သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(126)

by Hla Soewai - Apr 02 2023

ဖီဒယ်၊ ချေ နှင့် ကျုး ဘား တော်လှန်ရေး (၂)

 

ဂွာတီမာလာသို့ ချေ ဂွေဗာယား ရောက်လာခဲ့သည့် အချိန်က အာဘန်း အစိုးရသည် UFC ပိုင် မြေဧက ၂၀၀,၀၀၀ ကျော်အား သိမ်းယူ၍ ပြန်လည် ဝေငှပေးရန် စီစဉ် နေချိန် ဖြစ်သည်။ ထိုအ‌ရေး ကြောင့် အမေရိကန် တွင် အန္တရာယ် အချက်ပေး ခေါင်းလောင်းသံကြီး ဆူညံစွာ မြည်ဟီးလာနေပြီ ဖြစ်သည်။ စစ်အေး တိုက်ပွဲကြီးသည်လည်း တအိအိ နှင့် အရှိန်မြင့်တက်လာနေပြီး အမေရိကန် တွင် မက္ကာသီ ၏ ကွန်မြူနစ် တစ္ဆေဖမ်းပွဲကြီး ပြုလုပ်နေသော ကာလလည်း ဖြစ်သည်။

 

အာဘန်း အစိုးရ၏ မြေယာ များ သိမ်းယူခြင်းသည် ကွန်မြူနစ် ဝါဒ ခေါင်းထောင်လာခြင်း ဖြစ်ပြီး အမေရိကန် ကုမ္ပဏီကြီး ပိုင် မြေယာများကို သိမ်းယူခြင်း အတွက် ခေါင်းငုံခံနေ၍ မရတော့ဟု ယူဆလာကြသည်။

 

သမ္မတ အိုက်စင်ဟောင်ဝါ အစိုးရသည် အာဘန်း အစိုးရ အား စစ်တပ်အာဏာသိမ်းသည့် ပုံစံမျိုး ဖန်တီးပြီး ဖြုတ်ချရန် စီအိုင်အေ အား အမိန့်ပေးခဲ့သည်။ ထိုသို့ လုပ်ရခြင်းအား တရားသည်ဟု အမေရိကန် လူထု နှင့် ကွန်ဂရက် အမတ်များ ထင်မြင်လာစေရန် ပြည်တွင်း တွင် အာဘန်း အစိုးရသည် ကွန်မြူနစ် အစိုးရ ဖြစ်လာနေပြီဟု ဝါဒဖြန့်ချီလာခဲ့သည်။ ထို့အတွက် အာဘန်း၏ လယ်ယာမြေ ပြုပြင်ပြောင်းလဲရေးသည် မိမိတို့ အကျိုးစီးပွားများ ထိခိုက်လာနေပြီ ဟု သဘောပေါက်လာကြပြီး ဂွာတီမာလာ ရှိ မြေရှင် ကြီးများက အမေရိကန် တို့ ဝင်ရောက်စွက်ဖက်မည့် အရေး ကို ကြိုဆိုခဲ့ကြသည်။

 

ထိုအထဲတွင်တော့ ချေ ဂွေဗာယား တယောက် မပါဝင်ခဲ့ပေ။ သူသည် အမေရိကန် တို့ဖက်က မည်သို့ မည်ပုံ လှုပ်ရှားလာမည်ကို စောင့်ကြည့်နေခဲ့ပြီး ဂွာတီမာလာရှိ ကွန်မြူနစ် လူငယ် အသင်း၏ လက်နက်ကိုင် အဖွဲ့တွင် ပါဝင်လာခဲ့သည်။ သို့သော် အာဘန်းသည် ကွန်မြူနစ် လူငယ်များထံ လက်နက်များ ရောက်ရှိသွားပါက တနိုင်ငံလုံး သွေးချောင်းစီးသွားတော့မည် ဟု ယူဆပြီး မဖြစ်ဖြစ်သည့် နည်းနှင့် ဟန့်တားခဲ့သည်။

