အာဏာသိမ်း အဖွဲ့၏ တပြည်လုံး မှောင်တော်မူခန်း မှသည် ပါတော်မူခန်း ဆီသို့

by Hla Soewai - Apr 04 2023

မင်းအောင်လှိုင်သည် ပြည်ပမှ ရရှိနေဆဲ ဖြစ်သော နိုင်ငံခြားငွေ များကို လက်နက်ဝယ်ယူရန် နှင့် ၎င်း၏ ကြေးစားတပ်များကို လစာ မှန်မှန်ပေးနိုင်ရန်သာ ဦးစားပေး သုံးစွဲ နေသူ ဖြစ်သည်။

 

ယင်း၏ ရလဒ် အဖြစ် ဟောင်ကောင်ရှိ V-Power ကူမ္ပဏီ ပိုင် LNG ဓါတ်ငွေရည် ဖြင့် လျပ်စစ်ဓါတ်အား ထုတ်လုပ်ရေး အတွက် ပံ့ပိုးနေသော သင်္ဘောကြီးသည် မတ်လ ၃၁ ရက်နေ့တွင် မြန်မာမှ ထွက်ခွာ သွားပြီ ဖြစ်သည်ဟု မဇ္ဈိမ သတင်းတွင် ဖေါ်ပြလာသည်။

 

သီလဝါ ဆိပ်ကမ်း တွင် ကျောက်ချနေသော LNG ‌သိုလှောင် သင်္ဘောသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ အစီအစဉ် ဖြင့် ၂၀၂၀ အတွင်း ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ လျပ်စစ်ဓါတ်အား ထုတ်လုပ်ရေး တွင် အသုံးပြုနေသော ဂက်စ် တာဘိုင်များ မောင်းနှင်နိုင်ရန် အတွက် ဖြစ်သည်။

 

NLD အစိုးရ နှင့် ချုပ်ဆိုထားသော ကန်ထရိုက် သက်တမ်း မပြည်မီ နှစ် နှစ် အလိုတွင် ယခုလို လုပ်ငန်း ရုပ်သိမ်း သွားခဲ့ခြင်း ဖြစ်သည်။

 

သီလဝါ ရှိ မီဂါဝပ် ၃၅၀ နှင့် သာကေတ ရှိ ၄၀၀ မီဂါဝပ် ဓါတ်အားထုတ်လုပ်ရေး စီမံကိန်း များ အတွက် ပြည်သူ့ အစိုးရ နှင့် စာချုပ် ချုပ်ဆိုထားခြင်း ဖြစ်သည်။

 

ယင်း စီမံကိန်း များ အား အာဏာသိမ်း အဖွဲ့ မှ နိုင်ငံခြားငွေ ပေးချေ နိုင်ခြင်း မရှိတော့၍ ၂၀၂၁ ဇူလိုင်လ အတွင်း ရပ်ဆိုင်းသွားခဲ့ရာမှ LNG သိုလှောင် သင်္ဘောကြီးသည်လည်း နှစ် နှစ်နီးပါး ကျောက်ချ ရပ်နားနေခဲ့ရာ မှ နောက်ဆုံးတွင် ထွက်ခွာ သွားရခြင်း ဖြစ်သည်။

 

မီး တနာရီ ခန့် ဆက်တိုက်လာလျှင်ပင် ကံကောင်းလှပေတကား ဟု ယူဆနေရပြီ ဖြစ်သည်။

 

ယူဗယ် နိုရာ ဟာရာရီ က လူတို့၏ ရူးသွပ် မိုက်မဲမှုကို လျော့ပေါ့ တွက်ဆတတ်၍သာ စစ်ပွဲများ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု ဆိုသည်။ ထိုစကား မှန်ကန်ကြောင်း ကို ဆက်ဒမ် ဟူစိန် မှ ကူဝိတ်အား ကျုး ကျော်ခဲ့မှု၊ ပူတင်၏ ယူကရိန်းအား ကျုးကျော်ခဲ့မှုနှင့် မင်းအောင်လှိုင်၏ မိုက်ရူးရဲ အာဏာသိမ်း မှု များက သက်သေခံနေပေသည်။

