သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(130)

by Hla Soewai - Apr 12 2023

ဖီဒယ်၊ ချေ နှင့် ကျုးဘား တော်လှန်ရေး (၆)

 

ယခင် အစိုးရ ဟောင်း ၏ အလုပ်အကျွေးများကို လက်စားချေပြီ

 

ကျုးဘား တော်လှန်ရေးသည် ယခုအခါ နိုင်ငံ၏ ဖွဲ့စည်း တည်ဆောက်ထားပုံကိုသာမက နိုင်ငံတွင်း နေထိုင်သူများကို ပါ အသွင်ပြောင်းနေပြီ ဆိုသည်ကို သတိပြုမိရန် အရေးကြီးပေသည်။ တကယ်တမ်းတွင် တော်လှန်ရေး တိုင်းသည် လု့အဖွဲ့အစည်း တခုကို အသွင်ပြောင်းပစ်ခဲ့စမြဲ လည်း ဖြစ်သည်။

 

ဟိုဆေး မာတီသည် မကျဆုံးမီ ယခုလို ပြောသွားခဲ့ဖူးသည်။ "တော ထဲက စတင်ခဲ့ခြင်းသည် တော်လှန်ရေး မဟုတ်၊ သမ္မတနိုင်ငံ အတွင်း ဆက်လက် ဖေါ်ဆောင်မှသာ ထိုသို့ ပြော၍ ရမည်" ဟူ၍ ဖြစ်သည်။ ကက်စထရိုသည် ထို အယူအဆကို ကောင်းမွန်စွာ ခံယူလာခဲ့သူ ဖြစ်သည်။

 

ကက်စထရို သည် အာဏာရပြီး ခြောက်လ အတွင်းမှာပင် လူတသန်းခန့်အထိ တက်ရောက်ခဲ့သည့် လူထု အစည်းအဝေးကြီးကို ခေါ်ယူခဲ့သည်။ ကက်စထရိုသည် တိုင်းပြည်ကို နယ်ချဲ့ အရင်းရှင်များ၏ လက်မှ ပြန်လည် ရွေးနှုတ်ယူမည်ဟု လူထုကို အသိပေးလိုက်ခြင်းဖြင့် သူသည် တော်လှန် ပြုပြင်ပြောင်းလဲရေး၏ ပရောဟိတ်ကြီး၊ ကျုးဘား ပြည်သူတို့၏ အနာဂတ် အတွက် မျှော်လင့်ချက်ကြီး ဖြစ်လာခဲ့သည်။

 

ကျူးဘား ခေါင်းဆောင်သစ် သည် သူပေးလိုသော မက်ဆေ့ခ်ျ အတွက် ဘာသာရေး အယူအဆ နှင့် ပုံရိပ်များကိုပါ အသုံးချလာခဲ့သည်။ ခေတ်သစ် ကို ဖေါ်ဆောင်ရန် ဆိုရှယ်လစ် သဘောတရားများ အစား ခရစ်ယာန် အဆုံးအမ ကိုပင် ထည့်သွင်း ကာ လူ အဓိကပြု ဝါဒ ကို ပြောဆို ဟောပြောလာခဲ့သည်။ ဤသို့ဖြင့် သူ၏ တော်လှန်ရေးသည် မဖြစ်မနေ ဖေါ်ဆောင်ရမည့် တရားဝင် လုပ်ငန်းရပ် ဖြစ်အောင် ဖန်တီးခဲ့သည်။

 

ကျုးဘားတော်လှန်ရေးသည် လူအဖွဲ့အစည်းတခုလုံးကို နယ်ချဲ့ အရင်းရှင်တို့ လက်မှ ‌ရွေးထုတ်နိုင်ရေး တွင် လက်စားချေ ဒဏ်ခတ်မှုများ ပါ မရှိမဖြစ် ပါဝင်လာခဲ့သည်။

 

