သူတည်း တယောက် သာ ကောင်းစားနေသည့် မြန်မာပြည်

by Hla Soewai - Apr 12 2023

နိုင်ငံတကာ အနေဖြင့် ၎င်းတို့ လက်ရှိ ခံယူ ထားသော အယူအဆအတိုင်း ဆိုလျှင် မြန်မာ အကျပ် အတည်းကို စေ့ဆပ်ဆွေးနွေးခြင်း နည်းလမ်း ဖြင့် ဖြေရှင်းရန် တခုတည်းသာ ကျန်တော့သည့် နည်းလမ်းသည် မင်းအောင်လှိုင်၏ အာဏာသိမ်း အဖွဲ့ကို အားပျော့သွားအောင် တော်လှန်ရေး အင်အားစုများကို ပံ့ပိုးပေးရန်ပင် ဖြစ်သည်။

 

မင်းအောင်လှိုင်သည် ပြီးခဲ့သည့် မတ်လ ၂၇ စစ်အခမ်းအနား တွင် အမျိုးသား ညီညွတ်ရေး အစိုးရ အား ချေမှုန်းသွားမည်ဟု တရားဝင် ပြောဆိုသွားသည့် အပြင် ယခုအခါ စစ်အသုံးစရိတ်ကို ‌ဒေါ်လာ ၂.၇ ဘီလီယံ အထိ ပင် တိုးမြှင့် သုံးစွဲ သွားမည်ဟု ဘတ်ဂျက်တွင် ခွဲဝေချပေးလိုက်ပြီ ဖြစ်သည်။

 

ဤသည်ကို ကြည့်မည် ဆိုက နိုင်ငံတကာ အနေဖြင့် ၎င်းတို့ လက်ရှိ မူဝါဒများသည် မည်သို့မျှ အောင်မြင်နိုင်စွမ်း မရှိတော့သည်ကို အထင်အရှား တွေ့မြင် နိုင်မည် ဖြစ်သည်။ မင်းအောင်လှိုင် အဖို့က တရုတ် နှင့် ရုရှား ထောက်ခံပေးနေသရွေ့ ဘာကိုမျှ ဂရုစိုက်စရာ မလို၊ ပြည်သူတရပ်လုံး တခဲနက် ထောက်ခံ နေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ကို ဖျက်သိမ်းလိုက်ပြီ ဟု ကျေညာရဲယုံမက အချို့ဒေသများ တွင် ပါတီ ဆိုင်းဘုတ်များကို ပင် အတင်း အဓမ္မ လိုက်လံ ဖယ်ရှားနေကြောင်း သတင်းများ ထွက်ပေါ်လာနေက ပင် လူထု အား ၎င်းတို့ လက်ခုပ်ထဲက ရေ၊ ကြိုက်သလို သွန်လိုသွန် မှောက်လို မှောက် သဘောထားနေပြီး အာဏာရှင် ပီသစွာ အုပ်ချုပ်သွားမည်ဟု ဆုံးဖြတ်ထားနေသည်မှာလည်း ထင်ရှားနေသည်။

 

အာဆီယံ အတွက် ပြဿနာ ဖြစ်နေရသည်က မင်းအောင်လှိုင်ဖက်မှ အနည်းငယ် အလျော့ပေးလိုက်လျှင်ပင် ပြန်ဆက်ဆံဖို့ ဝန်မလေး၊ အသင့် အနေအထား ရှိနေသည်ကို လက်ရှိ အခြေအနေကို မျက်နှာပြောင် တိုက်ကာ သည်းခံ နေခြင်း ကပင် ထင်ရှားနေသည်။ ဤသည်ကို မင်းအောင်လှိုင်က ရိပ်စားမိသော်လည်း သူ့အနေနှင့် မည်သို့မျှ အလျော့ပေး၍ မရအောင် အခြေအနေဆိုး နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ ထို့အတွက်လည်း မည်သူမျှ မဆက်ဆံချင်နေ၊ ၎င်းတို့ အဖွဲ့ ဆက်၍ ရပ်တည်သွားနိုင်ဖို့ အတွက် အနိုင်တိုက် နိုင်မှ ဖြစ်တော့မည်ဟု အားလုံး တညီတညွတ်တည်း ဆုံးဖြတ်ထားကြခြင်း ဖြစ်သည်။

