ဈေးကြီး ပေး သင်ယူရသော တက္ကသိုလ် ဘွဲ့ သည် တန်ကြေး ရှိလာဦးမည်လော

by Hla Soewai - Apr 08 2023

ယခု ခေတ်ကြီး တွင် အထက်ပါ မေးခွန်းကို ချမ်းသာသော နိုင်ငံများတွင် ကျယ်လောင်စွာ မေးခွန်းထုတ်လာကြပြီ ဖြစ်၍ ဧပြီလ ၃ ရက်‌ နေ့ အီကော်နော်မစ် မဂ္ဂဇင်းကြီး ပါ "Was your degree really worth it? ဆောင်းပါးမှ ယခုလို ဖြေရှင်းချက် ထုတ်လာခဲ့သည်။

 

 ထိုမေးခွန်းသည် ယခင် ခေတ်အခါများက စဉ်းစားစရာ ပင် လိုမည် မဟုတ်ပေ၊ ချမ်းသာသော နိုင်ငံများမှ လူငယ်လူရွယ်များသည် အဆင့်မြင့် ပညာရေး ကို အပတ်တကုတ် ကြိုးပမ်းခဲ့ကြသည်။ အစိုးရ များကလည်း လူမှု အဆင့်အတန်း မြင့်မားရန် နှင့် စီးပွားရေး တိုးတက်မှု အတွက် လိုအပ်သည် ဆိုကာ အားပေးခဲ့ကြစမြဲလည်း ဖြစ်သည်။

 

 သို့သော် တက္ကသိုလ် ကျောင်းစရိတ်များ မြင့်မားလာပြီး လစာ ပိုင်း တွင် ကျဆင်းလာသည် နှင့် အမျှ အထက်ပါ မေးခွန်းမျိုးသည် အစီအရီ ထွက်ပေါ်လာခဲ့ခြင်းလည်း ဖြစ်သည်။ ဝေါစထရိ ဂျာနယ် သတင်းစာတိုက်ကြီးမှ ကောက်ယူသော စစ်တမ်းတွင် အမေရိကန် နိုင်ငံသား ၅၆ ရာနှုန်းသည် ကုန်ရမည့် ငွေ နှင့် အချိန် အတွက် မကာမိတော့ဟု ယူဆကြောင်း ဖေါ်ပြခဲ့ကြသည်။

 

 အမှတ်ကောင်းကောင်းနှင့် အောင်သူများ အတွက် မူ ရလာမည့် ငွေကြေးသည် မက်မောစရာ ဖြစ်နေဆဲပင်။ သာမန် တက္ကသိုလ် ဘွဲ့ရ တဦး အတွက် မူ ကုန်ကျခဲ့ရသည့် ငွေကြေး ကြောင့် ကျောင်းတက်ဖို့က စွန့်စားရမည့် ကိစ္စ ဖြစ်လာသည်။

 

 ဝင်ငွေခွန် ကျေညာလွှာ အပါအဝင် အသေးစိတ် အချက်အလက်များ ခြေရာခံရာတွင် သိသိသာသာ ကွဲပြားနေသည့် အချက်ကို တွေ့လာခဲ့ရသည်။ သုတေသန ပြုသူများသည် မည်သည့် သင်တန်းမျိုး၊ မည်သည့် ကျောင်းမျိုး တက်ခဲ့ကြသည်၊ ကျောင်းပြီးလျှင် ဝင်ငွေ မည်မျှ ရသည် အစရှိသည်တို့ကို ခြေရာခံ တွက်ချက်ခဲ့ကြသည်။

 

 ထိုစာရင်းဇယားများသည် မည်သည့် သင်တန်းမျိုး တက်ရောက်ရမည် နှင့် အခွင့်အလန်းများနှင့်အချိန်ကိုက် ဖြစ်ရမည့် အရေးသည် ကျောင်းသားများ အတွက် လွန်စွာမှ အရေးပါနေရသည်။ တက်ရောက်ရမည့် တက္ကသိုလ် ကို ရွေးချယ်ဖို့သည် ပထမ နှစ်ချက်လောက် အရေးမပါတော့။

 

 ချမ်းသာသော နိုင်ငံများတွင် ၁၉၈၀ ကျော် နှစ် ကာလများက တက္ကသိုလ် ဘွဲ့ရတဦး၏ ဝင်ငွေသည် မက်မော လောက်စရာ ဖြစ်ခဲ့သည်။ ထိုအချိန်က တက္ကသိုလ် ဘွဲ့ရ တဦး နှင့် မရသူ တဦး၏ ဝင်ငွေသည် သိသိသာသာ ကွာခြားနေ၍ ယင်းကို college-wage premium ဟုပင် ခေါ်ခဲ့ကြသည်။ ၁၉၇၀ ကျော် နှစ်များ အတွင်း ဆိုက တက္ကသိုလ် ဘွဲ့ရတဦး၏ ဝင်ငွေ သည် အထက်တန်း ကျောင်းထွက်တဦးထက် ၃၅ ရာနှုန်း မြင့်မားနေသည်။ ၂၀၂၁ တွင် ၆၆ ရာနှုန်းထိ ရောက်ရှိလာသည်။