 

ဤသို့ဖြင့် အာဘန်း အစိုးရအား အာဏာသိမ်း ဖြုတ်ချခဲ့မှုသည် အောင်မြင်သွားပြီး အာဘန်းသည်လည်း မက္ကဆီကို သံရုံးတွင် ခိုလှုံခဲ့ရသည်။ (ပုံတွင် အာဏာသိမ်း ခေါင်းဆောင် စစ်အရာရှိ ကာစတီလို အာမားစ်အား စီအိုင်အေ ဒရိုင်ဘာ နှင့် အတူ တွေ့ရစဉ်)

 

ချီ ဂွေဗာယားသည်လည်း အာဂျင်တီနား သံရုံးတွင် သွားရောက် ခိုလှုံခဲ့သည်။ သို့သော် ဂွာတီမာလာ တွင် သူတွေ့ကြုံခဲ့ရမှု ကြောင့် သူ့တွင်ရှိ လက်ဝဲ အယူအဆများသည် ခိုင်မာသည်ထက် ခိုင်မာလာပြီး အမေရိကန် အား အမုန်းကြီး မုန်းတီးလာခဲ့ပေတော့သည်။ အလားတူပင် အာဘန်း အစိုးရ အား ဖြုတ်ချခဲ့မှု တွင် စီအိုင်အေ စနက် မကင်းသည်ကို သိရှိလာကြသော လက်တင် အမေရိကား နိုင်ငံများသည်လည်း အမေရိကန်အား ယုံစား၍ မရဟု သတ်မှတ်ခဲ့ကြပြီ ဖြစ်သည်။

 

ဂွာတီမာလာ ပြည်သူများသည် အာဏာသိမ်းခဲ့မှု ၏ ရလဒ် အဖြစ် နောက်နှစ်ပေါင်း လေးဆယ် အထိ စစ်အုပ်ချုပ်ရေး နှင့် ပြည်တွင်း စစ်ပွဲကြီး ဒဏ်ကို အလူးအလဲ ခံစားခဲ့ကြရသည်။ တိုင်းပြည်တွင် ရှိ ချမ်းသာ ကြွယ်ဝမှုများသည် လူတစု ၏ လက်ဝယ်တွင် ရှိနေပြီး လူအများစုမှာ ဆင်းရဲမွဲတေစွာ ဖြင့် ရုန်းကန် လှုပ်ရှားခဲ့ကြရသည်။

 

ချီ ဂွေဗာယား သည်လည်း နောက်ဆုံးတွင် မက္ကဆီကို သို့ ရောက်လာခဲ့သည်။ မက္ကဆီကိုတွင် ရှိနေစဉ်အတွင်း မက်စ် ဝါဒအား ဇောက်ချလေ့လာခဲ့ပြီး ဖီဒယ် နှင့် ရာအူး ကက်စထရို ညီအကို  ဦးဆောင် လှုပ်ရှားနေသည့် ကျုးဘား တော်လှန်ရေး သမားများ နှင့် အဆက်အသွယ် ရသွားခဲ့သည်။ ကက်စထရိုသည် လက်တင်အမေရိကား တွင် စီအိုင်အေမှ ဆက်၍ ခြေပုန်းခုတ်နေသည့် လုပ်ရပ်ကို ရွံရှာ မုန်းတီးနေပြီး အမေရိကန် တို့ ထိုသို့ ဝင်ရောက်စွက်ဖက်နေခြင်းသည် ၎င်းတို့၏ အရင်းရှင် နယ်ချဲ့ ဝါဒ ၏ ပြယုဒ် အဖြစ် ရှု့မြင်နေသူ ဖြစ်သည်။

 