 

အမျိုးသား ညီညွတ်‌ရေး အစိုးရသည် ရခိုင် တပ်တော် ထူထောင်သည့် ၁၄ နှစ်မြောက် အခမ်းအနားကို လည်း ယာယီ သမ္မတကြီး မှ သဝဏ်လွှာ ပေးပို့ပြီး ဖက်ဒရယ် ပြည်ထောင်စု ထူထောင်နိုင်ရန် ပူးပေါင်း ဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ပြီ ဖြစ်သည်။ အလားတူ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်မှလည်း တော်လှန်ရေး တွင် ကျဆုံး ဒဏ်ရာရသွားသော သူရဲကောင်းများ အား ချီးကြူး ဂုဏ်ပြုပါကြောင်းနှင့် အဖိနှိပ်ခံ ပြည်သူများဖက်က ရပ်တည်ပေးခဲ့မှု အတွက် လေးစားအသိအမှတ် ပြုကြောင်း အစရှိသဖြင့် သီးခြား သဝဏ်လွှာ ပေးပို့ခဲ့သည်။

 

ရခိုင် တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်မှ ချက်ခြင်းပင် စာပြန်ခဲ့ပြီး “ချစ်ခင်လေးစားရသော သမ္မတကြီး ခင်ဗျာ” နှင့် အစချီ ထားသည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

 

လေ့လာသူများကမူ AA သည် စစ်အာဏာသိမ်း အဖွဲ့ အား ဘုံရန်သူ အဖြစ် သတ်မှတ်ပြီး PDF များအား စစ်သင်တန်းများပေးခြင်း၊ လက်နက်များ ပံ့ပိုးပေးခြင်း ဖြင့် ကူညီခဲ့သော်လည်း ဖက်ဒရယ် ပြည်ထောင်စု ကို စိတ်မဝင်စားပဲ သီးခြား လွတ်လပ်သော နိုင်ငံ ထူထောင်ရန် သာ နိုင်ငံရေး ရည်မှန်းချက် အဖြစ် ထားရှိနေသည်ဟု သုံးသပ်ကြကြောင်း လည်း သတင်းတွင် ပါရှိသည်။

 

ထိုသို့ ရည်မှန်းချက် ထားရှိနေသော်လည်း စစ်တပ်မှ ဖြတ်လေးဖြတ် နှင့် ပိတ်ဆို့ခံလိုက်ရသည့် အခါတွင်တော့ အားမတန် မာန်လျော့ပြီး အပစ်အခတ် ရပ်စဲ လိုက်ရသည့် အထိ ဖြစ်သွားခဲ့ရာ သီးခြားနိုင်ငံ ထူထောင်ဖို့ ဆိုသည်က ဝေးကွာသွားခဲ့ရသည်၊ အကယ်၍ ထူထောင် နိုင်သည် ဆိုစေကာမူ ကုလသမဂ္ဂ မှ အသိအမှတ် ပြုဖို့ နေနေသာသာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ် တို့မှ စစ်တပ် အာဏာ ဆုပ်ကိုင်ထားသရွေ့ မည်သို့မျှ အသိအမှတ် ပြုကြမည် မဟုတ်ပေ။ နောက်တက်လာမည့် အစိုးရ နှင့်လည်း မျက်နှာ အပျက်ခံပြီး မည်သို့မျှ လုပ်ဖို့ မရှိ။

 

