အိန္ဒိယသည် တရုတ် ရန် ကို စိုးရွံ့နေ၍သာ အနောက်အုပ်စု နှင့် လိုရမယ်ရ ပေါင်းထားခြင်းသာ ဖြစ်သည်။ ထို့အတွက် အမေရိကန်၊ ဂျပန်၊ ဩစတေးလျှ တို့ နှင့် ပူးတွဲပြီး QUAD အဖြစ် ဖွဲ့စည်းရန် သဘောတူလာခဲ့သည်။ မတ်လ အတွင်း ဂျပန် ဝန်ကြီးချုပ် သည် နယူးဒေလီ သို့ ထူးထူးခြားခြားရောက်လာခဲ့သည်။
သို့သော် အိန္ဒိယသည် ရုရှားထံမှ လက်နက်များ နှင့် ဈေးပေါပေါ ရသော ရေနံများကို ဝယ်ယူနေဆဲပင် ဖြစ်သည်။ ပူတင် သည် နျူကလီယား လက်နက် မသုံး သရွေ့ ဒီအတိုင်း တပူးပူး နှင့် ဆက်ဆံနေမည်သာ ဖြစ်သည်။
အိန္ဒိယလည်း ဘရာဇီးကဲ့သို့ပင် အာဖရိကဖက်သို့ ခြေလှမ်းပြင်လာနေသည်၊ အာဖရိက နိုင်ငံ များတွင် သွားရောက် ရင်းနှီးမြုပ်နှံလာသည်၊ ပြီးခဲ့သည့် လ အတွင်း အာဖရိက ၃၁ နိုင်ငံကို ဖိတ်ခေါ်ပြီး ပူးတွဲ စစ်ရေး လေ့ကျင့်မှု များ လုပ်လာခဲ့သည်။
ယခု နှစ် တွင် G-20 ဥက္ကဌ ဖြစ်လာသည့်အခါ "တောင် ကမ္ဘာခြမ်း၏ အသံ" ဖြစ်စေရမည်ဟုပင် ကတိပေးခဲ့သည်။
တူရကီ သည်လည်း တောင်ကမ္ဘာခြမ်းသို့ ထိုးဖေါက်လာခဲ့ပြန်သည်။ အာဖရိက ရှိ နိုင်ငံပေါင်း ၃၀ နှင့် လုံခြုံရေး ဆိုင်ရာ သဘောတူညီချက်များ ချုပ်ဆို နိုင်ခဲ့သည်။ စစ်လက်နက် ပစ္စည်းများ တင်ပို့မှု သည်လည်း ၂၀၂၀-၂၁ အတွင်း ငါးဆမျှ ခုန်တက်သွားခဲ့သည်။
တူရကီသည် ယူကရိန်းစစ်ပွဲ တွင် ဟန်ပြ ကြားနေ နေသော်လည်း တကယ်တမ်း တွင် ရုရှား နှင့် နီးစပ်နေမှု ကို အကြောင်းပြုပြီး အနောက်အုပ်စုထံမှ ညှစ်၍ ရသမျှ ညှစ်ထုတ်လာနေသည်။ ရုရှားသို့ ကုန်စည် တင်ပို့ ရောင်းချနေမှုသည် ၂၀၂၂ တွင် ဒေါ်လာ ၇.၆ ဘီလီယံ အထိ ရှိလာနေပြီး ထိုမတိုင်မီ ကထက် ၄၅ ရာနှုန်း မြင့်တက်လာခဲ့သည်။
ဆော်ဒီ အာရေဗီယားသည် ၎င်းတို့၏ အဓိက မဟာမိတ်ကြီး ဖြစ်သော အမေရိကန် နှင့် လွတ်လွတ်ကင်းကင်း နေ၍ ရအောင် ကြိုးပမ်းလာနေပြီး တရုတ်ဖက်သို့ပင် ယိမ်းစ ပြုလာနေသည်။ ယခုအခါ တရုတ်သည် ဆော်ဒီ ၏ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံ ဖြစ်လာနေသည်။
အိုပက် တွင် ခေါင်းဆောင်မှု နေရာ ယူထားသော ဆော်ဒီသည် ယခုလတွင် ရေနံထုတ်လုပ်မှု ကို လျော့ချရန် ကိုပင် သဘောတူခဲ့သည်။ ပြီးခဲ့သည့် လ အတွင်း တရုတ် ၏ ကြားဝင်စေ့စပ်ပေးမှု ဖြင့် အမေရိကန်၏ ရန်သူတော်ကြီး ဖြစ်သော အီရန် နှင့်ပင် သဘောတူညီချက် လက်မှတ်ရေးထိုးသည့် အဆင့် ဖြစ်လာခဲ့သည်၊ ထို့ပြင် တရုတ်တို့ ခေါင်းဆောင်နေသည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့သို့လည်း ဝင်ခဲ့ပြန်သည်။ တရုတ်ကလည်း ပင်လယ်ကွေ့ နိုင်ငံများ နှင့် လွတ်လပ်သည့် ကုန်သွယ်ရေး သဘောတူညီချက်များ အမြန်ဆုံး ချုပ်ဆိုမည်ဟု မက်လုံးပေးလာခဲ့သည်။
