မင်းအောင်လှိုင်အား တာလီဘန် ပြီးလျှင် ဒုတိယ မြောက် အဆိုးဆုံး အာဏာရှင် ဟု သတ်မှတ်

by Hla Soewai - Apr 17 2023

ကမ္ဘာတွင် လူသိ အများဆုံး တိုင်း မဂ္ဂဇင်းကြီးမှ ကမ္ဘာတဝှမ်း သက်ရောက်မှု အများဆုံး ပေးနိုင်ခဲ့သည့် လူပုဂ္ဂိုလ် ၁၀၀ စာရင်းအား အနုပညာရှင်များ၊ တီထွင် ဖန်တီးသူများ၊ အီလွန် မတ်စ်၊ လီယွန်နယ် မက်ဆီ ကဲ့သို့ ထိတ်ထိတ်ကြဲများ၊ ခေါင်းဆောင်များ၊ ရှာရွတ်ခန် ကဲ့သို့ ထင်ရှားသူများ၊ လူမှုရေးနယ်ပယ်တွင် ရှေ့ဆောင်လမ်းပြသူများ ဟူ၍ အမျိုးအစား ခွဲ၍ ထုတ်ပြန်ခဲ့ရာ မင်းအောင်လှိုင်သည် ခေါင်းဆောင် ကဏ္ဍ လူနှစ်ဆယ်ထဲတွင် ပါရှိလာခဲ့သည်။

 

ထိုသို့ အမေရိကန် သမ္မတ၊ ဩစတေးလျှ၊ ဂျာမဏီ ဝန်ကြီး ချုပ်များ နှင့် တွဲကာ နောက်ဆုံးမှ ပါလာခဲ့သော်လည်း တန်ဖိုးခြင်းတော့ မတူညီခဲ့ပေ၊ ၎င်းအား တိုင်းပြည်ကို ကမ္ဘာ အလယ် အပယ်ခံ ဘဝ ရောက်အောင် တွန်းပို့ ပေးခဲ့သည့် ခေါင်းဆောင်၊ ကျေးရွာများအား လက်နက်ကြီးများ၊ တိုက်လေယာဉ်များ နှင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည့် ခေါင်းဆောင် ဖြစ်ပြီး ကမ္ဘာပေါ်တွင် တာလီဘန် ပြီးလျှင် အဆိုးဝါးဆုံး အာဏာရှင် ဖြစ်ကြောင်း ၂၀၂၂ ခုနှစ် အီကောနော်မစ် မဂ္ဂဇင်း၏ ဒီမိုကရေစီ အညွန်းကိန်း အား ကိုးကားပြီး ဖေါ်ပြခြင်း ခံခဲ့ရပြီ ဖြစ်သည်။

 

ခေါင်းပေါင်း၊ တိုက်ပုံ အင်္ကျီ နှင့် ရွှေစားလွယ်ကြီး လွယ်ကာ အမိုးဖွင့် ဂျစ်ကားကြီး ပေါ် မတ်တပ်ရပ်လိုက်ကာ သွားနေသည့် ပုံဖြင့် ‌ပါရှိလာခဲ့သည်။

 

ထိုသို့ bad form ဖြင့် ဖေါ်ပြခံရခြင်းသည် ဝီရသူ ပြီးလျှင် ဒုတိယမြောက် ဖြစ်သည်။

 

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန ၏ အထက်တန်း အကြံပေး ဒဲရက် ရှိူလက်သည် စင်္ကာပူတွင် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် တရုတ် နှင့် ပူးပေါင်း ဆောင်ရွက်၍ ရသော အကြောင်းအရာ နှစ်ခု ရှိကြောင်း၊ ယင်းသည် ရာသီဥတု အပြောင်းအလဲ တိုက်ဖျက်ရေး နှင့် မြန်မာ ပြဿနာ ဖြစ်သည်ဟု

ထောက်ပြ ပြောဆိုသွားခဲ့ပြီ ဖြစ်သည်။

 

အမေရိကန်သည် မြန်မာ အရေး ဖြေရှင်းရာတွင် တရုတ် ၏ အကျိုးစီးပွား ကို မထိခိုက်စေရ ဟူသော အာမခံချက် မျိုး ဖြင့် ချည်းကပ်နေခြင်း ဖြစ်သည်။

