Trump goes to New York

by Hla Soewai - Apr 08 2023

မက်ဟက်တန် တရားရုံးတွင် ဒေါ်နယ် ထရန့်အား တရားစွဲ ဆိုလိုက်ခြင်းသည် နောင်ကို ဘာဖြစ်လာမှန်း မသိသေးသော်လည်း လောလောဆယ် တွင် သူ့အား နိုင်ငံရေးအရ အလားအလာ ကောင်းများ ထွက် ပေါ်လာအောင် ကူညီနေသလို ဖြစ်နေသည်ဟု ဧပြီ ၅ ရက်နေ့ထုတ် အီကော်နော်မစ်၏ "Why do Democrats keep helping Trump?" ဆောင်းပါးတွင် ဝေဖန် ရေးသားထားသည်ကို ကောက်နှုတ်တင်ပြသွားမည် ဖြစ်သည်။

 

ဒေါ်နယ် ထရန့်၏ ရှေ့နေ ဖြစ်ခဲ့သူ ရွိုင် ခုန်း မှ "ကျုပ် အနေနဲ့ ပြိုင်ဖက်တွေရဲ့ စိတ်ကို ဆွပေးပြီး သူတို့စိတ်ထဲ က စရိုက်ဆိုးတွေ ထွက်လာအောင် လုပ်ပြီး အနိုင်ယူခဲ့တာချည်းပဲ" ဟု ပြောခဲ့ဖူးသည်၊ ယခုအခါ သူ၏ အမှုသယ် ဒေါ်နယ် ထရန့်သည် ပြိုင်ဖက် ရန်သူများသာ မက မဟာမိတ်များ၊ ပွဲကြည့် ပရိသတ် များကိုပင် ထိုသို့ စရိုက်ဆိုး များ ထွက်လာအောင် လုပ်ပြနိုင်ခဲ့ပြီ ဖြစ်သည်။

 

သို့သော် တနိုင်ငံလုံး တစည်းတလုံးတည်း ဖြစ်အောင် ဖန်တီးနိုင်ခဲ့သည်ကတော့ နယူးယောက်တွင် စာရင်းလိမ်လည်မှူ ၃၄ မှု ရင်ဆိုင်ရန် ဖလော်ရီဒါ မှ သူပိုင်လေယာဉ် ကြီး စထွက်လာချိန်မှစ၍ တနိုင်ငံလုံး တီဗီ နှင့် မျက်နှာ မခွာနိုင်အောင် ဖြစ်သွားခဲ့ရမှုပင် ဖြစ်သည်၊ မီဒီယာများကလည်း လေယာဉ် လမ်းကြောင်းပြ အွန်လိုင်း tracker များဖြင့် ပြသခဲ့ကြသည်။

 

ဒီမိုကရက်များ နှင့် ၎င်းအပေါ် ဝေဖန်နေကြသည့် သတင်းသမားများသည် စွဲဆိုထားသည့် အမှုများ စတင် ထုတ်ဖေါ်လိုက်သည်နှင့် ၂၀၁၆ မှစ၍ သမ္မတ ဖြစ်ရေး အတွက် နှုတ်ပိတ်ခ ပေးခဲ့မှူ များ အပါအဝင် ထို့ထက်မက ဆိုးသည့် အဖြစ်များ ဆက်တိုက်ဆိုသလို ထွက်လာတော့မည်ဟု မျှော်လင့်ခဲ့ကြသည်။

 

ဦးဆောင် တရားစွဲဆိုခဲ့သည့် မက်ဟက်တန် ခရိုင်တရားရုံး အစိုးရ ရှေ့နေ အယ်ဗင် ဘရက် သည် ထိုမျှ လောက် နှင့် ကျေနပ်မည် မဟုတ်ပဲ ရာဇဝတ်ကြောင်းအရပါ စွဲဆိုနိုင်စေမည့် ဝှက်ဖဲများ ရှိနေသည်ဟု ယုံကြည်ထားကြသည်။

 

သို့သော် တကယ်တမ်းတွင် ထိုသို့ ဖြစ်မလာခဲ့။ မည်သူမျှ ဥပဒေ အထက်တွင် မရှိစေရ ဟုသော အမေရိကန် တရားစီရင်ရေး စနစ် ကို အရောင်တင်ပေး နိုင်ခဲ့သည်က လွဲ၍ ထူးထူးခြားခြား ထွက်ပေါ်လာခဲ့ခြင်း မရှိ။ ရှေ့နေကြီး ဘရက်သည် ယခုအခါ ဒေါ်နယ်ထရန့်အား ရီပတ်ဘလီကင် သမ္မတလောင်း အဖြစ် အရွေးချယ်ခံရပြီး အိမ်ဖြူတော်သို့ ချီတက်နိုင်ရန် လမ်းခင်းပေးလိုက်သလို ဖြစ်သွားခဲ့ရသည်။