ထိုအရေး တွင် အဓိကကျသည့် နေရာမှ ပါဝင်လာသူ သည် ချေဂွေဗာယားပင် ဖြစ်သည်။ တော်လှန်ရေးသည် တရားမျှတမှု အတွက် ဆင်နွှဲရသော စစ်ပွဲ ဖြစ်သည်ဟု ခံယူထားသည် နှင့် အညီ လက်စားချေ အပြစ်ပေးမှု များ ဆက်တိုက်ဆိုသလို ပြုလုပ်လာခဲ့သည်။

 

ကျုးဘား အစိုးရ သစ် မှ ယခင်က ကျုးလွန်ခဲ့သော အကျင့်ပျက် ခြစားမှုများ၊ ဂုတ်သွေးစုတ် အမြတ်ထုတ်မှု များ နှင့် ဖိနှိပ်ချုပ်ချယ်မှု များကို သမိုင်း၏ အမှိုက်ပုံး ထဲ သွန်ပစ်မည်ဟု ပေးခဲ့သော ကတိကဝတ်များကို ဖြည့်ဆည်းရန် ချေဂွေဗာယားသည် ဟန်ပြ တရားခွင်များ ဖြင့် ဘာတစ်စတာ အစိုးရ ဟောင်း လက်ထက် အရာရှိကြီးများကို တရားစီရင် အပြစ်ပေးခဲ့သည်။ ရာပေါင်းများစွာ ပစ်သတ်ခံခဲ့ရသည်၊ လူသတ်မှု၊ နှိပ်စက် ညှင်းပမ်းမှု များ နှင့် စွပ်စွဲ ခံရသူများကို ကွပ်မျက်ခဲ့မှုများအား လူထု တရပ်လုံးက ကောင်းချီးပေး ထောက်ခံခဲ့ကြသည်။ ချေ ၏ တရားရုံးမှ စီရင်ချက်သည် ပြင်းထန်မှု မရှိသည့် အခါတိုင်း လူထု၏ ကန့်ကွက် ဆန္ဒပြမှု များ နှင့် ကြုံခဲ့ရသည်။

 

 (ထို အရာရှိကြီးများ နှင့် လက်ပါးစေများသည် ကက်စထရို နှင့် ချေ တို့၏ တော်လှန်ရေး တပ်ဖွဲ့များကို မလောက်လေး မလောက်စားများ အဖြစ် မှတ်ယူကာ ဘာတစ်စတာ အား မမှိတ်မသုံ

အလုပ်အကျွေး ပြုခဲ့ကြသည်၊ နောက်ဆုံး တွင် ဘာတစ် စတာ သည် အိမ်နီးချင်း ဒိုမီနီကန် သမ္မတ နိုင်ငံသို့ လေယာဉ် ဖြင့် စောစောစီးစီး ပင် ထွက်ပြေးသွားသဖြင့် အသက်ဘေးမှ လွတ်မြောက်သွားခဲ့သော်လည်း သူ့အား ခေါင်းမာစွာ ထောက်ခံ ခဲ့သူများ အဖို့ အသက် နှင့် ကိုယ် အိုးစားကွဲ ခဲ့ရသည့် အဖြစ်ကို သင်ခန်းစာ ယူသင့် လှပေသည်။)

 

ထိုအချိန်အထိ ကျုးဘားတော်လှန်ရေးသည် လူထု ထောက်ခံမှု ကို အပြည့်အဝ ရနေဆဲဟု မှတ်ယူ၍ ရပေသည်။ ၎င်းတို့ အပေါ် ခေါင်းပုံဖြတ် ဂုတ်သွေးစုတ် ခဲ့သူများ အပေါ် တော်လှန်ရေး၏ နောက်ဆက်တွဲ အဖြစ် လက်စားချေ ဒဏ်ခတ်ခြင်းများ ပြုလုပ်ရန် ပင် လူထု က အားပေးအားမြှောက် ပြုခဲ့ကြသည်။

 

