အရပ်လည်း မကူ၊ လူလည်း ဝိုင်းခိုင်း၍ မရ

by Hla Soewai - Apr 02 2023

အာဏာသိမ်း အဖွဲ့သည် ၎င်းတို့ အား ထောက်ခံနေသူများ မှ အတန်တန် တားနေသည့် ကြားမှ ပြည်သူတို့ ဆန္ဒမဲ ဖြင့် တခဲနက် ရွေးချယ် တင်မြှောက်ထားသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အား ပါတီ အဖြစ် စာရင်းမဝင်တော့ ဟု မိုက်မဲလှစွာ ကျေညာ လိုက်ခြင်းဖြင့် ပြည်သူတရပ်လုံးအား ဓါးဓါးချင်း ဒုတ်ဒုတ်ချင်း ဟု ဆိုကာ စစ်ကျေညာလိုက်ပြီ ဖြစ်သည်။

 

၎င်းတို့ကိုယ်နှိုက်ကလည်း ထိုသို့ ကျေညာရအောင်ကလည်း တရားမဝင် အာဏာသိမ်းယူထားသည့် အပြင် လူထု၏ ကောင်းရာကောင်းကျိုး အား နှစ် နှစ် ကြာလာသည့် တိုင် ဘာတခုမျှ ကောင်းရာကောင်းကျိုး သယ်ပိုး နိုင်စွမ်းလည်း မရှိ၊ လူထု ချွေးနဲစာ ဖြင့် ကောက်ခံထားသော အခွန်ငွေများ ဖြင့် ပွဲကြီးပွဲလမ်းများ၊ အကြောင်းမဲ့သက်သက် ဗိုလ်ရှုခံ ဆိုကာ ပျော်ပါး သုံးဖြုန်းနေသည်ကို အားလုံး အဖို့ အံ့အား သင့်ခဲ့ကြရသည်။ ဇာတ်နိပတ်နှင့် ကင်းလွတ်ကာ ပါးစပ်ထဲ ရှိရာ ပြောချင်ရာ ပြောနေသည့် မင်းသားရူးကြီး တဦး ပမာ မှတ်ယူနေကြပြီ ဖြစ်သည်။

 

ထို့အတွက် ယနေ့ထုတ်ပြန်သော ကမ္ဘာဘဏ်၏ နိုင်ငံများ အလိုက် စီးပွားရေး စစ်တမ်းတွင် မြန်မာပြည်၏ စီးပွားရေးသည် “အလွန်အမင်း ဆုတ်ယုတ်ကျဆင်းနေပြီ” ဟု ပါရှိလာခဲ့ပြီ ဖြစ်သည်။

 

မြန်မာပြည်၏ ဂျီဒီပီသည် ၂၀၂၁ တွင် ၁၈ ရာနှုန်း ကျဆင်းသွားရာမှ ၂၀၂၂ ဘဏ္ဍာနှစ်ကုန် စက်တင်ဘာလတွင် ၃ ရာနှုန်း ပြန်တက်လာသည်ဟု ဆိုသည်။

 

အိမ်ထောင်စုများသည် စားကုန်သောက်ကုန် နှင့် လောင်စာဆီ ဈေးနှုန်းများ မြင့်တက်လာပြီး ဝယ်နိုင်အား ကျဆင်းလာခြင်း တို့ကြောင့် အခက်အခဲ ပေါင်းစုံ ရင်ဆိုင်နေရသည်ဟု လည်း ထောက်ပြသွားခဲ့သည်။ မြန်မာ ကျပ် ငွေ တန်ဖိုးသည် အမေရိကန် ဒေါ်လာ နှင့် ယှဉ်လျှင် ၃၁ ရာနှုန်း ထိုးကျသွားခဲ့သည်ဟု ဆိုသည်။

 

စီးပွားရေး လုပ်ငန်းများ ရှင်သန် ဖွံ့ဖြိုး နိုင်ရန် အဓိက လိုအပ်ချက်များ ဖြစ်သည့် လျပ်စစ်ဓါတ်အား၊ သယ်ယူ ပို့ဆောင်‌ရေး အစရှိသည် တို့ လုံလောက်စွာ ဖြည့်တင်းပေးနိုင်စွမ်း မရှိတော့သည့်အပြင် ကုန်သွယ်ရေး နှင့် နိုင်ငံခြားငွေ လဲလှယ်မှုများ ကန့်သတ်ထားခြင်း နှင့် မရေရာ မသေချာ သော စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်လာခြင်းကြောင့် ခေါင်းထောင်လာနိုင်ခြင်း မရှိတော့ ဟု ပါရှိသည်။

