အာစီယံ အိမ်မက် မက်နေစဉ် ဒုက္ခသည် ထောင်ပေါင်းများစွာ ထိုင်း နိုင်ငံထဲ ဝင်‌ရောက်လာ

by Hla Soewai - Apr 08 2023

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် အကြမ်းဖက် စစ်တပ်အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာမှု ကြောင့် လူပေါင်း ၅,၀၀၀ ခန့် ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေး ခိုလှုံလျက် ရှိနေသည်ဟု ရိုက်တာ သတင်းတွင် ဖေါ်ပြထားသည်။

 

ကရင်ပြည်နယ် တောင်ပိုင်းတွင် နယ်ခြားစောင့် တပ်၏ စစ်စခန်းကို တိုက်ခိုက်ရာမှ တိုက်ပွဲများ ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။ အမျိုးသမီးများ၊ ကလေးသူငယ်များ အပါအဝင် ဒုက္ခသည်များသည် ထိုင်းနိုင်ငံ တပ်ခ် ပြည်နယ် အတွင်း ဝင်ရောက်လာခဲ့ကြခြင်း ဖြစ်ပြီး ဒေသခံ များက လက်ခံ နေရာချထားပေးနေရသည် ဟု ဆိုသည်။ နောက်ထပ် လည်း ဝင်ရောက်လာဖို့ ရှိနေပြီး ၎င်းတို့ အတွက် သောက်‌ရေ၊ အိမ်သာ များ အသင့် မရှိ ဖြစ်နေမှု နှင့် ဒေသခံများ ကြုံတွေ့နေရသည်။

 

ထိုင်း စစ်တပ်မှ အခြေအနေများကို သတိကြီးစွာ ထားကာ စောင့်ကြည့်နေပြီး ကင်းလှည် တိုက်လေယာဉ်များ နှင့် လေကြောင်းပိုင်နက်ထဲ မြန်မာ စစ်လေယာဉ်များ ကျုးကျော်မလာနိုင်ရန် ပျံသန်းနေသည်ဟု ထိုင်း ဖက်မှ ဆိုသည်။

 

အဆိုပါ သတင်း အပေါ် မြန်မာ အကြမ်းဖက် အာဏာသိမ်း အဖွဲ့မှ တာဝန်ရှိသူများ ရေငုံနှုတ်ပိတ်နေကြသည်ဟု ဆိုသည်။

 

အာဏာသိမ်း အဖွဲ့သည် စစ်မြေပြင် အသီးသီး တွင် အကျအဆုံး များလာနေသည် နှင့် အမျှ ဂမူးရှုးထိုး ဖြစ်လာနေပြီး ၎င်းတို့အား ဆန့်ကျင် တိုက်ခိုက်နေသည့် ဒေသများ တွင် အကြမ်းဖက်ရန် ဝန်မလေးသည့် အနေအထား ဆိုက်ရောက်လာနေပြီ ဖြစ်သည်။

 

ထိုသို့ အခြေအနေများ ဆိုးရွား ပြင်းထန် လာနေချိန်တွင် အာဆီယံ ဥက္ကဌ ဖြစ်သည့် အင်ဒိုနီရှား နိုင်ငံ ခြားရေး ဝန်ကြီးမှ သူမအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ စတင် နိုင်ရန် ပတ်သက်နေသည့် နှစ်ဖက် ယုံကြည်မှု များ တည်ဆောက်နေသည်ဟု ဂယောင်ဂတမ်း ပြောဆိုနေဆဲ ပင် ဖြစ်သည်။

 

ထိုသို့ သုံးစားမရသည့် အယူအဆများကို မူဝါဒ သဖွယ် ထုတ်ဖေါ်ပြောဆိုလာခြင်းကပင် အင်ဒိုနီရှားသည် မခိုင်လုံသော အကြောင်းပြချက် lame excuse များဖြင့် ခေါင်းရှောင်ခြင်နေသည်မှာ ထင်ရှားလာနေပြီ ဖြစ်သည်။

 