ဂွာတီမာလာ တွင် အာဏာသိမ်းခဲ့မှု ကြောင့် လက်တင် အမေရိကတွင် စနစ်ဟောင်းကို ဖျက်သိမ်းပြီး စနစ်သစ် တရပ် တည်ဆောက်နိုင်ရန် တော်လှန်ရေး ကို အောင်မြင်စွာ ဆင်နွှဲနိုင်မှ ဖြစ်မည်ဟု သူတို့ နှစ်ဦးစလုံး စိတ်ဝယ် အစွဲကြီး စွဲထင်သွားခဲ့ပေတော့သည်။

 

ကျုးဘား၏ သမိုင်းကြောင်းသည် အိမ်နီးချင်း လက်တင်အမေရိကား နိုင်ငံများ နှင့် တမူ ထူးခြားနေပြန်သည်။ ကျုးဘားသည် ကျွန် များ၏ လုပ်အား ကို အသုံးချ၍ ကြံစိုက်ပျိုး ခြင်း လုပ်ငန်းဖြင့် အမြတ်များစွာ ရကာ ကြွယ်ဝချမ်းသာနေသည်။ ကျွန်စနစ် အားလည်း ၁၈၈၆ ခုနှစ်မှသာ ဖျက်သိမ်းပစ်နိုင်ခဲ့သည်။ ဒေသတွင်း ရှိ အခြားနိုင်ငံများ လို စပိန်တို့ထံမှ တိုက်ရိုက် လွတ်လပ်‌ရေး ရခဲ့ခြင်း မဟုတ်ပဲ ဆယ်ကိုးရာစု နှစ် အကုန်ထိ အမေရိကန် တို့ လက်အောက်တွင်ပင် ရှိနေပေသေးသည်။

 

၁၉၀၂ ခုနှစ် တွင် အမေရိကန်တို့ထံမှ လွတ်လပ်‌ရေး ရရှိခဲ့သည်၊ ထိုသို့ ရရှိခဲ့ခြင်းမှာလည်း အမေရိကန် တို့ တီထွင် ဖန်တီးလာသော Platt ဥပဒေ ပြင်ဆင်ချက် အား ကျုးဘား အစိုးရမှ သဘောတူ ပေးခဲ့ခြင်းကြောင့် ဖြစ်သည်၊ ထိုပြင်ဆင်ချက် ဥပဒေအရ ကျုးဘား၏ ပြည်တွင်းရေး နှင့် နိုင်ငံခြားရေး တွင် အမေရိကန် တို့ တရားဝင် ဝင်ရောက်စွက်ဖက်ပိုင်ခွင့် ရရှိခဲ့သည်။ ထို့ပြင် ကုန်သွယ်ရေး တွင် အမေရိကန် တို့ အသာစီး ရမည့် အခွင့်အရေးများ ပေးခဲ့ရသည်။

 

ထိုအခွင့်အရေး များကို အဓိက ရရှိသွားခဲ့သူ တို့သည် UFC နှင့် ချောကလက် ကုမ္ပဏီကြီး ဖြစ်သည့် ဟာရှေး တို့ပင် ဖြစ်သည်။ ဤသို့ဖြင့် ကျုးဘားသည် လွတ်လပ်ရေးသာ ရရှိခဲ့သော်လည်း လူရိုသေ ရှင်ရိုသေ ဘဝ နှင့် နေခဲ့ရခြင်း မျိုး မဟုတ်ပဲ နောက်ပိုင်း ရာစုနှစ်ဝက်နီးပါး အမေရိကန် တို့ ၏ ထားရာနေ စေရာသွား ခိုင်းတာလုပ် ဘဝ နှင့် ရပ်တည်ခဲ့ရသည်။ ကျုးဘား ၏ လူ့အဖွဲ့ အစည်းသည်လည်း အကျင့်ပျက် ခြစားသည့် အုပ်ချုပ်‌ရေး စနစ်အောက်တွင် မွန်းကျပ်စွာ နေထိုင်ခဲ့ကြရသည်။