၁၉၄၅ ခုနှစ် နောက်ပိုင်း အမေရိကန် တို့ တည်ဆောက်ပေးခဲ့သော ဇတ်ခုံကြီး ပေါ်တွင် အလိုက်သင့် အလျားသင့် ကပြ အသုံးတော်ခံ နေကြသော နိုင်ငံ အတော်များများသည် ယခု အခါ အမေရိကန်၊ တရုတ်၊ ရုရှား ကြားတွင် ညပ်လာပြီ ဟု ယူဆလာသည့် အခါတွင်တော့ မည်သည့်ဖက်မှ မလိုက်ပဲ လစ်ရင် လစ်သလို တစင်ထောင်ဖို့ ကြိုးစားလာကြသည်။ ထိုသို့ အပြောင်းအလဲ များ ထွက်ပေါ်လာခြင်းကြောင့် ဘူမိနိုင်ငံရေး သည် ဇတ်ခေါင်းကွဲဖို့ စတင် လာနေပြီ ဖြစ်သည်ဟု ရေးသားထားသော ဧပြီ ၁၃ နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်းပါ "How to survive a superpower split" မှ ကောက်နှုတ်တင်ပြသွားမည် ဖြစ်သည်။
ထိုသို့ တစင်ထောင်ရန် ကြိုးပမ်းလာခြင်းအား မဂ္ဂဇင်းကြီး၏ သုတေသန ဌာန Economist Intelligence Unit (EIU) မှ မော်စကို နှင့် စီးပွားရေး၊ စစ်ရေး အဆက်အဆံ ရှိမှု၊ ကုလ တွင် မဲပေးသည့် အနေအထား၊ စီးပွားရေး ဒဏ်ခတ်မှုများ အား လိုက်နာ ဆောင်ရွက်ခြင်း ရှိမရှိ အစရှိသည် တို့ကို အခြေခံပြီး နိုင်ငံများကို လေ့လာသုံးသပ်ခဲ့သည်။
ထိုအခါတွင် ကမ္ဘာလူဦးရေ၏ ၁၅ ရာနှုန်း ရှိသော အနောက်အုပ်စု နှင့် မဟာမိတ် ၅၂ နိုင်ငံသည် ရုရှားအား ပြစ်တင် ရှုတ်ချခဲ့ပြီး ဒဏ်ခတ်ခဲ့ကြသည်။ ၁၂ နိုင်ငံသည် ရုရှားလုပ်ရပ်ကို အားပေးထောက်ခံခဲ့ကြသည်။ ၁၂၇ နိုင်ငံသည် အထက်ပါ နှစ်မျိုးထဲတွင် မပါရှိပဲ ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်နေကြသည်ကို တွေ့ရှိခဲ့ရသည်ဟု ဖေါ်ပြထားသည်။
ထိုသို့ ဟိုယောင်ယောင် ဒီယောင်ယောင် အဖြစ် ဘက်မလိုက် ဟု ဆိုကာ ရပ်တည်နေသော နိုင်ငံများထဲတွင် အိန္ဒိယ ကဲ့သို့ နိုင်ငံကြီးမှအစ ကာတာ ကဲ့သို့ နိုင်ငံလေးများ အပါအဝင် စီးပွားရေးအရ အင်အားတောင့်တင်းသော နိုင်ငံ ၂၅ နိုင်ငံ ပါဝင်နေသည်။
ထိုနိုင်ငံများသည် ဘာကိုမျှ မထောက်ထားပဲ လက်တွေ့ကျကျ ကျင့်သုံးနေသည့် နိုင်ငံများ ဖြစ်ပြီး ကမ္ဘာလူဦးရေ၏ ၄၅ ရာနှုန်းကို ကိုယ်စားပြုနေ၍ ပေါ့သေးသေး မှတ်ယူ၍ မရပေ။
ထိုကဲ့သို့ ကြားနေခြင်းသည် ၎င်းတို့အတွက် အန္တရာယ်များလှသလို အခွင့်အလန်းများလည်း ပေါ်ပေါက်လာခဲ့သည်။ နောက်ဆုံးတွင် အမေရိကန် နှင့် တရုတ်တို့မှ ကိုယ့်ဖက် မပါပါအောင် ဆွဲခေါ်ခံကြရဖို့ ရှိနေသည်။