လူထု တရပ်လုံး ထောက်ခံမှု ရနေသည့် အမျိုးသား ညီညွတ်ရေး အစိုးရကိုပင် လူသိ ရှင်ကြား ဆွေးနွေး လိုစိတ် မရှိသော အာဆီယံ နှင့် မိမိတို့ဖက်မှလည်း ဆက်လက် ဆွေးနွေးနေရန် အကြောင်းမရှိ၊ ထိုသို့ သော လူများ နှင့် လက်ခံ ဆွေးနွေးနေသရွေ့ ၎င်းတို့၏ ကြိုးပမ်းချက် များ အောင်မြင်ကောင်း အောင်မြင် လာနိုင်စရာ ရှိနေသည်ဟု နိုင်ငံတကာ က ယူဆလာအောင် အားပေးသလို ဖြစ်သွားပေမည်။

 

လက်ရှိတွင် အာဆီယံ သည် မြန်မာ အရေးအား ဖြေရှင်းနိုင်ရန် ဦးစီးဦးဆောင် ပြုနေသည်ဟု ကုလ နှင့် နိုင်ငံတကာ က လက်ခံနေကြသည်။ 

 

အကယ်၍ မဖြစ်မနေ ဆွေးနွေးရဖို့ ဖြစ်လာခဲ့လျှင်ပင် မင်းအောင်လှိုင် နှင့် အဖွဲ့သည် အထက်စီးမှ ရှိနေရန် စစ်ရေး နည်းလမ်းဖြင့် ကြိုးပမ်းနေသည်ဟု ယူဆ၍ ရနေသည်။

 

NUG အနေဖြင့် မိမိတို့ အရေးကို မိမိတို့ဖာသာ အောင်ပွဲရသည့် အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်၊ ၎င်းတို့ အာဏာတွင် မည်သည့် ပုံစံနှင့် မဆို ဆက်ရှိနေသရွေ့ ပြည်သူများ အနေဖြင့် လုံခြုံမှု မရှိတော့သည်မှာ ထင်ရှားလာနေပြီ ဖြစ်၍ မည်သို့မျှ မင်းအောင်လှိုင် ၏ အကြမ်းဖက် အဖွဲ့ နှင့် ရင်ကြားစေ့ရေး အား ပြည်သူတရပ်လုံးက လက်မခံတော့ ဟု ပြတ်ပြတ်သားသား ကျေညာ ပြီး အာဆီယံ အား ဖိအား ပြန်ပေးနိုင်မှ ဖြစ်ပေတော့မည်၊ သို့မှသာ နိုင်ငံတကာ မှ တနည်းတဖုံ စဉ်းစားလာကြမည် ဖြစ်သည်။ အာဆီယံ နှင့် ဆက်လက် ဆွေးနွေးသင့်မသင့် အကျိုး နှင့် အပြစ် ကို ချိန်ဆရတော့မည် ဖြစ်သည်ဟု မိမိ အနေဖြင့် ယူဆမိသည်။

 

အကြမ်းဖက် အာဏာသိမ်း အဖွဲ့သည် ၎င်းတို့ အား အသိအမှတ် မပြုယုံသာမက အမျိုးသား ညီညွတ်ရေး အစိုးရ အား တကမ္ဘာလုံး မှ အသိအမှတ် ပြုလာမည့် အရေးကိုပင် ဂရုစိုက်နိုင်ခြင်း မရှိတော့။ နောင်ခါ နောင်လာဈေး သဘောထားကာ ဆက်၍ အာဏာဆုပ်ကိုင် ထားနိုင်ဖို့ ကို သာ အာရုံစိုက်နေရပြီ ဖြစ်သည်။

 

နိုင်ငံတကာ မှ ထိုသို့ အပြစ်မဲ့ ပြည်သူများကို ဆက်လက် ၍ လေကြောင်းမှ တိုက်ခိုက် သတ်ဖြတ်နေမှုများအား အကာအကွယ် ပေးရန် တခုတည်းသော နည်းလမ်းသည် ငွေကြေး နှင့် လက်နက်များ ထောက်ပံ့ပေးရန်သာ ရှိတော့သည်ဟု ချင်းမိုင် တက္ကသိုလ်မှ မြန်မာ အရေး သုတေသီ တဦး ဖြစ်သူ Ashley South က ဧရာဝတီ တွင် ဆောင်းပါး ရေးသားပြီး ထောက်ပြလာခဲ့သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

Photo – Nikkei Asia Review