နိုင်ငံအားလုံးသည် စစ်အေး တိုက်ပွဲကြီး အတွင်းကလို သူ့ဖက် ကိုယ်ဖက် အုပ်စုဖွဲ့ ရပ်တည်နေမှုမျိုး မရှိတော့ပဲ တိုင်းပြည် စီးပွား တိုးတက်ဖို့ ဂလိုဘယ် လိုက်ဇေးရှင်း ရေစီးကြောင်းထဲတွင် စီးမျော နိုင်ဖို့သာ အာရုံစိုက်နေကြပြီ ဖြစ်သည်။

 

သို့သော် AA ဒေသန္တာရ အုပ်ချုပ်ရေး နှင့် ကိုယ်ပိုင် တရားစီရင်ရေး များကို စီမံ အုပ်ချုပ်လာနိုင်သည်နှင့် အမျှ မင်းအောင်လှိုင် လည်း ၎င်း ထိန်းချုပ်ထားနိုင်သည်ဟု ပြသနိုင်ရန် ရခိုင်ပြည်နယ်သို့ အကြောင်းအမျိုးမျိုး ပြပြီး သွားနေရပြီ ဖြစ်သည်။

 

ပို၍ အံ့ဩဖွယ် ကောင်းသည်က အိန္ဒိယ နှင့် ပြဿနာ တက်လာသော ကိုးကိုးကျွန်း အား သွားရောက်ခဲ့ခြင်းပင် ဖြစ်သည်။ ယင်းသည် နိုင်ငံတကာက အာရုံစိုက်လာမှု အား ရှောင်ရှားနိုင်ရန် ကျွန်း ၏ ဖွံ့ဖြိုးမှု များ အကောင်အထည် ဖေါ်နေခြင်း ဖြစ်သည်ဟု တတ်နိုင်သမျှ ကြိုးပမ်းခဲ့ခြင်းသာ ဖြစ်ပေမည်။

 

ယခုလို အခက်အခဲ အကျပ်အတည်းများ ကြုံနေရချိန်တွင် မြန်မာ နှစ်သစ် ကူး အတွက် မိမိတို့မှ အမှတ်တရ ရှိကြောင်း ဖေါ်ပြထားသည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးမှ ပြည်သူများထံ သဝဏ်လွှာ ပေးပို့လာခဲ့သည်။

 

စစ်ကောင်စီသည် တိုင်းပြည် အေးချမ်း သာယာလျက် ရှိကြောင်း၊ လူထု သည် စိတ်ပျက်အားလျော့ကာ ၎င်းတို့ထံ ဒူးထောက်လာနေသည့် အတိုင်းအတာ ကို စမ်းသပ် ပြသလိုသည့် အနေဖြင့် သင်္ကြန် ကို စည်ကားစွာ ကျင်းပရန် ရည်ရွယ်ထားသော်လည်း ရန်ကုန် ရှိ စမ်းချောင်း၊ ဒဂုံ၊ သာကေတ၊ ပြည်သူ့ရင်ပြင်၊ မန္တလေးရှိ ဈေးချို၊ မော်လမြိုင် ရှိ ရေပက်ခံ မဏ္ဍပ်များ အား ပြည်သူ တော်လှန်ရေး တပ်ဖွဲ့များက ဗုံးခွဲ တိုက်ခိုက်ခဲ့ကြသည်ဟု RFA သတင်းတွင် ဖေါ်ပြထားသည်။

 

ယခုအခါ စစ်ကောင်စီသည် တပ်တွင်း ပြိုကွဲမှု မဖြစ်ရေးကို အထူး စိုးရိမ်လာနေပြီ ဖြစ်သည်။ သို့သော် မင်းအောင်လှိုင် သည် ၎င်းအား ထောက်ခံသူများ အားတက်လို အားတက်ငြား ဒီပုပ်ထဲက ဒီပဲများကိုပင် အလဲအထပ် လုပ်ကာ အသုံးပြုနေရ ပြီ ဖြစ်၍ ၎င်းတို့ စိုးရိမ်လာသော ကိစ္စကို ၎င်းတို့ပင် ဖန်တီးနေခြင်းပင် ဖြစ်ပေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

ဓါတ်ပုံ - Radio Free Asia