အမျိုးသား ညီညွတ်ရေး အစိုးရ သည် အာဆီယံ နှင့် သတိကြီးစွာ ဆက်ဆံဖို့ လိုအပ်

by Hla Soewai - Apr 08 2023

မြန်မာ အကျပ်အတည်း အား ဖြေရှင်းရန် အာဆီယံ သည် ပြီးခဲ့သည့် သုံးလ အတွင်း သက်ဆိုင်သည့် အဖွဲ့အစည်းများ နှင့် ဆက်သွယ် ညှိနှိုင်းနေကြောင်း အင်ဒိုနီရှား နိုင်ငံခြားရေး ဝန်ကြီး ရက်နို မာဆူဒီ က သတင်းစာ ရှင်းလင်းပွဲ တွင် ထုတ်ဖေါ်ပြောကြားလာခဲ့သည်၊ မည်သူမည်ဝါ များ နှင့် ဆွေးနွေးကြောင်း အမည်တပ် ပြောဆိုခြင်း မရှိသော်လည်း မြန်မာ မှ အာဆီယံ ၏ ငြိမ်းချမ်းရေး အစီအစဉ် များ ကို အားလုံးက လက်ခံ သဘောတူ လာအောင် ကြိုးပမ်းနေခြင်း ဖြစ်သည်ဟု ဆိုသည်။

 

ထို့ပြင် အာဆီယံ ၏ လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးနိုင်ရန်လည်း ဆွေးနွေးနေသည်ဟု ဆိုသည်။ အင်ဒိုနီရှားသည် အသံတိတ် ဒီမိုကရေစီ အား ကျင့်သုံးနေသည်ဟု ကနဦးကတည်းကပင် ပြောခဲ့ပြီး ဖြစ်၍ ဆွေးနွေးသည့် အကြောင်းအရာများကို မည်သူကမျှ ထုတ်ပြန်ခြင်း မရှိပေ။

 

မတ်လ ၁၃ ရက်နေ့ ကုလ လုံခြုံရေး ကောင်စီ တံခါးပိတ် အစည်းအဝေး တွင် အာဆီယံ ၏ ရပ်တည်ချက် ဖြစ်သည့် ကြားနေမှု ကို အခြေခံ ပြီး အချက် ငါးချက် ကို စွဲကိုင်သွားမည် အကြောင်း တင်ပြခဲ့ရာ အဖွဲ့ဝင် နိုင်ငံ များ၏ အခိုင်အမာ ထောက်ခံမှု ကို ရရှိနိုင်ခဲ့သည်ဟု ဆိုသည်။

 

အာဆီယံ ၏ အချက် ငါးချက် တွင် regime change ဆိုသည့် မြန်မာပြည်သူများ လိုလားနေသော အာဏာသိမ်း အဖွဲ့အား ဖယ်ရှားရေးကို ဦးတည် ထားခြင်း မဟုတ်ပဲ၊ ဒေသတွင်း လုံခြုံရေး ကို ရှေးရှုပြီး မင်းအောင်လှိုင်အား ပြောမရသည့် အတူတူ ၎င်းနှင့် သဟဇာတ ဖြစ်‌ရေး လမ်းကြောင်း ပေါ် လျှောက်လှမ်းရန် ဦးတည် လာနေခြင်းပင် ဖြစ်သည်။ 

 

ထို့အတွက် အမျိုးသား ညီညွတ်ရေး အစိုးရမှ ပြည်သူတို့ ၏ ဆန္ဒ ကို လက်ကိုင်ထားပြီး ပြတ်ပြတ်သားသား ရပ်တည်သွား ပေလိမ့်မည်၊ သို့သော်လည်း မိမိတို့ဖက်မှ အကြောင်းမဲ့ ‌ခေါင်းမာ နေခြင်း မဟုတ် ဆိုသည်ကိုလည်း ပေါ်လွင်စေမှ ဖြစ်ပေမည်။ နိုင်ငံတော် အတိုင်ပင်ခံ နှင့် သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် ဖမ်းဆီးခံထားရသူများ အား ပြန်လွှတ်မပေးမချင်း မည်သည့် အရာကိုမျှ ဆက်၍ ဆွေးနွေးစရာ အကြောင်းမရှိ။

 