ပင်လယ်ကွေ့ နိုင်ငံများ နှင့် အာဖရိက ဆက်ဆံရေးသည် ယခင်က ရေနံသာ အဓိက ဖြစ်သော်လည်း ယခု အခါ ဆော်ဒီ နှင့် ယူအေအီးသည် အာဖရိကရှိ တွင်းထွက် သယံဇာတများ ကို မျက်စိကျလာကြသည်။
သို့သော် အာဖရိက နိုင်ငံများသည် အနောက်အုပ်စုနှင့် တရုတ်ကိုလည်း ဖက်တွယ်နေဆဲပင် ဖြစ်သည်။ အထူးသဖြင့် အနောက်အုပ်စု အား ဆော့ဝဲယား များ အတွက် အားကိုးနေကြပြီး ပညာရေး၊ ကျန်းမာရေး၊ အတွက် အထောက်အပံ့ များလည်း မျှော်ကိုးခဲ့ကြသည်။ ၎င်းတို့ အတွက် ပြဿနာ မရှိဟု ယူဆကအနောက် အကြိုက် လူ့အခွင့်အရေး စကားများပင် ပြောလာကြသည်။
တရုတ်က "အမာထည်" များ ဖြစ်သည့် လမ်း၊ တံတား၊ မီးရထားလမ်းများ တည်ဆောက်ပေးလာခဲ့သည်။ ၂၀၀၇ နှင့် ၂၀၂၀ အကြား တရုတ် ဘဏ်တိုက်ကြီး နှစ်ခု သည် အာဖရိက ရှိ ဆာဟာရ အောက်ပိုင်း နိုင်ငံများ ဖွံ့ဖြိုးရေး အတွက် အမေရိကန် တို့ ထုတ်ချေးသော ငွေပမာဏ ထက် ဆယ်ဆခန့် ထုတ်ချေးပေးခဲ့သည်။
အာဖရိကရှိ အချို့သော ဒေသများတွင် အနောက်အုပ်စု ၏ လုံခြုံရေး တာဝန်ခံမည် ဆိုသော ကတိကဝတ်များသည် မယ်မယ်ရရ ဖြစ်မလာသည်ကို တွေ့လာရသည်။ အမေရိကန် သည် အာဖရိကအား ၎င်းတို့ တပ်များ နှင့် အေးဂျင့်များ ကျောချစရာ တနေရာ လောက်သာ သဘောထားနေကြသည်ဟု ပင် ပြောလာကြသည်။ ၎င်းတို့ထံမှ ရမည့် အကာအကွယ်အသစား တရုတ်တို့ ပေးမည့် ဖွံ့ဖြိူးမှု အကူအညီသာ ယူတော့မည်ဟု တွက်ဆ လာကြသည်။
ပြီးခဲ့သည့် ဩဂုတ်လ အတွင်း မာလီတွင် ကိုးနှစ်ကြာ စခန်းချခဲ့သော ပြင်သစ်တပ်များ ထွက်ခွာသွား၍ ရုရှား၏ ဝဂ္ဂနာ ကြေးစားတပ်များကို ခေါ်သုံးခဲ့ကြသည်။
ဘက်မလိုက် ဆိုသော နိုင်ငံများသည် မည်သည့်ဖက်မှ မပါဆိုသော်လည်း အမေရိကန် နှင့် တရုတ်တို့မှ သူ့ဖက်ကိုယ့်ဖက် ပါအောင် အပြိုင် သိမ်းသွင်းနိုင်ရန် စိတ်အားထက်သန်လျက် ရှိသည်။ တရုတ်က တောင်ကမ္ဘာခြမ်းကို ဦးဆောင်မှု ပေးနိုင်မှသာ အမေရိကန် တို့၏ ဖိအားကို ကြံ့ကြံ့ခံနိုင်မည်ဟု ယူဆထားသည်။ ထို နိုင်ငံများ တိုးတက်ရေး တွင် စံနမူနာ ပြ အဖြစ် နေရာယူလာသည်။
