အကြမ်းဖက် ဖိနှိပ်မှု များကို အတုအယောင် ရွေးကောက်ပွဲ ဖြင့် ဖုံးဖိ၍ မရ

by Hla Soewai - Apr 08 2023

မင်းအောင်လှိုင်သည် “တွက်ရေးက စက်သူဌေး” ဆိုသည့် အတိုင်း ပြည်သူ့ ပါတီ ကြီး ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အား ပေါက်ဖေါ်ကြီး ကျေနပ်စေရန် ဖေါက်ပြန်ရေး သမား အချို့နှင့် မည်ကာမတ္တာ ပါဝင်စေခြင်းဖြင့် သူ၏ ရွှေရည်စိမ် ရွေးကောက်ပွဲ ကြီး အား အရောင်တင်ရန် ဖျက်သိမ်း ဖို့ သုံးရက် အလို တွင် ကြိုးစားခဲ့သည်။

 

စန္ဒာမင်း ဆိုသည့် လွှတ်တော် အမတ်ဟောင်းအား ပါတီ မှတ်ပုံတင်ခွင့် ပြုရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယ အကြိမ် သွားရောက် တွေ့ဆုံခိုင်းခဲ့သော်လည်း “လ္ဘက်ရည် တိုက်ပြီး ပြန်လွှတ်လိုက်ပါ” ဆိုသော စကား နှင့် လှည့်ပြန်သွားခဲ့ရသည်။ နိုင်ငံတော် အတိုင်ပင်ခံ ဆိုသည့် ဂုဏ်ထူးဘွဲ့ထူး နှင့် ကိုက်ညီလှသည့် လေးစား အတုယူ ဖွယ် ကောင်းလှသည့် နိုင်ငံရေး ပရိယာယ် ကြွယ်ဝမှုကြီးပင် ဖြစ်ပေတော့သည်။

 

ဒေါ်အောင်ဆန်းစုကြည် နှုတ်က ငြင်းသည် ဟု ဖြစ်လိုပုံရသော မင်းအောင်လှိုင်သည် ဒေါသ အကြီးအကျယ် ထွက်လာဟန်ရှိပြီး ၎င်း၏ အလုပ်အကျွေး အဖြစ် ခိုလှုံလာသော စန္ဒာမင်း အား မီဒီယာ ကို ဖွင့်ချခိုင်းလိုက်ပုံရသည်။ ထိုသို့သော သတင်းမျိုးက ၎င်း ခွင့်မပြုလျှင် နားရွက်ပင် လှုပ်ခွင့် မရသော လူများ အဖို့ အဘယ်သို့ ပြောရဲပေမည်နည်း၊ မင်းအောင်လှိုင်သည် သူမည်မျှ ကြိုးစားခဲ့သည် ဆိုသည်ကို ပေါက်ဖေါ်ကြီးတို့ သိစေချင်ပုံရသည်။ မယုံမှာလည်း စိုးပြန်၍ ကြားလူ၏ အပြောဖြင့် သက်သေထူခိုင်းလိုက်ခြင်း ဖြစ်သည်။

 

သို့သော် လူထု အား “အကြမ်းဖက် ဖိနှိပ် နေမှု များကို အတုအယောင် ရွေးကောက်ပွဲ ဖြင့် ဖုံးဖိ၍ ရရိုးလော” ဟု ဝါရှင်တန် ပို့စ် သတင်းစာကြီး ၏ အယ်ဒီတာ ဘုတ် အဖွဲ့၏ အာဘော် အခန်းမှ နေ၍ ယခုလို ရေးသားလာခဲ့ပြီ ဖြစ်သည်။

 

၁၉၈၈ စက်တင်ဘာ ၂၇ ရက်နေ့ တွင် ပေါက်ဖွားလာခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကြီးသည် သုံးဆယ် ငါးနှစ် ကြာမျှ အာဏာရှင် ဆန့်ကျင်ရေး လူထု လှုပ်ရှားမှု ကို ရှေ့တန်းမှ ဦးဆောင်မှု ပေးခဲ့သည်။ သို့သော် ပြီးခဲ့သည့် အပတ်အတွင်း ထိုပါတီကြီး အား စစ်အာဏာသိမ်း အဖွဲ့ ၏ ဖျက်သိမ်းခြင်း ခံခဲ့ရသည်။ ယင်းကိစ္စ နှင့် ပတ်သက်၍ စိတ်မကောင်း ဖြစ်မိသော်လည်း ဇာတ်လမ်း၏ နိဂုံးတော့ ဖြစ်သွားမည် မဟုတ်ပေ။

 

မင်းအောင် လှိုင်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထံမှ အာဏာကို လုယူခဲ့ပြီးနောက် ၎င်းအား ဆန့်ကျင်သူ မှန်သမျှ ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ သတ်ဖြတ် မုဒိမ်းကျင့်၊ ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးခြင်းများ အပါအဝင် အကြမ်းဖက် နည်း မျိုးစုံ ကို ဆင့်ကဲဆင့်ကဲ ကျုးလွန်လာခဲ့သည်။

 

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အား ဖျက်သိမ်း ပြီး နှစ်ရက် အကြာမှာပင် တချိန်က စည်စည်ကားကား ရှိခဲ့သည့် ထန်တလန် မြို့လေးအား ကျုပင်ခုတ် ကျုငုတ်မကျန် ရှင်းလင်းသည့် နည်းဗျုဟာ ကို ထပ်မံကျင့်သုံးလာခဲ့သည်။ တခါက မြို့အဝင် ဆိုင်းဘုတ် တွင် “မချမ်းသာသော်လည်း ပျော်ရွှင်ပါသည်” ဟု ရေးထိုးထားသည့် မြို့လေးသည် စစ်တပ်၏ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်မှု၊ ဝင်ရောက် စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့မှု များ ကြောင့် ပြာပုံ ဘဝ ရောက်ရှိသွားခဲ့ရပြီ ဖြစ်သည်။