 

 သို့သော် မကြာသေးမီက မှ အဆိုပါ ကွာဟချက်သည် တန့်နေခြင်း သို့မဟုတ် ကျဆင်းမှု များ ဖြစ်လာခဲ့သည်။ တဖက်တွင် တက္ကသိုလ် ကျောင်းစရိတ်သည် တရိပ်ရိပ် မြင့်တက်လာခဲ့သည်။ အင်္ဂလန်တွင် ၁၉၉၀ ကျော် ကာလများက ကျောင်းလခသည် နိုင်ငံသားများ အတွက် မဖြစ်စလောက်ဟုပင် ပြော၍ရသည့် အနေအထားမှ ယခုအခါ တနှစ်လျှင် စတာလင် ပေါင် ၉,၂၅၀ (အမေရိကန် ဒေါ်လာ ၁၁,၀၀၀) ထိ ဖြစ်လာခဲ့သည်။ ထိုပမာဏ သည် ချမ်းသာသော နိုင်ငံ များ တွင် အမြင့်ဆုံးလည်း ဖြစ်သည်။

 

 အမေရိကားတွင် အလယ်အလတ် တက္ကသိုလ် ကျောင်းသားတဦး ကိုယ့်အိပ်ထဲမှ စိုက်ထုတ်ရသော ကျောင်းစရိတ်သည် ၁၉၇၀ ကျော်က တနှစ်လျှင် ဒေါ်လာ ၂,၃၀၀ မှ ၂၀၁၈ တွင် ဒေါ်လာ ၈.၀၀၀ အထိ ဖြစ်လာသည်ဟု အမေရိကန် ဗဟိုဘဏ် စစ်တမ်းတွင် ဖေါ်ပြထားသည်။ (ထိုကိန်းဂဏန်းများသည် real term ဖြင့် ငွေကြေး ဖေါင်းပွမှု ကို ဖျောက်ပြီး နှိုင်းယှဉ် ပြထားခြင်း ဖြစ်သည်၊ real term ဆိုသည်က ဥပမာ ကုမ္ပဏီ၏ ဝင်ငွေသည် ယမန်နှစ်ကထက် ၄ ရာနှုန်း မြင့်တက်လာသည် ဆိုကြပါစို့၊ သို့သော် ထိုကာလ အတွင်း မှာပင် ဈေးနှုန်းများသည် ၂ ရာနှုန်း မြင့်တက်ခဲ့လျှင် ကုမ္ပဏီ၏ အမှန်တကယ် ဝင်ငွေ သည် ၂ ရာနှုန်းသာ ရှိသည် ဟု ဆိုလိုခြင်း ဖြစ်သည်)။ အစိုးရ ထောက်ပံ့ကြေးရထားသော တက္ကသိုလ်များ အတွက် မူ ထိုမျှလောက် မပေးရပေ။

 

တဖန် ၂၀၁၉ တွင် ဗဟိုဘဏ်က ဘွဲ့ရ တဦးအတွက် ရင်းနှီးမြုပ်နှံ ခဲ့ရမှု အတွက် ပြန်လည် ရနိုင်သည့် ပမာဏ သည် တနှစ်လျှင် ၁၄ ရာနှုန်းသာ ရှိသည်ဟု တွက်ထုတ်ပြခဲ့သည်။ ဤသည်က မက်လောက်စရာ ပမာဏ ဖြစ်နေဆဲပင်။ ရင်းနှီးမြုပ်နှံခဲ့ရသည့် ပမာဏ ဆိုရာတွင် ကျောင်းစရိတ်သာမက၊ ကျောင်းမတက်ပဲ အချိန်ပြည့် အလုပ်ဝင်လုပ်လျှင် ရနိုင်မည့် ‌ငွေကြေး အတိုင်းအတာကိုပါ ထည့်သွင်းထားခြင်း ဖြစ်သည်။

 

 အမေရိကန် တွင် အထက်တန်းကျောင်းထွက် များ လောက်ပင် ဝင်ငွေ မရသည့် ဘွဲ့ရ များ မွေးထုတ်ပေးသည့် တက္ကသိုလ် များ စာရင်း ကို စတင် ပြုစု ထုတ်ပြန်လာပြီ ဖြစ်သည်။

 

 ကျောင်းသားများ အဖို့ မည်သို့သော ဘာသာရပ်များ တက်ရောက်သင်ယူ နိုင်ဖို့ မှန်မှန်ကန်ကန် ဆုံးဖြတ် နိုင်ရေးသည် မိမိ ဝင်ငွေ ကို မြှင့်တင် နိုင်ရေး အတွက် လွန်စွာ မှ အရေးပါလှသည်။

 

 လေ့လာသုံးသပ်ချက်များအရ ဗြိတိန် တွင် Creative Art, Social Care, Agriculture ဘာသာရပ်များ သင်ကြားခဲ့သူများသည် အနှုတ် လက္ခဏ ပြနေသည်၊ အမေရိကန်တွင် ဝင်ငွေ အကောင်းဆုံး ဘာသာရပ်များသည် Engineering, Computer Science, Business တို့ ဖြစ်ပြီး ဗြိတိန် သည်လည်း Music နှင့် Visual Art တို့သည် အနိမ့်ဆုံး စာရင်းတွင် ဝင်နေသည်။

