ထိုင်း ရွေးကောက်ပွဲ နှင့် မြန်မာ အနေအထား

by Hla Soewai - Apr 12 2023

ဧပြီ ၇ ရက်သည် ထိုင်းနိုင်ငံရေး ပါတီများ အတွက် မေလ ၁၄ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ အတွက် ဝန်ကြီးချုပ်လောင်း အမည်စာရင်း တင်သွင်းရမည့် နောက်ဆုံးရက် ဖြစ်သည်။

 

အာဏာသိမ်း ခေါင်းဆောင် ထိုင်းစစ်ဦးစီးချုပ် ဟောင်း နှင့် လက်ရှိ ဝန်ကြီးချုပ် ဖြစ်သူ ပရာရွတ် ချန် အိုချာသည် ထပ်မံ အရွေးခံရန် အမည်စာရင်း တင်သွင်းခဲ့ပြီး လည်း ဖြစ်သည်။

 

ထို့အတူပင် ပြည်ပတွင် တိမ်းရှောင်နေရသည် ဝန်ကြီးချုပ်ဟောင်း သာစင် ရှင်နာဝထွာ၏ သမီး ဖြစ်သူ အသက် ၃၆ နှစ် ရှိ ပေတွန်ထန် ရှင်နာဝထွာသည်လည်း ဝန်ကြီးချုပ် အဖြစ် ဝင်ရောက် အရွေးခံတော့မည်လည်း ဖြစ်သည်။

 

ရှင်နာဝထွာ မိသားစု သည် ထိုင်းကျေးလက်ဒေသများ တွင် အရူးအမူး လူကြိုက်များ ခံနေရဆဲ ဖြစ်သည်။ လွတ်လပ်၍ တရားမျှတစွာ ကျင်းပခဲ့သော ရွေးကောက်ပွဲတိုင်းတွင်လည်း အနိုင်ရခဲ့စမြဲ ဆိုသည်ကို သက်သေထူပြနိုင်ခဲ့ပြီးလည်း ဖြစ်သည်။

 

သာစင်သည် ၂၀၀၁ နှင့် ၂၀၀၅ ရွေးကောက်ပွဲများတွင် အနိုင်ရရှိခဲ့ပြီး ညီမ ဖြစ်သူ ယင်လတ် သည် ၂၀၁၁ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြန်သည်၊ သို့သော် မောင်နှမ နှစ်ယောက်စလုံး စစ်တပ်မှ အာဏာသိမ်းပြီး ဖြုတ်ချခြင််း ခံခဲ့ရသည်။

 

ဘုရင်လိုလားသော အစိုးရသည် ၂၀၁၄ မှ စ၍ တိုင်းပြည်ကို အုပ်ချုပ်လာခဲ့ပြီး နိုင်ငံရေးစနစ် အားလည်း ၎င်းတို့ သဘောကျ စီမံလာခဲ့သည်။

 

လက်ရှိ စနစ်အရ စစ်တပ် မှ ခန့်ထားသော အထက်လွှတ်တော် အမတ်များ၏ တညီတညွတ်တည်း ထောက်ခံမှု ကို ရနေ၍ အမတ်ဦးရေ ၅၀၀ ခန့်ရှိသော အောက်လွှတ်တော် တွင် စစ်တပ်လိုလားသော အမတ်ဦးရေ ၁၂၆ ဦး အရွေးခံရယုံ နှင့် ပရာရွတ်သည် ဝန်ကြီးချုပ် ဖြစ်ဖို့ ကြိမ်းသေနေပြီး၊ ဒီမိုကရေစီ လိုလားသော ပေထွန်တန် ၏ ဖြူထိုင်း ပါတီသည် အမတ် ၃၇၆ နေရာ အနိုင်ရရှိဖိူ့ လိုအပ်နေသည်။

 

 

ထိုသို့သော တဖက်စောင်းနင်း အနေအထားကို ဖြူထိုင်း ပါတီသည် ကျော်ဖြတ်နိုင်မည့် အလားအလာ ရှိနေသည်။

 

ဖြူထိုင်းသည် နေရာ ၃၁၀ တွင် အနိုင်ရဖို့ သေချာနေသည်ဟု သတင်းများက ဆိုပြီး အခြားပါတီဖြစ်သည့် Move Forward ပါတီနှင့် ညွန်ပေါင်း အစိုးရ ဖွဲ့နိုင့်သည့် အလားအလာ ရှိနေသည်။ ပရာရွတ်သည် အသစ် ဖွဲ့စည်းလာသော 

United Thai Nation (Ruam Thai Sang Chart) ပါတီ အောက်မှ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်၍ ဒုဝန်ကြီးချုပ် ပရာဝစ် ဝေါင်ဆူဝမ် ဦးဆောင်သော လက်ရှိ Palang Pracharath ပါတီ နှင့် ထိတ်တိုက်တွေ့ဖို့ ရှိနေပြီး သူတို့ အချင်းချင်းကြား မဲများ ကွဲသွားနိုင်သည်ဟု ခန့်မှန်းနေကြသည်။