 

"ဘာမဆို လုပ်ရဲသည်" ဟု လူသိရှင်ကြား ကြွေးကျော် ပြီး အာဏာသိမ်းခဲ့သူ ဖြစ်သည်၊ သူ့လို နေရာ မျိုးတွင် ရှိနေပါက တပ်ကြပ် အဆင့် ရှိသူပင် လုပ်နိုင်သေးသည်။ အပြစ်မဲ့ ပြည်သူများကို သတ်ရဲ ဖြတ်ရဲ လျှင် မအောင်မြင်နိုင်စရာ အကြောင်းမရှိ။ လူမိုက် များက လက်ခုပ်တီးကြမည်သာ ဖြစ်သည်။

 

သို့သော် သိမ်းထားသည့် တိုင်းပြည်ကို မည်သို့ စီမံခန့်ခွဲ အုပ်ချုပ်သွားမည် ဆိုသည့် နေရာတွင်တော့ သေနတ်မောင်း ကွေးတတ်ယုံ နှင့် မဖြစ်တော့၊ ဦးနှောက် ပါလာမှ ဖြစ်‌‌ ပေတော့မည်။ ပြည်သူ့ ဦးဆောင် ပါတီကြီးကို ဖျက်သိမ်းခဲ့မှု အားလည်း ထိုလူမိုက်များ၏ လက်ခုပ်တီးသံ ကြားရသည်မှ လွဲ၍ ဘယ်ဖက်က တွေးတွေး သူ့အတွက် အကျိုး တပြားတချပ်မှ မရှိသည့် လုပ်ရပ်မျိုးသာ ဖြစ်သည်။

 

နိုင်ငံသည်လည်း အချုပ်အခြာ အာဏာ ရှိသည် ဆိုယုံမျှသာ အဆင့် ဖြစ်နေပြီး နိုင်ငံတကာတွင် လူရိုသေ ရှင်ရိုသေ အဖြစ် ရပ်တည်နိုင်စွမ်း မရှိတော့၊ တိုင်းတပါး ဩဇာခံ အဖြစ် သူများ နှာခေါင်းပေါက် နှင့် အသက်ရှုရန် ကြိုးစားနေရသည့် ဘဝ ရောက်နေရရှာပြီ ဖြစ်သည်။ ပြည်တွင်းတွင်လည်း လူပေါင်းများစွာ၏ အသက်ကို စတေး၍ အနိုင်ရရန် လုံးပမ်းနေရ ရှာသည်။

 

တရုတ်သာ ၎င်းတို့ကို ထောက်ခံမှု ပေးနေခြင်းကို ရုတ်သိမ်းလိုက်သည် နှင့် တပြိုင်တည်း ၂၄ နာရီ အတွင်း တိုင်းပြည်မှ ခွေးပြေးဝက်ပြေး ပြေးကြရမည့် အဖြစ် ရောက်သွားမည်ကို အားလုံး၏ တွက်ဆခံထားရသူ များ ဖြစ်သည်။

 

ယခုလည်း မင်းအောင်လှိုင်သည် တြိဂံ ဒေသ စစ်တိုင်း မှုး ကြီး ဖြစ်နေစဉ်တွင် ရန်ကုန်တွင် တိုးဂိုက် တဦး အဖြစ် ရုန်းကန်နေရရာမှ ယခု အခါ ရခိုင်တပ်တော်၏ စစ်ဦးစီး ဖြစ်လာသူ ဗိုလ်ချုပ် ထွန့်းမြတ်နိုင် မျက်နှာ ညိုမညို ကို ကြည့်၍ ရခိုင်ပြည်နယ် အတွင်း သွားလာနေရရှာပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!