မည်သည့် အုပ်စု တွင်မှ မပါပဲ ကြားနေရန် ၁၉၅၆ ဘန်ဒေါင်း ကွန်ဖရင့် စတင်လာခဲ့သည် တတိယ ကမ္ဘာ ဟု ခေါ်သော ဘက်မလိုက် လှုပ်ရှားမှု အဖွဲ့ကြီးသည် စစ်အေးတိုက်ပွဲ အပြီးတွင် ဖုတ်ကြည်းမီးသင်္ဂြိုလ် ခံရသည့် အဖြစ်နှင့် နိဂုံးချုပ်သွားခဲ့ရသည်။
ယခုအခါ တွင်တော့ ဘက်မလိုက်ဆိုသည်အား အဖွဲ့ဝင် ဖြစ်နေမှု ဖြင့် မသတ်မှတ်တော့ပဲ နိုင်ငံတနိုင်၏ အမူအကျင့်၊ စရိုက် လက္ခဏာများ ဖြင့် တိုင်းတာလာခဲ့သည်။ ဘက်မလိုက် ဆိုသူများသည် ဗြောင်ကျကျ အုပ်စု ဖွဲ့ခြင်းမျိုး မဟုတ်ပဲ သိုသိုသိပ်သိပ် လုပ်လာကြသည်။
ထိုသို့ ဘက်မလိုက် ပဲ နေသည့် နိုင်ငံ အများစုသည် အနောက်နိုင်ငံများအား ကြောင်သူတော် များ ဟု ယူဆခဲ့ကြခြင်းသည်လည်း တကြောင်းအပါအဝင် ဖြစ်သည်။ ရုရှား ကျုးကျော် စစ်ပွဲ ပထမ နှစ် အတွင်း အနောက်အုပ်စု မှ ယူကရိန်းအား ပေးသည့် အကူအညီ ပမာဏ သည် ဒေါ်လာ ၇၀ ဘီလီယံ ခန့် ရှိပြီး တကမ္ဘာလုံး အတွက် ၂၀၂၁ အတွင်း OECD ချမ်းသာသော နိုင်ငံ များ အသင်း မှ ပေးသော ပမာဏ၏ ၉၀ ရာနှုန်း နှင့် ညီမျှနေသည်။
အနောက်နိုင်ငံများဖက်က ဘဝတူ ဒီမိုကရေစီ နိုင်ငံ နှင့် သွေးစည်း ညီညွတ်ကြောင်း ပြသခြင်းဟု ဆိုသော်လည်း ယင်းသည် ၎င်းတို့ အကျိုးရှိရာ ရှိကြောင်း ပြုလုပ်ခြင်းဟုဟာ ဘက်မလိုက် နိုင်ငံများက ယူဆထားသည်။
အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးက ဥရောပ ပြဿနာ သည်သာ ကမ္ဘာပြဿနာ၊ ကမ္ဘာပြဿနာ သည် ဥရောပ ပြဿနာ မဟုတ် ဆိုသည့် အစွဲကို ဖျောက်ချိန်တန်ပြီဟု ယမန် နှစ်က ပြောခဲ့ဖူးသည်။ ၎င်း၏ အပြောကို ထောက်ခံကြမည့်လူများလည်း ကမ္ဘာတဝှမ်း အနှံ့အပြား ရှိနေမည်သာ ဖြစ်သည်။
ကင်းဘရစ်ခ်ျ တက္ကသိုလ်ကြီးမှ ယမန်နှစ်က ထုတ်ပြန်သော အစီရင်ခံစာတွင် လစ်ဘရယ် ဒီမိုကရေစီနိုင်ငံများ တွင် ၇၅ ရာနှုန်းသည် တရုတ် အပေါ် အဆိုးမြင်ပြီး၊ ရုရှား ကို လည်း ထိုသို့ မြင်ထားသူ ၈၇ ရာနှုန်း ရှိနေသည်။ ကမ္ဘာ ကျန် လူဦးရေ ၆ ဘီလီယံ ထဲတွင်လည်း အနောက်အုပ်စု ကို ထိုသို့ ရှူမြင်သူ ပမာဏ လည်း ထိုနီးနီး ရှိနေပြန်သည်။
ထိုသို့ အမြင် ကွာဟလာမှုသည် အနောက်အုပ်စုမှ ကမ္ဘာကြီးကို ရှုမြင်ပုံ နှင့် ကမ္ဘာကြီးမှ ၎င်းတို့ အပေါ် ရှုမြင်ပုံ မတူကြခြင်းကြောင့်ပင် ဖြစ်သည်။ အနောက်မှ လက်ရှိ အနေအထားကို စစ်အေးတိုက်ပွဲ ၏ ဇာတ်လမ်းတွဲ အဖြစ် သဘောထားသော်လည်း ကျန် ကမ္ဘာနိုင်ငံများကမူ ဇာတ်ထုပ် အသစ် ခင်းလာခြင်းဟု ရှုမြင်နေကြသည်။
