အိန္ဒိယ အစိုးရ ပြဿနာ ရှာပြီ

by Hla Soewai - Apr 08 2023

အိန္ဒိယ အစိုးရသည် ၎င်းတို့၏ မအောင်မြင်သော မြန်မာ ပြည် ဆိုင်ရာ မူဝါဒ အပေါ် ဖုံးဖုံးဖိဖိ လုပ်ထားခဲ့သော်လည်း မကြာမီက ထွက်ပေါ်လာသော ဂြိုလ်တု သတင်း ဓါတ်ပုံများအရ ကိုးကိုးကျွန်းတွင် တရုတ် ထောက်လှန်းရေး ကြားဖြတ် ဖမ်းယူနိုင်သည့် စပိုင် စခန်း တခု တည်ဆောက်နေကြောင်း လူသိရှင်ကြား ဖြစ်လာခဲ့ပြီးနောက်တွင် မူ တရားဝင် ထုတ်ဖေါ်ပြောဆိုလာရပြီ ဖြစ်သည်။

 

တရုတ် အလုပ်သမားများ ပါ ဝင်ရောက် လုပ်ကိုင်နေပုံ ကို ပါ အထင်အရှား မြင်ရသည့် အဆိုပါ သတင်း ဓါတ်ပုံ များကို မြန်မာ အရာရှိများအား ပြသပြီး ရှင်းလင်းချက် တောင်းခံခဲ့ကြောင်း အမည်မဖေါ်လိုသည့် အိန္ဒိယ အရာရှိ တဦးက ပြောဆိုခဲ့ကြောင်း Bloomberg သတင်းတွင် ပါရှိလာခဲ့သည်။

 

သို့သော် မြန်မာဖက်မှ နိုင်ငံ ကာကွယ်ရေး အတွက် သာ ဖြစ်ပြီး မြန်မာသည် ပြည်ပ တပ်များကို မည်သည့် အခါမျှ မိမိတို့ နယ်မြေပေါ်တွင် ခွင့်ပြုမည် မဟုတ်ဟု ဆိုပြီး တရုတ် တို့ ပါဝင် ပတ်သက်နေမှု နှင့် စပ်လျှင်း၍ မူ ပြောခွင့်ရ ဇော်မင်းထွန်းမှ ငြင်းဆိုသွားခဲ့သည်။ 

 

အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရ ပုဂ္ဂိုလ်ကမူ “မိမိတို့ နိုင်ငံ အကျိုးစီးပွား ကာကွယ်ရန် လိုအပ်သလို ဆောင်ရွက်သွားမည်” ဟု ပြောဆိုခဲ့ကြောင်း သိရသည်။ နိုင်ငံ လုံခြုံရေး အတွက် အခြေအနေများကို အမြဲမပြတ် စောင့်ကြည့်နေသည်ဟုလည်း ဆိုသည်။

 

မြန်မာဖက်မှ ငြင်းဆိုနေစေကာမူ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ် ချင်ဟိုင်း ကမူ အဆိုပါ သတင်း အပေါ် တစုံတရာ ဝေဖန် ပြောကြားရန် တောင်းဆိုမှုကို တုန့်ပြန်ခဲ့ခြင်း မရှိဟု သိရသည်။

 

တရုတ် နှင့် အိန္ဒိယ အကြား ဆက်ဆံရေးသည် ဟိမဝန္တာ တောင်ကြော တဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ၂၀၂၀ မှ စ၍ တင်းမာမှုများ မြင့်တက်လာခဲ့သည်။ တရုတ်သည် အိန္ဒိယ အား တိုက်ခိုက်မည် ဆိုက မြင့်မားလှသော တောင်တန်းကြီးများ ကြောင့် ၎င်းတို့ နယ်စပ်ကို ဖြတ်ကျော် နိုင်စွမ်း မရှိသဖြင့် မြန်မာဖက်မှသာ ဝင်ရောက်နိုင်မည် ဖြစ်သည်။

 

ထို့အတွက် မြန်မာ ဖက်မှ လူထုအား အကြမ်းဖက် သတ်ဖြတ်နေသည့် စစ်အာဏာသိမ်း အဖွဲ့ကို ထိန်းထိန်းသိမ်းသိမ်း ဆက်ဆံနေမှု သည် အောင်မြင်ခြင်း မရှိတော့ပေ၊ အာဏာသိမ်း အဖွဲ့သည် တိုင်းပြည် အာဏာ လုယူခဲ့ပြီး နောက် နိုင်ငံတကာ ၏ ဝိုင်းပယ်ခံထားရမှုများ ကြောင့် တရုတ် အပေါ် အစစ အရာရာ ပို၍ပင် မှီခိုနေရပြီ ဖြစ်သည်။

 