 

ပရာရွတ် သို့မဟုတ် ပရာဆစ် အနိုင်ရမည် ဆိုလျှင် မြန်မာ ပြည်နှင့် ပတ်သက်သော ထိုင်း မူဝါဒ သည် အပြောင်းအလဲ ရှိမည် မဟုတ်ဟု ယေဘုယျ အားဖြင့် ယူဆ၍ ရသော်လည်း လူကြိုက်နည်းသည်ထက် နည်းလာနေသော ပရာရွတ်သည် ယခင်ကလို လုပ်၍ မရတော့ပဲ နိုင်ငံရေး သမား တဦး အဖြစ် ပြေလည်အောင် အပေးအယူ လုပ်လာရဖို့ ရှိနေသည်။

 

သို့သော် ဖြူထိုင်း ပါတီသည်သာ ညွှန်ပေါင်း အစိုးရကို ဦးဆောင် နိုင်ခဲ့မည် ဆိုလျှင် မင်းအောင်လှိုင် အဖွဲ့ ကျူးလွန်နေသော ရက်စက်ကြမ်းကြုပ်မှု များကို ပြတ်သားစွာ ဆန့်ကျင်သွားမည်သာ ဖြစ်သည်။ ထိုသို့ သေချာပေါက် ဆန့်ကျင်သွားနိုင်ဖို့က Move Forward ပါတီ ညွန်ပေါင်း အဖွဲ့ထဲ ပါဝင်လာနိုင်မှု အပေါ် မူတည်နေသည်။

 

ထိုပါတီကြီး နှစ်ခုလုံးသည် မြန်မာ စစ်တပ်၏ အာဏာ သိမ်းမှု ကို ဆန့်ကျင်ကြောင်း အသီးသီး ကျေညာချက် ထုတ်ပြန်ခဲ့ကြပြီး ဖြစ်သည်။ Move Forward ပါတီသည် အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် တိုင်းရင်းသား အဖွဲ့အစည်းများကို အာဆီယံ ထိပ်သီး အစည်းအဝေးသို့ ဖိတ်ကြားရန် တောင်းဆိုခဲ့သည်။

 

ထိုင်းနိုင်ငံထဲ တွင် ခိုလှုံနေကြရသူများ ဖက်ကတော့ အစိုးရသစ်သည် မြန်မာ စစ်တပ်ကို လိုလိုလားလား ဆက်ဆံဖွယ် မရှိ၍ ပရာရွတ် လို မင်းအောင်လှိုင်အား ပွေ့ဖက် ဆက်ဆံနေသည် ထက်စာလျှင် အပုံကြီး တိုးတက်မှု ရှိလာမည်သာ ဖြစ်သည်ဟု မှတ်ယူနေကြပြီ ဖြစ်သည်။

 

အမေရိကန် သည်လည်း မြန်မာ အား ကူညီရန် လမ်းပွင့်သွားမည် ဖြစ်သည်။ အမေရိကန်သည် ထိုင်းအား တရုတ်ဖက် တိမ်းညွတ်သွားမည် စိုး၍ လောလောဆယ် ချော့ပေါင်းနေရသည့် အနေအထားတွင် ရှိနေသည်။ အမျိုးသား ညီညွတ်ရေး အစိုးရသည်လည်း ထိုင်း အစိုးရ နှင့် သတိကြီးစွာထား ဆက်ဆံနေရသည်ကို PDF ရဲဘော် သုံးဦး အား မြန်မာဖက်သို့ ပြန်လည် လွှဲပြောင်းပေးမှု အား ကိုင်တွယ်ပုံတွင် တွေ့နိုင်သည်။

 

ထိုင်း ရွေးကောက်ပွဲသည် ရွေးချယ်တင်မြှောက်ခြင်း မခံရသည် စစ်တပ်မှ ခန့်ထားသော အထက်လွှတ်တော် အမတ်များမှ အရေးပါသော ကဏ္ဍ မှ ရှိနေသည်ကပင် မည်သို့မျှ တရားမျှတ မှု ရှိမည် မဟုတ်သည်ကား သေချာနေပေသည်။

 

ထွက်ပေါ်လာသော ရလဒ်သည် စစ်တပ်၊ နန်းတော် အသိုက်အဝန်း နှင့် ဘန်ကောက်ရှိ လူချမ်းသာများ အလိုကျ ဖြစ်မလာခဲ့လျှင် စစ်တပ်မှ အမြဲလို အာဏာ သိမ်းနိုင် နေပြန်သည်။

 

သို့‌ သော် မင်းအောင်လှိုင်ကဲ့သို့ ရုပ်ပျက်ဆင်းပျက် အဖြစ်ခံမည် မဟုတ်၊ မြန်မာသည် ၎င်းတို့ အတွက် သတိထားနိုင်အောင် လမ်းပြထားပြီး ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!