 

ပို၍ ဆိုးဝါးသွားအောင် ဖြစ်သွားခဲ့ရသည်က ငွေကြေး လဲလှယ်နှုန်းကို ယခင်က လို ထိန်းချုပ်ထားသည့် အဆင့်မှ ၎င်းတို့ထံ အပ်နှံရမည်ဟု ထုတ်ပြန်လာခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

 

ဗဟိုဘဏ်မှ ယမန်နှစ်က ဝန်ကြီးဌာနများ နှင့် ပြည်နယ်တိုင်း အစိုးရများ အား ပြည်တွင်း ဝယ်ယူမှုများတွင် ဒေါ်လာ ကို လုံးဝ မသုံးစွဲရန် ပါ အမိန့် ထုတ်ပြန်လာခဲ့သည်။

 

၎င်းတို့ လုပ်ရပ်ကြောင့် နိုင်ငံတွင်း ဒေသ အတော်များများသည် မီးလောင်ပြင် ဖြစ်ကာ စစ်မြေပြင် အဖြစ် ကူးပြောင်းလာနေသည့် အဖြစ်ကို မသိချင်ယောင် ဆောင်ကာ ပြည်ပ မှ အဖျက်အမှောင့် လုပ်ငန်းများ ကြောင့် ဖြစ်သည်ဟု စစ်အစိုးရ အဆက်ဆက် ပြောနေကျ စကားလုံး များ ကိုသာ ပြောဆိုနေကြဆဲပင် ဖြစ်သည်။

 

ကုလသမဂ္ဂ မှ ဘင်္ဂလားဒေ့ရှ် သို့ သွားမည့် မြန်မာ အရာရှိများအား ၎င်းတို့ ပိုင် စက်လှေ နှစ်စီး အား အသုံးပြုခွင့် ပေးခဲ့မှု အတွက် အုတ်အော်သောင်းနင်း ဖြစ်ခဲ့မှု အား Frontier Myanmar ၏ ဆောင်းပါးတပုဒ်တွင် အပြင်းအထန် ဝေဖန် ရှုတ်ချခဲ့သည်။

 

ကုလသမဂ္ဂ သည် မြန်မာ စစ်တပ်၏ လှည့်ဖျားမှု များ ကို အ ချင်ယောင် ဆောင်ပြီး အဆင်ပြေ အောင် ဆက်ဆံနေသည်ဟု ဆိုသည်။ တဖက်တွင် မြန်မာ အာဏာသိမ်း အဖွဲ့ အား အဆက်အဆံ မလုပ်ရေး နှင့် ရခိုင် မြောက်ပိုင်း အခြေအနေများသည် ဒုက္ခသည်များ ပြန်လာနိုင်အောင် အခြေအနေမပေးသေး ဟု လူသိရှင်ကြား ပြောဆိုနေမှု များ နှင့် ဆန့်ကျင်နေသည်ဟု ဆိုသည်၊ ကုလ မှ ၎င်းတို့ အား “မဖြစ်မနေ ပေးရမည်” ဟု အကျပ်ကိုင်လာသော ကြောင့် ဖြစ်သည်ဟု ဖြေရှင်းချက် ထုတ်ပြန်ခဲ့သည်။

 

ဆောင်းပါးမှ ဆက်လက် ရေးသားရာတွင် ရခိုင်ပြည်နယ် အတွင်း ထိုသို့ လူထု အခက်အခဲများ ဖြစ်လာပြီး လူသားချင်း စာနာသည့် အကူအညီများ ပေးလာရသည့် အထိ ဖြစ်လာရခြင်းမှာလည်း စစ်တပ်မှ AA အပစ်အခတ် ရပ်စဲရေး သဘော မတူ တူလာအောင် တဖက်လှည့်နှင့် လူထု ကို ပိတ်ဆို့ ဖြတ်တောက်ခဲ့ခြင်း ကြောင့်ပင် ဖြစ်သည်ဟု ထောက်ပြခဲ့သည်။

 