အမေရိကန် နှင့် အနောက်နိုင်ငံများသည် အာဆီယံ အား မြန်မာ ပြည်သူတို့ လက်ခံနိုင်မည့် ဖြေရှင်းချက် မျိုး ရရှိရန် လမ်းကြောင်းပေးမည် ဖြစ်သော်လည်း၊ နောက်ဆုံးတွင် အာဆီယံ နှင့် ကန္တေကောစ ဖြစ်မည့် အရေး ကို လျှောင်လွဲ သွားကြမည်သာ ဖြစ်သည်။ ထိုအခါတွင် အာဆီယံ ၏ ဖြေရှင်းချက်အား လက်ခံရန် NUG အား ဖိအားပေးလာနိုင်ဖွယ် ရှိသည်။ 

 

သို့သော် ကံကောင်းနေသည်က မင်းအောင်လှိုင် ဖက်မှ လက်ခံမည့် အရိပ်အယောင် များ လုံးဝ ပြသ လာခြင်း မရှိ ဖြစ်နေသည်၊ အကယ်၍သာ ၎င်းဖက်က အနည်းငယ် လိုက်လျောလာမည် ဆိုက NUG အနေဖြင့် အသည်းအသန် စဉ်းစားရတော့မည် ဖြစ်သည်။

 

သို့သော် မင်းအောင်လှိုင်သည် အာဆီယံ အား ရွေးကောက်ပွဲ မက်လုံးဖြင့် ၎င်း၏ နောက်ဆုံး ထွက်ပေါက် အဖြစ် ဆုတ်ကိုင်ထားဆဲ ဖြစ်ပြီး ရှဉ့်လည်း လျှောက်သာ ပျားလည်း စွဲသာ ဖြစ်မလားဟု စောင့်ကြည့်နေခြင်းပင် ဖြစ်သည်။

 

သို့သော် ၎င်း၏ အာဏာ ဆုပ်ကိုင်နိုင်‌ရေး သမ္မတ ဖြစ်ရေး ရည်မှန်းချက် အဖြစ် “ရွေးကောက်ပွဲ” ဆိုသည့် လမ်းစဉ်က အကြီးအကျယ် အရေးနိမ့်သွားပြီ ဖြစ်သည်ဟု အိုင်ဂေါ ဗလာဇီဗစ် ၏ ဆောင်းပါး ကို ဧရာဝတီ တွင် ဖေါ်ပြထားသည်။ လက်ရှိ တွင် ရွေးကောက်ပွဲ အတုအယောင် ကျင်းပနိုင်ရန် ပင် ကြိုးစားနိုင်ခြင်း မရှိတော့ပဲ စစ်ပွဲကို ဖြစ်နိုင်သမျှ နည်းလမ်း ပေါင်းစုံ ဖြင့် ဆက်လက်ဆင်နွှဲသွားနိုင်ရေး ပင် ဖြစ်သည်ဟု ရေးသားထားသည်။

 

ရွေးကောက်ပွဲ အား ၂၀၂၃ သာ မက၊ ၂၀၂၄၊ ၂၀၂၅ လည်း မလုပ်နိုင်တော့သည်မှာ သေချာပေါက် ကြိမ်းသေသွားပြီ ဖြစ်၍ မြန်မာပြည်သူများ အား ဆိုက်ဝါး (Psychological Operation) အဖြစ် “ရွေးကောက်ပွဲ ရွှေ့ဆိုင်း”၊ “မဲဆန္ဒရှင် စာရင်း ကောက်”၊ “သန်းကောင်စာရင်း ကောက်” အစရှိသည်များ ဖြင့် စကား အဖြစ် ပြောကာ လူထု အား ခြေရာဖျောက် အချိန်ဆွဲ နေခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

 

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နှင့် ရှမ်း ဒီမိုကရေစီ အဖွဲ့ချုပ်အား မှတ်ပုံတင် စာရင်း မှ ပယ်ဖျက်လိုက်ခြင်းသည် ထို ဆိုက်ဝါး၏ တစိတ်တပိုင်း သာ ဖြစ်သည်ဟု ဆိုသည်။

 

မင်းအောင်လှိုင် နှင့် အဖွဲ့သည် မဟာဗျူဟာ ကို ပြောင်းလဲ ရေးဆွဲလာပြီ ဖြစ်သည်။

 