 

နိုင်ငံ တဝှမ်းလုံးလည်း လူပေါင်း ၃,၀၀၀ ကျော် သေဆုံးခဲ့ပြီး လူတသန်းကျော်ခန့် အိုးအိမ် စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

 

ထိုသို့ ကြောက်မက်ဖွယ်ရာ လုပ်ရပ်များ ကျူးလွန်နေသည့်ကြားမှ မင်းအောင်လှိုင်သည် သူ့ကိုယ်သူ ဒီမိုကရေစီ ၏ ပြယုဒ် အဖြစ် ခံယူလာခဲ့ပြန်သည်။ ယခုနှစ် အတွင်း ရွေးကောက်ပွဲ ကျင်းပမည်ဟု ပြောခဲ့သော်လည်း ရက်အတိအကျ ကိုတော့ သတ်မှတ်ခြင်း မရှိသေးပေ။

 

ဇန်နဝါရီ ၂၆ ရက်နေ့တွင်တော့ ကန့်သတ်ချုပ်ချယ်မှု ပေါင်း များစွာ နှင့် ရွေးကောက်ပွဲ ဥပဒေ အသစ် ဆိုကာ ထုတ်ပြန်လာခဲ့သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှ “တရားမဝင် ပြုလုပ်သည့်” ရွေးကောက်ပွဲ တွင် မပါဝင်နိုင်ဟု ဆုံးဖြတ်ခဲ့သဖြင့် အခြား ပါတီ ၃၉ ပါတီ နှင့် အတူ ဖျက်သိမ်းပစ်ခဲ့သည်။

 

“ပြီးခဲ့သည့် ရွေးကောက်ပွဲ နှစ်ခု တွင် ၇၉ ရာနှုန်း၊ ၈၂ ရာနှုန်း အသီးသီးဖြင့် အနိုင်ရခဲ့သည်ကို ထည့်သွင်းစဉ်းစားမည် ဆိုက NLD ပါဝင်ခွင့်ရရေးသည် ယုံကြည်ရသော ရွေးကောက်ပွဲ ဖြစ်ရေး တွင် အခြေခံ အကျဆုံး လိုအပ်ချက် ဖြစ်သည်” ဟု နိုင်ငံတကာ အကျပ်အတည်းများ လေ့လာရေး အဖွဲ့ အိုင်စီဂျီ က ထုတ်ဖေါ်ပြောဆိုခဲ့သည်။ သို့သော် မင်းအောင်လှိုင်က တကယ်တမ်းတွင် NLD အား မထည့်ချင်၊ သို့မှသာ သူ လိုရာ ပုံသွင်း နိုင်မည့် ဇာတ်ထုတ်ကြီး က နိုင်တော့မည် ဖြစ်သည်။

 

ထောင်ဒဏ် ၃၃ နှစ် ကျခံ ထားရသည့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါတီ အကြီးအကဲများထဲမှ ၈၀ ရာနှုန်းသည် အကျဉ်းချ ခံနေရဆဲ ဖြစ်ယုံမက လူသိရှင်ကြား ဖျက်သိမ်းခံခဲ့ရသော်လည်း ဦးညွတ်မသွားပဲ ဆက်၍ တိုက်ပွဲ ဝင်သွားမည်ဟု ကြွေးကျော်ခဲ့သည်။ 

 

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ လေကြောင်းမှ တိုးမြှင့်တိုက်ခိုက်လာမှုများကို လက်တုန့်ပြန်သည့် အနေဖြင့် လေယာဉ် ဆီ တင်သွင်းရာတွင် ပါဝင်နေသော လူပုဂ္ဂိုလ် နှစ်ဦး နှင့် ကုမ္ပဏီ ၆ ခု အား ဒဏ်ခတ် ပိတ်ဆို့လိုက်သည်။

 

သို့သော်လည်း ဒေသတွင်း သံခင်းတမန်ခင်းသည် စိတ်မကောင်းစရာ ဖြစ်လောက်အောင် အောင်မြင်ခဲ့ခြင်း မရှိပေ။ စစ်အာဏာသိမ်း အဖွဲ့သည် အမေရိကန် နှင့် အခြားနိုင်ငံများ၏ ပိတ်ဆို့ ဒဏ်ခတ်ခြင်း ခံလာရ၍ ရုရှား နှင့် တရုတ်တို့ ဖက် လှည့်လာခဲ့သည်။ ပြည်သူများ အဖို့တော့ ရက်စက်ကြမ်းကြုပ်လှသည့် လူမဆန်သော အကြမ်းဖက်မှု များ ကို ခါးစီးခံနေကြရပြီ ဖြစ်သည်။

 

ဒီမိုကရေစီ ကဲ့သို့ စံပြု ထားရသော စနစ် တခုအား သတ်ဖြတ်၍ ရမည်လော၊ ပြည်သူတို့ ရင်ထဲက မျှော်လင့်ချက်များကိုကော အင်အား သုံး ငြိမ်းသပ်၍ ရနိုင်ဦးမည်လော ဟု ဝါရှင်တန် ပို့စ် ၏ အယ်ဒီတာ အာဘော် အခန်း မှ မေးခွန်းထုတ်ထားခဲ့သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!