 

မကြာသေးမီက အထိ ထရန့် သည် နိုင်ငံရေး တွင် အကျပိုင်းသို့ ‌ပင် ရောက်လာနေသည့် လက္ခဏများ တွေ့လာခဲ့ရသည်။ ဒေါ်နယ်ထရန့်သည် နိုင်ငံသား များ ၏ စိုးရိမ်ကြောင့်ကြနေမှူ များကို ဖြေရှင်းရေးထက် သူ့အထင် ရွေးကောက်ပွဲ ကလိမ်ကကျစ်လုပ်ခဲ့မှု နှင့် သူ့အား အောက်လွှတ်တော်မှ တရားစွဲရန် ကြံခဲ့မှုများ အပေါ် ပုဂ္ဂိုလ်ရေး အာဃာတ ဖြင့် ရန်ညိုးသို တုန့်ပြန်နေမှူ များ လွန်ကဲနေပြီဟု ထောက်ခံသူများက ရှုမြင်လာကြသည်။

 

၎င်းအား စဉ်ဆက် မပြတ် ထောက်ခံခဲ့သည့် Fox News ပင် ကင်မရာ အား ပါတီတွင်း အဓိက စိန်ခေါ်သူ ဖြစ်လာသည့် ဖလော်ရီဒါ ပြည်နယ် အုပ်ချုပ်ရေးမှုး ရွန် ဒီဆန်တီစ် ဖက် လှည့်သွားခဲ့ပြီ ဖြစ်သည်။

 

ယခုလို မရေမရာ အမှုမျိုး နင့် ရုံးတင် တရားစွဲလာမှုသည် လက်ဝဲသမားတို့ ၏ သားကောင် အဖြစ် ပုံဖေါ်ပြီး ထရန့်အား နိုင်ငံရေး စင်မြင်သို့ ဆွဲတင်ပေးလိုက်သလို ဖြစ်သွားခဲ့သည်။ "သူတို့က ကျုပ် ဆီ ဦးတည်လာနေကြတာ မဟုတ်ဘူး၊ ခင်ဗျားတို့ဆီကို လာနေတာကို ကျုပ်က လမ်းလယ်က ရပ်ပေးနေလို့ ဖယ်ထုတ်နေကြတာ" ဟု ထရန့်က ပြောလာခဲ့သည်။

 

တရားစွဲဆို ခံရပြီးနောက် ‌ဖလော်ရီဒါ ရှိ ကလပ် တွင် မိန့်ခွန်းပြောခဲ့ရာ၌ "ကျုပ် ကျုးလွန်ခဲ့တဲ့ တခုတည်းသော ရာဇဝတ်မှု ကတော့ ဒီနိုင်ငံကို ဖျက်ဆီးဖို့ ကြိုးစားနေသူတွေရဲ့ အန္တရာယ်ကို မကြောက်မရွံ ကာကွယ်ပေးခဲ့တဲ့ အမှုပဲ" 

 

ထရန့်သည် စွပ်စွဲချက် အားလုံးကို ငြင်း‌ဆိုခဲ့ပြီး သူ့ဂုဏ်သိက္ခာကို ကာကွယ်ရန် နှုတ်ပိတ်ခ ပေးခဲ့သည် ဟုတော့ ဝန်ခံသွားခဲ့သည်။ ထိုသို့ပေးခဲ့ခြင်းသည် ရွေးကောက်ပွဲ ရံပုံငွေကို အလွဲသုံးစား လုပ်ခြင်း မဟုတ်ဟု ဆိုသည်။

 

ထရန့်သည် တရားရုံးသို့ ဒီဇင်ဘာ မတိုင်မီအထိ ပြန်ရောက်လာဖို့ မရှိပေ။ ၎င်းအား ဆန့်ကျင်ခဲ့သည့် ရီပတ်ဘလီကင် များပင် ဒီမိုကရက်များ အား အပြစ်ဖို့လာကြပြီး သမ္မတလောင်း အဖြစ် ‌‌ထောက်ခံဖို့ပင် စဉ်းစားလာကြပြီ ဖြစ်သည်။