(၁) အချိန်ဆွဲ ပြီး တော်လှန်‌ရေး အင်အားစုများ အား အမှည့်ချွေ ချွေသည့် နည်းဖြင့် ချေမှုန်းသွားရေး

(၂) တရုတ် နှင့် ထိုင်း တို့ ကျေနပ်စေရန် ရွေးကောက်ပွဲ ဖြင့် အချိန်ဆွဲထားပြီး သံတမန်ရေး ကစားကွက် လုပ်သွားရန် နှင့် အာဆီယံ ဥက္ကဌ ရာထူး အား အင်ဒိုနီရှား မှ လာအို အား လွှဲပြောင်းပေးသည်အထိ တောင့်ခံသွားရန်

(၃) တဖြေးဖြေး နှင့် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အပေါ် လူထု စိတ် မှ မေ့မေ့ပျောက်ပျောက် ဖြစ်လာစေပြီး နောက်ပိုင်းတွင် လက်ရှိထက်တော့ အဆင်ပြေကောင်းရဲ့ ဆိုသော အတွေးဖြင့် ၎င်းတို့၏ ရွေးကောက်ပွဲ အပေါ် စိတ်လည်လာပြီး တက်တက်ကြွကြွ ပါဝင်လာကြစေရန်၊ 

(၄) ၂၀၂၆ တွင် ဖွဲ့စည်းပုံ အရ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ် အကျုံးမဝင်တော့ဟု အကြောင်းပြကာ အသစ်တဖန် လုပ်မှ ဖြစ်မည် ဟု ချပြလာနိုင်ရန်။

(၅) ဒေါ်အောင်ဆန်းစုကြည်သည် အိုမင်း ရင့်ရော်လာပြီး ကျန်းမာရေး ချို့ယွင်းလာသဖြင့် နိုင်ငံရေး တွင် တက်တက်ကြွကြွ မရှိတော့ဟု ယူဆလျှင် ပြန်လွှတ်ပေး၍ ရနိုင်ခြင်း။

 

အစရှိသည် တို့ဖြင့် မင်းအောင်လှိုင်သည် လက်ရှိ အနေအထားကို သည်းခံရန် အနာဂတ် ပျောက်မတတ် ဖြစ်လာနေသော အောက်လက်ငယ်သားများနှင့် အလုပ်အကျွေး ပြုနေသူများ ကို ပျားရည် ဖြင့် နားချ ထားမည်လည်း ဖြစ်သည်။

 

မင်းအောင်လှိုင်၏ အာဏာသိမ်းပွဲသည် မအောင်မြင်၊ အကြမ်းဖက် နည်း ကျင့်သုံးသော်လည်း ထိုနည်းအတိုင်းပင် ဖြစ်လာသည့်အပြင် နှစ်နှစ် အကြာ ရွေးကောက်ပွဲ လုပ်မည် ဆိုသည်က လေထဲတွင် ပျောက်ကွယ်သွားရပြီ ဖြစ်သည်။

 

ယင်းနှင့် အတူ ထွက်ပေါ်လာနေသည့် မေးခွန်းက တော်လှန်ရေး အင်အားစု များ၏ ဖိအားကြောင့် အတွင်း မှ ပေါက်ကွဲ ထွက်မလာမီ အိမ်နီးချင်းများ နှင့် အာဆီယံ မှ မင်းအောင်လှိုင် နှင့် အပေါင်းအပါများ၏ နိုင်ငံအား ဆက်လက် ဖျက်ဆီးပြီး လူထု အား အကြောက်တရားဖြင့် အုပ်ချုပ်သွားမည်ကို မည်မျှ ကြာအောင် ခွင့်ပြုမည်နည်း၊

 

နောက်ထပ် ထွက်ပေါ်လာသည့် မေးခွန်းက မင်းအောင်လှိုင်သည် နိုင်ငံ၏ အဆိုးဆုံး သော အာဏာရှင် အဖြစ် သမိုင်း၏ အမှိုက်တောင်းထဲသို့ ရှက်ဖွယ်လိလိ နေရာမယူမီ မည်မျှ အတိုင်းအတာ အထိ တိုင်းပြည်ကို ဖျက်ဆီးသွားနိုင်မည်လဲ ဆိုသည်ပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

Photo - CBS NEWS