ချိတ်ထမိန် ဝတ်များ၏ သူရဲဘော ကြောင်လှသော လုပ်ရပ်

by Hla Soewai - Apr 12 2023

မြန်မာ အာဏာသိမ်း စစ်တပ်မှ ဗုံးကြဲ တိုက်ခိုက်မှု ကြောင့် ကန့်ဘလူ မြို့နယ် ပဇီကြီး ကျေးရွာ နေ ကျေးရွာသူ ကျေးရွာသား ၁၀၀ ကျော်ခန့် သေဆုံး သွားခဲ့သည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ အလုပ်သမား ဝန်ကြီးဌာန ၏ ကျေညာချက်တွင် ပါရှိလာပြီး ပြည်သူများ အပေါ် စက်ဆုပ်ရွံရှာဖွယ် ကောင်းလှသည့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ပြုလုပ်နေပြီ ဖြစ်သည်ဟု ရှုတ်ချထားမှု အား CNN၊ New York Times, Washington Post သတင်း များတွင် ပါရှိလာခဲ့သည်။

 

နယူးယောက်တိုင်း သတင်းစာကြီး တွင် အပျက်အစီး ပုံများ အကြား ကယ်ဆယ်ရေး လုပ်ငန်း များ ဆောင်ရွက်နေသည်ကို ဗီဒီယို ကလစ်ဖြင့် ဖေါ်ပြလာခဲ့သည်။

 

အနည်းဆုံး လူ ၈၀၀ ခန့် တက်‌ရောက်လာသော အမျိုးသား ညီညွတ်ရေး အစိုးရ ၏ ကျေးရွာ အုပ်ချုပ်ရေး ရုံးသစ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသော စစ်တပ်၏ တိုက်လေယာဉ် နှစ်စီးက ဗုံးနှစ်လုံးးစီ ကြဲချခဲ့ပြီး M!-35 စစ် ရဟတ်ယာဉ် ပေါ်မှ စက်သေနတ်များ နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူများထဲတွင် အမျိုးသမီးများ နှင့် ကလေး သူငယ်များ အများစု ပါဝင်နေသည်။

 

ယခုထိ ကယ်ဆယ်‌ရေး လုပ်ငန်းများ ဆောင်ရွက်နေရဆဲ ဖြစ်၍ မည်ရွေ့မည်မျှ သေဆုံးသည်ကို အတိအကျ ပြောနိုင်ခြင်း မရှိသေးပဲ ခန့်မှန်းခြေ ၁၀၀ ကျော်သာ ရှိမည်ဟု ဆိုသည်။

 

CNN မှ ထိုသတင်း အတွက် စစ်တပ်မှ တာဝန်ရှိသူများ အား ဆက်သွယ်မေးမြန်းရာ သူရဲဘောကြောင်သူများ ထုံးစံအတိုင်းပင် ပြန်လည် ဖြေဆိုခြင်း မပြု၊ လူသိရှင်ကြား တုန့်ပြန် ငြင်းဆိုခြင်းလည်း မရှိဟု သိရသည်။ သို့သော် ၎င်းတို့ ပိုင် မီဒီယာများကမူ NUG ရုံးဖွင့်ပွဲ ကို အောင်မြင်စွာ တိုက်ခိုက် ချေမှုန်း နိုင်သည်ဟု မျက်နှာပြောင်တိုက် ဖေါ်ပြလာခဲ့သည်။

 

ထိုအဖြစ်ဆိုးကြီး အတွက် စိတ်နှလုံး ထိခိုက် ကြေကွဲ ရကြောင်း ဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်း မှ ထုတ်ဖေါ်ပြောဆိုခဲ့သည်။

 

တိုင်းပြည်၏ ကျရောက်တော့မည့် နှစ်သစ် ကူး ပွဲကိုပင် ဂရုမစိုက်နိုင် တော့သော အကြမ်းမဖက် စစ်တပ်၏ ရက်စက်ကြမ်းကြုပ်မှု များ က အထွတ်အထိပ် သို့ ရောက်လာပြီ ဖြစ်သည်။

 

ဤသည်က မင်းအောင်လှိုင် ၏ မတ်လ ၂၇ ရက်နေ့တွင် ပြတ်ပြတ်သားသား နှိမ်နှင်းသွားမည် ဆိုသော စကားသည် မှန်နေပြီ ဖြစ်‌သော်လည်း တကယ်တမ်း တွင် ရင်ဆိုင် တိုက်ရဲခြင်း မရှိ၊ တိုက်နိုင်စွမ်းလည်း မရှိသော သူရဲဘော ကြောင်သူတဦး ၏ အစွမ်းရှိသမျှ ပြချင်သော အနိုင်ကျင့်သည့် လုပ်ရပ်မျိုးထက် မပိုပေ။

 