 

ယခုအခါ ဒေါ်နယ် ထရန့်သည် လူကြိုက်များမှု စစ်တမ်းတွင် မြင့်တက်လာနေပြီး မက်ဟက်တန် တရားရုံး အမှု ကို ရင်ဆိုင်နိုင်ရန် အလှုငွေ ထည့်ဝင်ဖို့ ပြောဆိုလာခဲ့သည့် အတွက် တပတ် အတွင်း ဒေါ်လာ ရှစ်သန်း အထိ ရရှိသွားခဲ့သည်။

 

သို့သော် သမ္မတ အဖြစ် နောက်တကြိမ် ပြန် အရွေးခံရန် သေချာသလောက် ဖြစ်နေသည့် ဂျိုးဘိုင်ဒင် နှင့် အဖွဲ့က ဒေါ်နယ် ထရန့် အား အလွယ်တကူ ပင် အနိုင်ရရှိ နိုင်မည်ဟု ယူဆပြီး ၎င်းအား သမ္မ‌တ လောင်း အဖြစ် အရွေးခံရဖို့ကို ကြိတ်၍ ဆုတောင်းနေကြပြီ ဖြစ်သည်။ နောက်ထပ်လည်း စွဲချက်များ ထွက်လာဦးမည် ဖြစ်၍ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် သူ့ဖက် ယိမ်းရန် ဆုံးဖြတ်ခဲ့ကြသည့် ကြားနေ မဲဆန္ဒရှင်များ swing voter များ ဒီတကြိမ်တော့ သူ့အား လှည့်ကြည့်ကြတော့မည် မဟုတ်ဟု တွက်ဆနေသည်။

 

ဤသည်က လွန်စွာ အန္တရာယ်များသည့် တွက်ဆမှု ဟု ဆိုသည်၊ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ဂျိုး ဘိုင်ဒင်သည် လူထုမဲ ၇ သန်း ကျော်ဖြင့် ထရန့်အား အနိုင်ရခဲ့သော်လည်း သမ္မတရွေးချယ်ရေး ကိုယ်စားလှယ် မဲ electoral college တွင် မူ မဲ ၄၀,၀၀၀ သာ အသာရခဲ့သည်။ ထို့အပြင် ဘိုင်ဒင်၏ လူကြိုက်များမှု နှုန်းသည်လည်း ယခင်အတိုင်း နိမ့်ဆင်းနေဆဲပင် ဖြစ်သည်။ ထို့ပြင် သူ၏ ကျန်းမာရေး နှင့် တိုင်းပြည်စီးပွားရေး ဘာဖြစ်လာမည်ဟု မခန့်မှန်း နိုင် ပြန်‌ပေ။

 

‌ထရန့်သည် သူ ကတိပေးခဲ့သလို အမေရိကား အား great ဖြစ်အောင် လုပ်မည် မဟုတ်သည့်အပြင် ပို၍ ဆိုးလာအောင်သာ ဖန်တီးဖို့ ရှိနေသည်ဟု ရေးသားထားသည်။

 

နိုင်ငံခြားရေး နှင့် ပတ်သက်၍ မိမိအမြင် ပြောရမည် ဆိုလျှင် ယူကရိန်း စစ်ပွဲကို ဆက်၍ ထောက်ခံသွားမည် မဟုတ် ဆို၍ ပူတင်သည် စစ်ကို သူအရွေးခံရသည် အထိ ဆွဲဆန့်ရန် ကြံစည်လာနိုင်သည်။

 

နေတိုးသည်လည်း အမေရိကန် အား ဖယ်ထုတ်ပြီး သူတို့ အချင်းချင်း ကျောခြင်းကပ် ရင်ခြင်းကပ် လုပ်လာမှ ဖြစ်ပေတော့မည်။

 

‌နောက်ပိုင်း ဘိုင်ဒင် မှ မဟာမိတ်များ အပေါ် ပေးသော ကတိများကိုလည်း ထရန့် သမ္မတ ဖြစ်လာက ဆိုသော အတွေးဖြင့် ယုံစားရဲကြမည် မဟုတ်ပေ။

 

မြန်မာပြည်ရှိ စစ်အာဏာသိမ်း အဖွဲ့လည်း ငါတို့နှင့် တဖွဲ့တည်း ဟု ယူဆကာ အ‌မေရိကန်၏ ဖိအား များ ရှိတော့မည် မဟုတ်ဟု စိတ်ကူးယဉ် နေကြပေမည်။