ သူပုန် လုပ်ခြင်လျှင် လူထု ထောက်ခံမှု ရှိရမည်၊ လမ်းစဉ် ရှိရမည်၊ တရားသည့် စစ် ဖြစ်ရမည်၊ ထိုသို့ တခုတလေမျှ မရှိသော စစ်တပ် အဖို့ တောကြောင် အဆင့်မျှသာ ဖြစ်သွားပေမည်၊ ၎င်းတို့နှင့် အတူ သားပြစ် မယားပြစ် တောထဲထိ လိုက်ပြီး မိုက်ကန်းမည့်သူ ကော ရှိပါဦးမည်လော။ လေးတန်းအောင် စစ်သားတဦးပင် ပယ်ချ နိုင်သော အတွေးအခေါ် မျိုး ဖြစ်သည်။

 

နောက်ဆုံးရရှိသော AFP သတင်းအရ လာရှိုး ရှိ ရန်တိုင်းအောင် စေတီအနီး ကား သုံးစီး ဆက်တိုက် ဗုံးပေါက်ကွဲခဲ့ရာ လူလေးဦး သေဆုံးပြီး ဆယ်နှစ်‌ဦး ဒဏ်ရာ ရရှိသွားသည်ဟု သိရသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ အနေဖြင့် နိုင်ငံခြား စစ်အကြံပေးများ ငှား၍ စစ်ကိုင်း နှင့် မကွေးရှိ တော်လှန်ရေး အင်အားစု များကို စုစည်း ရန် အကြံပေးလိုသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

သတင်းဓါတ်ပုံ - The Straits Times