တရုတ်သည် လက်ရှိတွင် နိုင်ငံပေါင်း ၁၂၀ ၏ အဓိက ကုန်သွယ်ဖက်၊ ငွေချေးငှား၍ ရသည့် နိုင်ငံ အဖြစ် ရပ်တည်လျက် ရှိသည်။ သို့သော် တရုတ်သည် "နှစ်ဖက် အကျိုးရှိ" ဆိုသော စကားနောက်ကွယ်တွင် လိုအပ်လျှင် ဘယ်သူမှ မညှာ" ဆိုသည့် မူကို ဖုံးကွယ်ထားသည်။ အာဏာရှင် များ အတွက် ငွေ အလွယ်တကူ ထုတ်ချေးပေးယုံသာမက ၎င်းတို့ မဲအသာရနိုင်မည့် ဒေသများတွင် ပရိုဂျက် များ လုပ်ပေးဆိုက လုပ်ပေးရန် ဝန်မလေး၊
ထို့အတွက် ကုလ တွင် တရုတ် အလိုကျ မဲထည့်ပေးမှုသည် ၁၀ ရာနှုန်းခန့် တက်လာသည်ဟု သုတေသန လုပ်သူများက ဆိုသည်။ တရုတ်သည် ငွေချေးငှားသည့် စည်းကမ်းချက်များကိုတော့ အထူး လျို့ဝှက် ထားတတ်ပြီး၊ အပေါင်မပါပဲ အလွတ် ချေးခြင်းမျိုးလည်း မတွေ့ရပေ။
ထိုသို့သော အနေအထားများ နှင့် ကြုံတွေ့လာရသော အမေရိကန် နှင့် အနောက်အုပ်စုသည် ဒီအတိုင်း ဆက်နေ၍ မဖြစ်တော့၊ ၎င်းတို့သဘောတူ မှသာ မိမိတို့ ခင်းကျင်းထားသော ဘူမိနိုင်ငံရေး ဇာတ်ခုံ ကြီးပေါ် တက်လာကြမည် ဆိုသည်ကို သဘောပေါက်လာပြီး ဘက်မလိုက် ဆိုသော နိုင်ငံများအကြား သဘောပေါက် အောင် ပြောဆိုလာကြသည်။
ဩဇာအာဏာရှိထားသော ဘက်မလိုက် နိုင်ငံများ နှင့် လုံခြုံရေးဖက်တွင် ပူးပေါင်းနိုင်ရန် ချည်းကပ်လာခဲ့သည်။ နိုဝင်ဘာလ အတွင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး လွိုက် အော်စတင်သည် အင်ဒိုနီးရှား သို့ လေးကြိမ်တိုင် ရောက်ရှိလာခဲ့သည်။ ဇန်နဝါရီ လ တွင် အမေရိကန် နှင့် အိန္ဒိယ အရာရှိများ အကြား ကာကွယ်ရေး ဆိုင်ရာ နောက်ဆုံးပေါ် နည်းပညာ များ ဖက်တွင် နက်နက်ရှိုင်းရှိုင်း ပူးပေါင်းနိုင်ရန် ဆွေးနွေးခဲ့ကြသည်။ အမေရိကန် သည် ထိုကဲ့သို့ အနေအထားမျိုး နှင့် နေတိုး မပါ နိုင်ငံပေါင်း ၈၈ နိုင်ငံကို ပုံစံ အမျိုးမျိုး နှင့် စည်းရုံးထားနိုင်ခဲ့သည်။
အမေရိကန် နှင့် အီးယူသည် တရုတ်၏ ရပ်ဝန်းလမ်း စီမံကိန်းကို ယှဉ်နိုင်ရန် ကြိုးစားလာသော်လည်း အားလုံးစိတ်ထဲ စွဲနေသည်က "ငွေလိုချင်ရင် ဘီဂျင်း ဆီသွား" ဖြစ်နေသည်။
ဘိုင်ဒင် အစိုးရသည် နှစ်ဆင့်ခံ နိုင်ငံခြားရေး မူဝါဒ ကို ကျယ်ကျယ့်ပြန့်ပြန့် ကျင့်သုံးလာသည်။ ပထမ အဆင့် အဖြစ် ဥရောပ၊ အာရှရှိ အမာခံ ဒီမိုကရေစီ မဟာမိတ်များ၊ ဒုတိယ အဖြစ် ကနော်နီ ကနောနဲ့ ဖြစ်လာနေသည့် အသင်းအဖွဲ့များ နှင့် ဖြစ်သည်။