 

လက်ရှိ တွင် တိုင်ဝမ်ရေလက်ကြားတွင် တင်းမာမှုများ မြင့်တက်လာနေသဖြင့် တရုတ်သည် မျက်နှာ မပျက်စေမည့် အဖတ်ဆယ်နည်းမျိုး ဖြင့် မြန်မာ အရေး အပေါ် လုံလောက်သည့် အာမခံချက် ရမည် ဆိုက အမေရိကန် နှင့် ပူးပေါင်းရန် သဘောတူလာမည်သာ ဖြစ်သည်။ ရုရှားကလည်း တရုတ်မျက်နှာ အညိုမခံ နိုင်၍ မည်သို့မျှ ကန့်ကွက် ပြောဆိုလိမ့်မည် မဟုတ်ပေ။

 

စင်္ကာပူ တွင် ရှိနေစဉ် အတွင်း ရှိုလက်မှ စစ်တပ်၏ ငွေရရာ ရကြောင်း ဖြစ်နေသည့် စွမ်းအင် ကဏ္ဍာကို ပိတ်ဆို့ဒဏ်ခတ်သွားရန် အမေရိကန်မှ အလေးအနက် ချိန်ဆနေပြီ ဖြစ်သည်ဟု လည်း ပြောသွားခဲ့သည်။

 

မြန်မာပြည် လူထု ရင်ဆိုင်နေရသော အကျပ်အတည်း ကြီးအား ‌ဖြေရှင်းနိုင်ရေးသည် ရှုပ်ထွေး လွန်းသည် အတွက် အချိန်ယူရမည်ဟု ညည်းတွား နေကြသည် မှာ ကြာမြင့်လှပြီ ဖြစ်သည်။

 

ထိုသို့ အလုံးစုံ ဖြေရှင်းနိုင်ရေး အတွက် အချိန်ယူရမည် ဆိုသည်ကို အငြင်းမပွား လိုလှသော်လည်း ထိုသို့ ဖြေရှင်းနိုင်ရေး ကို ဦးတည်မည့် ပထမဆုံး ခြေလှမ်းသည် လက်ရှိ အကြမ်းဖက် စစ်တပ် ကျုးလွန်နေသော လေကြောင်းမှ တိုက်ခိုက်နေမှု များကို ရပ်ဆိုင်း ပစ်ရေးပင် ဖြစ်သည်။

 

အကြမ်းဖက်မှု များ ရပ်တန့်ရေး အတွက် နိုင်ငံတကာ က တောင်းဆိုလာနေသည်မှာ မမြသွယ်သွယ် ခိုင် ကျဆုံးသွားချိန်ကတည်းက စရေတွက်လျှင် လူပေါင်း ၃,၀၀၀ ကျော်သာ ထပ်၍ သေဆုံးသွားခဲ့သော်လည်း ဖုတ်လေသည့် ငပိ ရှိတယ်ဟူ၍ မထင် ဆက်၍ ကျုးလွန်နေကြသည်။

 

ယခု ပဇီကြီး ကျေးရွာ အား တိုက်ခိုက်ခဲ့မှု သည် ၎င်းတို့ ကျူးလွန်သမျှ ထဲတွင် မိနစ်ပိုင်းတွင် ကလေး၊ လူကြီး ၁၇၀ ခန့် သေဆုံးသွားခဲ့ရ၍ တကမ္ဘာလုံး အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ရသည်အထိ အဆိုးဝါးဆုံး ဖြစ်သည် မှာ မငြင်းနိုင်ပေ။

 

ရှေ့လျောက်လည်း ကျုးလွန် ကြဦးမည်သာ ဖြစ်သည်၊ ထို အရေးကို ရပ်တန့်နိုင်ဖို့ အထိရောက်ဆုံး နည်းလမ်း (၂) ရပ်သာ ရှိသည်၊ ပထမ နည်းက။ No Fly zone သတ်မှတ်ပေးရေး၊ ထိုသို့ လုပ်ရန် အခြေအနေ မပေးသေးဘူးဆိုက ဒုတိယ နည်း အဖြစ် အနည်းဆုံး အကြမ်းဖက် စစ်တပ်အား လေယာဉ်ဆီ ရောင်းချနေမှု ကို ကုလ လုံခြုံရေး ကောင်စီ ၏ အမိန့်ဖြင့် ကမ္ဘာတဝှမ်း ပိတ်ပင်ရေးပင် ဖြစ်သည်။