စစ်ခေါင်းဆောင်များသည် လူစိတ်ပျောက်ကာ စဉ်းစား တွေးခေါ် နိုင်စွမ်း ကင်းမဲ့လာပြီး သွေးရူးသွေးတမ်း ဖြစ်လာနေပြီ ဆိုသည် ကို သိသာ ထင်ရှားလှသည့် လုပ်ရပ်လည်း ဖြစ်သည်။ ထိုသို့ စစ်ရေးအရ တပမ်းသာခြင်း military value လည်း မရှိသည့် လုပ်ရပ်အတွက် ၎င်းတို့ အဖို့ မည်သို့မျှ ဂုဏ်ယူ နိုင်စွမ်း မရှိတော့ပဲ လူ့အသိုက်အဝန်း၏ ပြင်ပ ရှိလူများ ဖြစ်သွားခဲ့သည့် အပြင် နိုင်ငံတကာ မှလည်း သွေးဆာနေသော လူသတ်ကောင်များ အဖြစ် တညီတညွတ်တည်း အသိအမှတ် ပြုလိုက်ကြပြီ ဖြစ်သည်၊ ဆက်ဆံရန် ခြေလှမ်းပြင်နေသူများပင် တွန့်ဆုပ်ကုန်ပြီ ဖြစ်၍ တန်ဘိုးကြီးကြီး ပေးဆပ် ရတော့မည်သာ ဖြစ်သည်။

 

နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ကြီးမှ အကြမ်းဖက် စစ်တပ်အား လေယာဉ် ဆီများ ရောင်းချနေခြင်း ကို ပိတ်ပင်ရန် အရေးတကြီး လိုအပ်လာနေပြီ ဆိုသည်အား ထောက်ပြလိုက်ခြင်း ဖြစ်သည်ဟု ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။ ကုလ လုံခြုံရေး ကောင်စီ မှ ထိုသို့ ရာဇဝတ်မှု များ ကျုးလွန်နေသူများ တာဝန်ခံမှု ရှိလာအောင် နည်းလမ်းရှာပြီး နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးသို့ လွှဲပြောင်းပေးရန်လည်း တောင်းဆိုထားသည်။

 

တကယ်တမ်းတွင် ထိုသို့ ရောင်းချပေးနေသည့် ကုမ္ပဏီကြီး များကိုပါ စစ်ရာဇဝတ်မှု ခုံရုံးတွင် ပူးတွဲ တရားခံ များ အဖြစ် တင်သွင်း ရတော့မည်သာ ဖြစ်သည်။

 

ရန်သူ က ၎င်းတို့ ရည်မှန်းချက် ထမြောက် အောင်မြင်ရေး အတွက် ပြတ်ပြတ်သားသား လုပ်လာပြီ ဖြစ်သည်။ ၎င်းတို့ ကျုးလွန်မှု များ အတွက်လည်း နိုင်ငံတကာ မီဒီယာများ တွင် အုတ်အော်သောင်းနင်း ဖြစ်ခဲ့ပြီး မကြာမီ မှာပင် ရှုတ်ချကြောင်း ကျေညာချက်များ ဆက်တိုက် ဆိုသလို ထွက်လာမည်က လွဲ၍ တော်လှန်ရေး အတွက် ဘာမှ ထူးခြားလာမည် မဟုတ်၊ လောလောဆယ်တွင်တော့ ကုလ အတွင်းရေးမှုးချုပ် မှ ဗွေဆော်ဦး ရှုတ်ချလာခဲ့ပြီ ဖြစ်သည်။ 

 

ထို့အတွက် အမျိုးသား ညီညွတ်ရေး အစိုးရမှ မိမိတို့၏ မူဝါဒ၊ မဟာဗျူဟာများကို ပြန်လည် သုံးသပ်ရတော့မည် ဖြစ်သည်၊ မည်သူကမျှလည်း အကူ အညီ မပေး သည့် အတွက် ပြည်သူများ မျှော်လင့် တောင့်တနေသည့် အနာဂတ် မြန်မာနိုင်ငံတော် သစ် ကြီး တည်ဆောက်နိုင်ရေး အတွက် နည်းလမ်းမှန်သမျှ တရားမျှတမှု ရှိလာနေပြီ ဖြစ်သည်။

 

လောလောဆယ် အလုပ်သင့်ဆုံးက မြူးနစ် အိုလံပစ် ပွဲ ကို ဝင်ရောက် စီးနင်းပြီး အစ္စရေး အားကစား သမားများ ကို အကြမ်းဖက် သတ်ဖြတ်သွားသည့် ပါလက်စတိုင်း လွတ်မြောက်ရေး အဖွဲ့ ဝင်များ အား မော့ဆက်မှ ကမ္ဘာအနှံ့ တောနင်း ရှာဖွေ ခဲ့သလို မျိုး ပြည်သူ တော်လှန်ရေး အင်အားစု များ ဖက်က အထူးကွန်မန်ဒို တပ်ဖွဲ့ များ ဖွဲ့ကာ ထိုသို့ ကျုးလွန်သူများအား retributive justice (RJ) ဖေါ်ဆောင်ပေးရတော့မည် ဖြစ်သည်။

 

ပြည်သူများ ဖက်ကလည်း သေဆုံးသူများ အတွက် စာနာ ဝမ်းနည်းစွာ နှင့် ရပ်တည် ကြောင်း၊ ရန်သူ၏ လုပ်ရပ်ကို ရှုတ်ချကြောင်း၊ ၎င်းတို့အား အစိုးရ အဖြစ် မည်သို့မျှ လက်မခံ နိုင်တော့ ကြောင်း ပြသသည့် အနေဖြင့် ၎င်းတို့၏ သင်္ကြန်ပွဲ အား လုံးဝ ဥသုံ သပိတ်မှောက်ကြရတော့မည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!