အိန္ဒိယ သည် ကိုးကိုးကျွန်း နှင့် မိုင် ၆၀ ခန့်သာ ဝေးသည် ကပ္ပလီ ကျွန်းဟု လူသိများသည့် အက်ဒမင် နှင့် နီကိုဘား ကျွန်းတန်း တွင် အိန္ဒိယ စစ်စခန်း တခု ရှိနေပြီး ဖြစ်သည်။ ယခုအခါ ထိုစစ်စခန်း ကို အင်အား တိုးချဲ့တည်ဆောက် နေပြီ ဖြစ်သည်ဟု သတင်းများက ဆိုသည်။ ကိုးကိုးကျွန်းသည် ရန်ကုန် နှင့် မိုင် ၂၆၀ ခန့်တွင် ရှိပြီး ကျွန်းငယ်ပေါင်း တဒါဇင်ခန့်ဖြင့် ဖွဲ့စည်းထားသည်။

 

ပင်တဂွန် ပြောရေးဆိုခွင့်ရ မစ္စတာ မာတင် မိုင်နား ကမူ လိုအပ်လာလျှင် ရေခြားမြေခြား ရောက်နေမည့် တရုတ်တပ်များ အား ထောက်ပို့ ပို့ဆောင် ပေးနိုင်ရန် အတွက် ကမ္ဘာအနှံ့ ကွန်ယက်များ တည်ဆောက်‌နေရန် ကြိုးစားနေခြင်း ဖြစ်၍ စိုးရိမ်မကင်း ဖြစ်မိကြောင်း နှင့် ယခု ကိစ္စသည် အိမ်ရှင် နိုင်ငံ နှင့် တရုတ် အကြား သဘောတူညီခဲ့မှု သည် ပွင့်လင်းမြင်သာမှု မရှိခဲ့ဟု မှတ်ချက်ချခဲ့သည်။

 

အိန္ဒိယ အစိုးရသည် မြန်မာဖက်ခြမ်းတွင် ၎င်းတို့ ရင်းနှီးမြုပ်နှံ ထားသည့် စီမံကိန်းများ ဘာတခုမှ မယ်မယ်ရရ အကောင်အထည် မဖေါ်နိုင် ဖြစ်နေသည့်ကြားမှ နိုင်ငံ အရှေ့မြောက်ပိုင်း ရှိ သူပုန် လှုပ်ရှားမှု များ အား မြန်မာနိုင်ငံ အတွင်း အခြေစိုက် လှုပ်ရှားမှု မရှိအောင် ထိန်းချုပ်နိုင်ရန် ဖြစ်သည်ဟု အကြောင်းပြ ဆက်ဆံနေခြင်း ဖြစ်သည်။

 

မင်္ဂလာဒုံ နိုင်ငံတကာ လေဆိပ် တိုက်ခိုက်ခံခဲ့ရမှု

 

အကြမ်းဖက် စစ်တပ် အတွင်း အခြေအနေများ ဖရိုဖရဲ ဖြစ်လာနေသည့် နောက်ထပ် လက္ခဏာ တရပ် အဖြစ် ၎င်းတို့ အပိုင် ထိန်းချုပ် နယ်မြေ အတွင်း ရှိ နိုင်ငံတကာ လေဆိပ်ကြီး တိုက်ခိုက်ခံခဲ့ရပြီ ဖြစ်သည်။ ယင်း ဖြစ်ရပ်သည် စစ်တပ် အတွက် အကြီးအကျယ် အရှက်ရစရာ ဖြစ်သွားခဲ့ရသည့် အပြင် ၎င်းတို့ အတွက် အန္တရာယ်သည် လက်တကမ်း အကွာ ရောက်လာနေပြီ ကို ပြဆိုလိုက်ခြင်းလည်း ဖြစ်သည်။

 

ပြည်သူ့ တော်လှန်ရေး တပ်ဖွဲ့ တဖွဲ့ ဖြစ်သည့် လွတ်လပ်ရေး မိုးကြိုးသွား အဖွဲ့ နှင့် အယ်ဖာ မစ်ရှင် အဖွဲ့မှ လေဆိပ် အတွင်းရှိ လေတပ် စခန်းအား တီထွင် ထုတ်လုပ်ထားသည့် ၁၀၇ မမ ဒုံးများ နှင့် ပစ်ခတ်ခဲ့၍ ကျယ်လောင်သည့် ပေါက်ကွဲ သံကြီး များ ဆက်တိုက်ဆိုသလို ကြားခဲ့ရပြီး လေဆိပ်ကို တနာရီ ကျော်ကြာ ပိတ်ခဲ့ရသည်ဟု ဆိုကြောင်း ဧရာဝတီ သတင်းတွင် ပါရှိလာခဲ့သည်။

 

ထိုသတင်းကို စစ်ဖက်မှ အတည်ပြုခဲ့ပြီး လေယာဉ်ပြေးလမ်း နှင့် ရေနှုတ်မြောင်းများ ထိမှန်သွားပြီး မီးစွဲလောင်ခဲ့သည်ဟု သတင်းထုတ်ပြန်လာခဲ့သည်။ ထုံးစံအတိုင်း လုံခြုံရေး တင်းကျပ်ပြီး စစ်ဆေးမှုများ ပြုလုပ်နေကြသည်။

 

နောက်ထပ်လည်း တိုက်ခိုက်ဦးမည် ဖြစ်၍ ပြည်သူများအား သတိနှင့် ရှောင်ရှားကြရန် တော်လှန်ရေး အင်အားစုများက နှိုးဆော်ထားသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!