အထက်တွင် ဖေါ်ပြခဲ့သော စီးပွားရေး တောင့်တင်းသည် ၂၅ နိုင်ငံထဲတွင် အိန္ဒိယ၊ အင်ဒိုနီရှား၊ ဗီယက်နမ်၊ ဆော်ဒီ အာရေးဗီယား၊ အီဂျစ် တို့ ပါဝင်နေသည်။ (ထိုအထဲတွင် ဘင်္ဂလားဒေ့ရှ် ကိုပါ ထည့်သွင်းထားသည်ကို တွေ့ရသည်)၊ ထိုနိုင်ငံများသည် အနောက်အုပ်စု နှင့်ရော၊ တရုတ်-ရုရှား တို့ နှင့်ပါ ကူးသန်း ရောင်းဝယ်လျက် ရှိသည်။
လက်နက်များ တင်သွင်းမှု အပိုင်းတွင်တော့ မည်သည့်ဖက်ကို ယိမ်းနေမှန်း မခွဲခြားနိုင်လောက်အောင် ရှုပ်ထွေးနေသည်။ အိန္ဒိယ ကို ကြည့်မည်ဆိုက နှစ်ဖက် ခွထားသည်ကိုတွေ့ရသည်၊ ၂၀၁၈ မှ ၂၀၂၂ နှစ်အကြား လက်နက်တင်သွင်းမှု ၄၅ ရာနှုန်းသည် ရုရှားမှ ဖြစ်ပြီး ဥရောပမှ ၂၉ ရာနှုန်း ရှိသည်၊ ယခုအခါ အမေရိကန် အကူအညီ ဖြင့် ပြည်တွင်း တွင် ထုတ်လုပ်နိုင်ရန် ကြိုးစားနေပြန်သည်။
အဓိက ပြိုင်ဖက် ဖြစ်သော တရုတ်ကမူ အိန္ဒိယ၏ ကမ္ဘာရန် ဖြစ်သော ပါကစ္စတန် ကို လက်နက်ထောက်ပံ့နေသည်၊ အစ္စရေး၊ မော်ရိုကို၊ ဆော်ဒီ နှင့် တောင်အာဖရိက သည် အမေရိကန် ထံမှ ဝယ်ယူရန် အားသန်နေကြသည်။
ယခုအခါ ဘက်မလိုက် နိုင်ငံများ အဖွဲ့ဟူ၍ သီးခြား မရှိတော့သဖြင့် နိုင်ငံများသည် G-20၊ BRIC နှင့် ကုလ တို့တွင် နီးစပ်ရာ စုစည်းလာကြသည်။
၎င်းတို့အကြား သဘောကွဲပြားမှု များ ရှိနေသော်လည်း ယခုလို အပြောင်းအလဲ မြန်နေသော အနေအထား တွင် ကိုယ့်အတွက် အကျိုးရှိနိုင်မည့် သဘောတူညီချက်မျိုး ရရန် လစ်လျင် လစ်သလို လုပ်သွားနိုင်ဖို့ ကြံစည်ကြရာတွင်တော့ တူညီနေကြ သည်။ လက်ရှိတွင် နိုင်ငံများသည် ယခင်ကလို တရုတ်၊ ရုရှား၊ အနောက်အုပ်စု တို့နှင့် ဆက်ဆံရေးကို အဆင်ပြေအောင် တပြိုင်တည်း တည်ဆောက်၍ မရတော့၊ အနောက်မှ ရုရှားကို စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ ထားသလို၊ တရုတ်ထံ နည်းပညာ စီးမျောမှုကိုပါ ဟန့်တားထားပြန်သည်။
ရုရှားကို ဒဏ်ခတ်ခြင်းကြောင့် နိုင်ငံငယ်များ အဖို့ အန္တရာယ် နှင့် ရင်ဆိုင်လာရသည်။ စွမ်းအင်နှင့် စားကုန် ဈေးနှုန်းများ မြင့်တက်ကုန်၍ ပြည်တွင်း နှင့် ဂယက်ရိုက်ခတ်မှု များ နှင့် ကြုံလာရသည်။
အမေရိကန် ဗဟိုဘဏ် ဥက္ကဌ ဂျနက် ယဲလင်း မှ အမေရိကန် ကုမ္ပဏီများအား ၎င်းတို့၏ ထောက်ပို့ ကွင်းဆက်များ ကို မိတ်ဆွေ နိုင်ငံများသို့ ရွှေ့ပြောင်းထားကြရန် တိုက်တွန်းလာခဲ့သည်။ ရင်းနှီးမြုပ်နှံမှု များအားလည်း အရွှေ့အပြောင်းများ စတင် ပြုလုပ်နေကြပြီ ဖြစ်သည်။