 

ဒုတိယ နည်းလမ်းသည် မည်သို့မျှ မလုပ်နိုင်စရာ မရှိ၊ ဆက်ဒမ် ဟုစိန် လက်ထက် အီရတ် ကို လေယာဉ် ဆီသာ မက နို့မှုန်၊ သကြား အထိပင် ကုလ က ပိတ်ပင် ပေးခဲ့ပြီး ဖြစ်သည်၊ ထိုအထဲမှ မည်‌ရွေ့မည်မျှသာ တင်သွင်းခွင့် ပေးမည် ဆိုသည်ကို ကုလ ပိတ်ဆို့ဒဏ်ခတ်ရေး ကြီးကြပ် ကော်မတီ မှ လစဉ် စီစစ် ခွင့်ပြုခဲ့ရသည် အထိ လုပ်ခဲ့ကြသည့် အစဉ်အလာများ ရှိထားပြီး ဖြစ်သည်။

 

တရုတ်သာ ခေါင်းတချက် ငြိမ့်လိုက်ယုံဖြင့် နေ့ခြင်းညခြင်း ဆိုသလို ထိုသို့ ဖြစ်သွားနိုင်သည့် အလားအလာများကို စစ်ကောင်စီ က မှန်းဆမိ၍ အထူးပင် ထိတ်လန့် တုန်လှုပ်လာနေပြီး ၎င်းတို့ တိုက်ခိုက်ခဲ့မှု အား လုပ်သင့် လုပ်ထိုက်မှု ဟု ထင်မြင်လာစေရန် အဆီအငေါ် မတည့်၊ ပါးစပ်ထဲ တွေ့ရာ ပြောနေကြပြီ ဖြစ်သည်။ ပြောခွင့်ရ ဇော်မင်းထွန်းပင် မကြုံစဖူး အယ်ဂျာဇီယား ၏ အင်တာဗျုးကို လက်သင့်ခံ ပြောဆိုနေရပြီ ဖြစ်သည်။

 

 ထိုသို့ တိုက်ခိုက်မှု သည် လုပ်သင့် လုပ်ထိုက်မှု အဖြစ် မည်မျှပင် ဂျပိုးကို လိပ်ဖြစ်အောင် ပြောဆို နေကြစေကာမူ သေဆုံးသွားခဲ့သည့်ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်များ ၏ ရုပ်ကြွင်းများက ၎င်းတို့၏ လူမဆန်သော လုပ်ရပ် ကို မီးမောင်းထိုးပြနေပြီ ဖြစ်သည်။

 

လက်ရှိ တွင် လေယာဉ်ဆီ ရောင်းချနေမှု ကို ပိတ်ပင်ရေး အတွက် တကမ္ဘာလုံး ရှိ လူ့အခွင့်အရေး အဖွဲ့များ၊ မြန်မာအရေး စာနာ ထောက်ထားသူများ၊ တက်ကြွ လှုပ်ရှားသူ များက ယခင်ကထက် ပို၍ ကျယ်ကျယ်လောင်လောင် တောင်းဆိုနေကြပြီ ဖြစ်သည်။

 

တကယ်တမ်း တွက်ကြည့်မည် ဆိုက ယခင်ကထဲက ထိုသို့ လုပ်နိုင်ခွင့် ရှိနေပါလျက် မကြားချင်ယောင်၊ မသိချင်ယောင် ဆောင်နေကြသည့် ဂျိုးဘိုင်ဒင်က စ၍ ပဇီကြီး ကျေးရွာတွင် အကြမ်းဖက် စစ်တပ်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသူ ၁၇၀ ဦး အတွက် လူပေါင်းများစွာ တွင် တာဝန်ရှိနေပြီ ဖြစ်သည်။

 

ထိုသို့ လုပ်ရန် ပျက်ကွက်နေခဲ့မှု ကြောင့် မြန်မာ အရေးသည် မည်သို့မျှ နောက်ကြောင်းပြန်လှည့်၍ မရတော့၊ စေ့စပ်၍ မရတော့သည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!