ဟိုဆေး မာတီ ၏ လူထု အား မွန်းကျပ်အောင် ဖိနှိပ်ထားသည့် အခွင့်ထူးခံမှုများ၊ အကျင့်ပျက် ခြစားနေမှု များ ဖယ်ရှားရေး အတွက် တိုက်ပွဲဝင်ခဲ့မှု သည် ပန်းတိုင် နှင့် လက်တကမ်း အကွာသို့ ရောက်ရှိလာခဲ့ပုံရသည်။

 

၁၉၅၉ မေလ တွင် ပြဋ္ဌာန်းလာခဲ့သော မြေယာ ဥပဒေ ဖြင့် နိုင်ငံတွင်း မြေယာ ပိုင်ဆိုင်မှု ပမာဏ ကို ကန့်သတ်ပေးခြင်းဖြင့် ထွက်ပေါ်လာသော မြေများကို လယ်လုပ်သူများအား ဝေငှ ပေးနိုင်ခဲ့သည်။

 

ကက်စထရို အစိုးရသည် မြေယာများသာမက အရင်းရှင် ကရိုနီများ၏ ကြွယ်ဝချမ်းသာမှုများကိုပါ ပြန်၍ ဝေခြမ်းပေးလာခဲ့သည်။ မြို့ပြဒေသများတွင် အိမ်ငှားခ များ နှင့် ရေ၊ လျပ်စစ်ဓါတ်အားခ များကိုပါ လျော့ချပေးခဲ့သည်။

 

စစ်တပ် ထိန်းချုပ်ထားသော အရင်းအမြစ်များကိုလည်း လူမှုရေး လုပ်ငန်းများသို့ ‌ခွဲဝေ ချထား ပေးခဲ့ပြီး လူထု ဝန်ဆောင်မှု လုပ်ငန်းများအား အခမဲ့ သို့မဟုတ် အနည်းဆုံး ပမာဏ ဖြင့် လုပ်ဆောင်ပေးခဲ့သည်။ ထို့အတွက် ကျုးဘား လူထု သည် ၎င်းတို့ တသက်တာ တွင် ပထမဆုံး အကြိမ် အဖြစ် အခမဲ့ ပညာရေး နှင့် ကျန်းမာရေး စောင့်ရှောက်မှု များ ခံစားခွင့် ရလာခဲ့ကြသည်။

 

ပြည်ပ နိုင်ငံများ၏ စီးပွားရေး အရ ဂုတ်သွေးစုတ်နေမှု များနှင့် အမေရိကန် ပြည်ထောင်စု အပေါ် မှီခိုနေရမှု များ မှ ကင်းလွတ်စေရန် ပြည်တွင်း စက်မှု လုပ်ငန်းများ ထွန်းကားလာရေး အတွက် ရင်းနှီးမြုပ်နှံမှု များ ပြုလုပ်ခဲ့သည်။

 

ဤသို့ဖြင့် တော်လှန်ရေး အပြီး တနှစ် အကြာတွင် ဈေးနှုန်းများ ကျဆင်းပြီး လုပ်ခ နှုန်းထားများ မြင့်တက်လာခဲ့သည်။ လူများလည်း အိုးအိမ်များကို သက်သာ သော နှုန်းထားဖြင့် ဝယ်ယူနိုင်ခဲ့၍ အိမ်ပိုင်ဆိုင်မှု အရည်အတွက်သည် တဟုန်ထိုး မြင့်တက်လာခဲ့သည်။

 

ယခုအခါ ကက်စထရို ၏ မူဝါဒများသည် လူထုကြီး၏ လိုလားချက်များ ဖြည့်ဆည်းပေးနိုင်‌ ရေး အပေါ် အခြေတည်ပြီး ဖေါ်ဆောင်လာခဲ့သဖြင့် လူပဓာနပြု ဝါဒဖြင့် အုပ်ချုပ်လာသည့် ပုံစံဟု ပြော၍ ရပေသည်။ သို့သော် ထိုမူဝါဒများကို Partido Socialista Popular (PSP) ခေါ် ကျုဘား ကွန်မြူနစ် ပါတီ၏ သဘောတရားနှင့် တသားတည်းကျအောင် ထိန်းညှိပေးလာခဲ့သည်။