ဘက်မလိုက် နိုင်ငံများသည် စီးပွားရေး နှင့် နိုင်ငံရေး တွင် အင်အားကြီး နိုင်ငံများ နှင့် အမှီအခို ကင်းအောင် ကြိုးစားပြီး တဖက်တွင်လည်း ၎င်းတို့နှင့် ဆက်ဆံရေး တွင် မည်သည့်ဖက်မှ မပါပဲ မျှမျှတတ ဆက်ဆံသွားခြင်း နှင့် အခြား နိုင်ငံများ အပေါ် ဩဇာ သက်ရောက်နိုင်အောင် ကိုယ့်ဖာသာ ကြိုးစား ယူခြင်းဖြင့် အကျိုးများ နိုင်သည်ဟု ယူဆကာ အလောင်းအစား လုပ်လာကြသည်။
ဤနေရာတွင် ဘရာဇီး၏ လုပ်ရပ်ကို နမူနာထား၍ လေ့လာနိုင်သည်။
ဘရာဇီးသည် အင်အားကြီး နိုင်ငံများ နှင့် အလိုအလျောက် ပူးကပ်သွားရမည် ဆိုသည့် အယူအဆကို ဆန့်ကျင်သည်ဟု ဆိုသည်။ ဘရာဇီး သမ္မတ လူလာ ဒါ ဆေးဗား သည် အမေရိကန် အား ကမ္ဘာရာသီဥတု အပြောင်းအလဲအား တိုက်ဖျက်ရေး တွင် မဟာမိတ် အဖြစ် သတ်မှတ်လာသည်၊ အမေရိကန်ကလည်း ဘရာဇီးအား နေတိုး ပြင်ပရှိ အဓိက မဟာမိတ် အဖြစ် သိန္ဒိ တင်ပေးခဲ့ပြန်သည်။ ယင်းသည် အမေရိကန် လက်နက်ကိုင် တပ်များ နှင့် ပူးပေါင်း ဆောင်ရွက်နိုင်ခွင့် ရှိလာအောင် တရားဝင် သတ်မှတ်ပေးလိုက်သည့် အဆင့်အတန်းမျိုး ဖြစ်သည်။
သို့သော် ရုရှားလုပ် လက်နက်များကို ယူကရိန်းသို့ ပေးမည် ဆိုက လက်နက် အသစ်များ ပြန်ပေးမည် ဟု အနောက်အုပ်စု မှ တောင်းဆိုလာသည့် အခါတွင်တော့ ငြင်းဆိုလာခဲ့သည်။
လူလာသည် ဧပြီ ၁၄ ရက်နေ့တွင် တရုတ်ပြည်နှင့် စီးပွားရေး ဆက်ဆံနေမှု သည် အရေးကြီးကြောင်း ပေါ်လွင်အောင် ပြသသည့် အနေဖြင့် ဘီဂျင်းသို့ ရောက်ရှိလာခဲ့သည်။ တရုတ် နှင့် အမေရိကန် တို့ ကုန်သွယ်ခွန် ကို အပြိုင်အဆိုင် တိုးမြှင့်ကောက်လာနေသည်ကို အခွင့်အရေး တရပ် အဖြစ် အသုံးချကာ ဘရာဇီး မှ လယ်ယာ ထွက်ကုန် များ ဆထက်တံပိုး တိုး၍ တရုတ်ပြည်သို့ တင်ပို့လာနိုင်ခဲ့သည်။
ဘရာဇီးသည် အာဖရိက သို့ လည်း ခြေဆန့်လာခဲ့သည်။ ယခင်က အာဖရိက အပေါ် ဩဇာ ညောင်းခဲ့ဖူးသည် ကို ပြန်လည် တူးဆွနိုင်ရန် အတွက် ဖြစ်သည်။ လူလာ ၏ ပထမ သက်တမ်း အတွင်း အာဖရိက နှင့် ကုန်သွယ်မှုသည် ၂၀၀၃ ခုနှစ် တွင် ဒေါ်လာ ၆ ဘီလီယံ ရှိနေရာမှ ၂၀၁၂ တွင် ၂၅.၆ ဘီလီယံ အထိ ဖြစ်လာခဲ့သည်၊ တောင်အာဖရိက အားလည်း BRIC အဖွဲ့ထဲ ဆွဲသွင်းလာခဲ့သည်။ လူလာသည် ယခုအခါ အာဖရိက သို့ ခရီးထွက်ရန် စဉ်းစားနေပြီ ဖြစ်သည်။
ဆက်လက် တင်ပြပါမည်။