ထိုကဲ့သို့ အဖွဲ့အစည်းများတွင် ပါနေသော နိုင်ငံများထဲမှ ဖွံ့ဖြိုးရေးလော၊ အကြွေးလျော်ပစ်ရေးလော၊ လုံခြုံရေးလော၊ ငွေ လော အစရှိသည့် ကဏ္ဍများ အလိုက် ရွေးထုတ်ဆက်ဆံသွားမည် ဖြစ်သည်။
ထိုအရေး တွင် စိန်ခေါ်မှု သုံးရပ် ရှိနေသည်၊ ပထမဆုံး အနောက်အုပ်စုဝင် နိုင်ငံများ အချင်းချင်း ကျောချင်းကပ် ရင်ခြင်းကပ် ရှိနေဖို့ပင် ဖြစ်သည်၊ ထိုအရေး တွင် ဗွေဖောက်သွားသူက ပြင်သစ် သမ္မတ မာကရွန် ပင် ဖြစ်သည်၊ ၎င်း၏ မကြာမီက ပြီးဆုံးသွားခဲ့သော ဘီဂျင်း ခရီးစဉ် အတွင်း ပြင်သစ်သည် တိုင်ဝမ် အရေးတွင် အမေရိကန် တို့ တီလုံး အတိုင်း ကမည့် နိုင်ငံ မဟုတ်ဟု ရှီကျင့်ပင်အား မျက်နှာလို မျက်နှာရ ပြောသွားခဲ့သည်။
ဒုတိယ အဖြစ် ကမ္ဘာ အဖွဲ့အစည်းများထဲ တရုတ်မှ မွှေနှောက်လာမည့် အရေးပင် ဖြစ်သည်၊ ဤနေရာတွင် နိုင်ငံချင်းစီ အလိုက် ကြွေးမြီ သက်သာရေး အစီအမံများဖြင့် မြူဆွယ်လာနိုင်သည်။ ဥပမာ အိုင်အမ်အက်ဖ်သည် အကျပ်အတည်း ကျနေသော နိုင်ငံများအား ငွေထုတ်ချေးပါက ရသမျှ ၎င်းတို့အား ဆပ်ရမည်ဟု တင်းခံကာ ဖျက်လို ဖျက်ဆီး လုပ်ခဲ့ပြီး၊ တဖက်တွင် ထိုနိုင်ငံအား မိမိတို့ဖက်မှ မည်မျှ လိုက်လျောပေး၍ ရသည်ဟု သီးခြား ဆွေးနွေးခြင်းမျိုး ဖြစ်သည်။
နောက်ဆုံး စိန်ခေါ်မှုသည်က အနောက်အုပ်စု၏ ကတိ မတည်ခဲ့မှုများကြောင့် ယုံကြည်မှု ပျက်ပြားနေခြင်းပင် ဖြစ်သည်။ ဥပမာ ၂၀၀၉ ခုနှစ် အတွင်း ရာသီဥတု ပြောင်းလဲလာမှု အား ကာကွယ်ရန် ,၂၀၂၀ အထိ ဆင်းရဲသော နိုင်ငံများကို တနှစ်လျှင် ဒေါ်လာ ၁၀၀ ဘီလီယံ ထောက်ပံ့ပေးသွားမည်ဟု ကတိပေးခဲ့သော်လည်း တကယ်တမ်းတွင် တခါဖူးမျှ ၈၅ ဘီလီယံထက် မကျော်ခဲ့သေးပေ။
အမေရိကန်နှင့် အနောက်နိုင်ငံများသည် လစ်ဘရယ် စနစ် အပေါ် တန်ဖိုးထားမှု၊ တူညီသော သမိုင်းနောက်ခံများဖြင့် ယူကရိန်းဖက်က ရပ်တည်ပေးလာခဲ့သည်။ ယခုလည်း အလားတူပင် တရုတ်၏ အာဏာရှင် ဝါဒကို ရင်ဆိုင်လာခဲ့ကြသည်။
ယင်းသည် ကမ္ဘာတောင်ခြမ်း နှင့် ဇတ်ခေါင်းကွဲမည့် အန္တရာယ်များ တိုး၍ လာနေသည်။ အမေရိကန်သည် အနောက်အုပ်စု စည်းလုံးရေးကို အာရုံစိုက်နေမည် ဆိုလျှင် ကျန်နိုင်ငံများ နှင့် ခွာပြဲသည်ထက် ခွာပြဲလာဖို့သာ ရှိနေပေသည်။
၂၀၂၃ ဧပြီ ၁၁ ရက်နေ့ထုတ် အီကောနော်မစ် မဂ္ဂဇင်းပါ "How to survive a superpower split" အား နှစ်ပိုင်းခွဲ ၍ ကောက်နှုတ် တင်ပြသည်)