 

 အဆိုးဆုံး စာရင်းဝင်နေသည့် တက္ကသိုလ် ကောလိပ်များ တွင် မည်သည့် ဘာသာ သင်ကြားခဲ့စေကာမူ တန်ဖိုး မရှိ ဖြစ်နေသည်၊ အစိုးရ တက္ကသိုလ် များတွင် သင်ကြားခဲ့သူများသည် ပျမ်းမျှ အားဖြင့် ကြည့်မည် ဆိုလျှင် ထိပ်ထိပ်ကျဲ တက္ကသိုလ် ကြီးများတွင် သင်ကြားခဲ့သူများထက် လစာ ပိုကောင်းသည်ကို တွေ့ခဲ့ရသည်။ မိမိတို့ သားသမီးများ အား ဘယ်မေဂျာပဲရရ အောက်စဖို့၊ ကင်းဘရစ်ချ် လို တက္ကသိုလ်ကြီး များ ပို့နိုင်ရေး အာရုံထားနေသည့် မိဘများ ဆင်ခြင်စရာပင် ဖြစ်သည်။

 

 ပညာရေး တွင် အသင့်အတင် အဆင့်နှင့် ကျောင်းပြီးသွားခဲ့သူများသည် သေချာဂရုတစိုက် လေ့လာ သင့်ယူခဲ့သူများထက် ပို၍ အန္တရာယ်များနေသည်။ ဗြိတိန်တွင် တောင် အာရှ မှ ကျောင်းသားများသည် လူဖြူများထက် ဝင်ငွေ ကောင်းနေသည့် အချက်က သက်သေခံနေပေသည်။ အမေရိကန် တွင် အာရှ ကျောင်းသားများသည် ကျောင်းလခကြွေးများကို လူဖြူ နှင့် လူမည်းများထက် အမြန် ပြန်ပေးနိုင်သည် ကို တွေ့ခဲ့ရသည်။

 

ကျောင်းသားများသည် ၎င်းတို့အတွက် အလုပ်အမြန်ရပြီး အကျိုးအမြတ် ရှိနိုင်သည်များကို ရှာဖွေလာကြသည်။

 

 အမေရိကန် တွင် အင်္ဂလိပ်စာ နှင့် သမိုင်း ဘာသာရပ်များ သင်ကြားသူ အရည်အတွက်သည် ၂၀၁၁ နှင့် ၂၀၂၁ အကြား သုံးပုံတပုံခန့် ကျဆင်းသွားပြီး ကွန်ပြူတာ သိပ္ပံ ဘာသာရပ် လေ့လာသူ နှစ်ဆခန့် များပြားလာခဲ့သည်။

 

 အလုပ်ရှင်များကလည်း လိုအပ်ချက် များ လျော့ပေါ့စဉ်းစားလာကြသည်၊ အလုပ်လျှောက်သူများအား ဘွဲ့ရ မှ ဖြစ်မည် ဆိုတာ မျိုး မရှိတော့၊ ၎င်းတို့ လိုအပ်သည့် အရည်အချင်း ကို တိုင်းတာ နိုင်သည့် စံနှုန်း မဟုတ်တော့ဟု ယူဆလာကြသည်။ ထိုသို့ ဘွဲရထားရန် လိုသည်ဟု ကြော်ငြာ ခေါ်ယူမှုများ တဝက်ခန့်ထိ ကျဆင်းသွားခဲ့သည်။

 

စစ်တမ်းကောက်ယူသည့် အခါတိုင်း ကျောင်းသားများသည် ဘာသာရပ်ထက် လစာကောင်းကောင်း ရဖို့သာ အဓိက ဟု ဖြေဆိုခဲ့ကြသည်။ ငွေကြေး ချို့ငဲ့သူများ အတွက် ပို၍ပင် အရေးကြီးနေသည်။

 

ယခုခေတ် တွင် ထိုသို့ ဖန်တီးပေးနိုင်စွမ်း မရှိ သည့် ဘွဲ့များ အများအပြား တွေ့လာရသည်။

 

ဝင်ငွေကောင်းမည့် ဘာသာရပ်များ သာ သင်ယူရန် အားပေးခြင်းသည့် မဖြစ်သင့်၊ သို့သော် လူထု ဝန်ဆောင်မှု လုပ်ငန်း ဆိုင်ရာ ဘာသာရပ်များ နှင့် ကျောင်းပြီးသူများသည် ဝေါ်စထရိ လမ်း ရှိ လူများထက် ဝင်ငွေ နည်းနေဆဲ ဖြစ်သည်။

 

 ထိုအတွက် သတင်း အချက်အလက်များ၊ ဈေးကွက် အနေအထား ပေါ် မူတည်ပြီး လိမ္မာ ပါးနပ်စွာ ဆုံးဖြတ် နိုင်မှ ဖြစ်ပေတော့မည်။