ဆောင်းပါး က ဆက်လက်ရေးသားထားသည်မှာ ထိုကဲ့သို့ ပြုလုပ်နေသမျှ ရေရှည်တွင် လူထု အား အကူအညီ ပေး နိုင်ဖို့ မရှိပဲ စစ်တပ်၏ စေစားရာ အတိုင်း လိုက်လုပ်ကြရမည့် အဖွဲ့အစည်းများ အဖြစ် သာ ရပ်တည်သွားရပေတော့မည်ဟု ဝေဖန်‌ရေးသားထားသည်။

 

ထိုကိစ္စနှင့် ပတ်သက်၍ မိမိအမြင် ပြောရလျှင် ကုလ သမဂ္ဂ အတွင်းရေးမှုး ချုပ်သည် အရှိန်အဝါသာ ရှိပြီး အားပြိုင်နေသေ ကမ္ဘာ နိုင်ငံရေးဇာတ်ခုံ ပေါ်တွင် ဩဇာအာဏာ နတ္ထိ ဖြစ်နေ၍ မြန်မာ ပြည်နှင့် ပတ်သက်၍ အခါအားလျှော်စွာ စိုးရိမ်မကင်း ဖြစ်ပေးနေသည် ကို နားလည်ပေး၍ ရသော်လည်း ၎င်း၏ လုပ်ပိုင်ခွင့် အတွင်း ရှိနေသော လက်အောက်ခံ အေဂျင်စီ များ သည် ကုလ ၏ မူဝါဒ နှင့် အညီ လုပ်ကိုင်ခြင်း မရှိပဲ အနေချောင် အစားချောင်ရေး အတွက် အကြမ်းဖက်စစ်တပ် နှင့် ပူးပေါင်းနေသည့် အဖြစ်ကိုတော့ နားလည်ပေး၍ မရပေ။

 

မြန်မာ တိုင်းရင်းသား တို့၏ အနာဂတ်ကို ဖျက်ဆီးကာ မိမိတို့ ရှင်သန်ရပ်တည်နိုင်ရေး တခုတည်း ကြည့်ကာ ဝက်ဝံကြီးများ၊ နဂါးကြီး များ ပေးသော အကြံဉာဏ်များ၊ အမိန့်ဩဇာ များကို နာခံရင်း လက်ဝေခံ တိုင်းရင်းသား အဖွဲ့ များ နှင့် လက်ဝါးချင်း ရိုက်ကာ ငြိမ်းချမ်းရေး ညီလာခံ ကြီး ဆိုကာ လူထု နှင့် နိုင်ငံတကာ အား လှည့်ဖျားရန် ကြံစည်နေကြပြန်သည်။

 

၎င်းတို့၏ ပုဇွန်စိတ်သာသာ ဦးနှောက်မျှ ရှိနေသည့် အဖြစ်ကို သတိမူမိခြင်း မရှိသေးပဲ ၎င်းတို့ လုပ်ရပ်များ အပေါ် လူထုနှင့် နိုင်ငံတကာ က နားလှည့် ပါးရိုက်၍ ရမည်ဟု မိုက်မဲစွာ ယုံကြည်နေကြဆဲ ဆိုသည့် အဖြစ်က အင်မတန်မှပင် အံဩဖွယ် ကောင်းနေရပေသည်။

 

ယခုအခါ အထီးကျန်စွာဖြင့် စိတ်တော်သိ ဗောင်းတော်ညိတ် အလုပ်အကျွေးများ ဖြင့်သာ ရှေ့ခရီးကို အံခဲကာ လျှောက်လှမ်းနေရပြီ ဖြစ်သည်။

 

အကြမ်းဖက် စစ်တပ်၏ ဥပဒေမဲ့ အာဏာသိမ်းကာ လူထု အပေါ် နှိပ်စက်သတ်ဖြတ်နေမှုများ နှင့် အတူ စားဝတ်နေရေး ကျပ်တည်းသည်ထက် ကျပ်တည်းလာနေမှု များ အား နှစ်နှစ် ကျော်မျှ ခါးစီးခံနေရ၍ တော်လှန်ရေးကြီး ဘယ်တော့များမှ အောင်မြင်နိုင်မလဲ ဟူသော မေးခွန်းများ ထွက်ပေါ်လာနေခြင်း နှင့် ပတ်သက်၍ ‌အေဗရာဟင် လင်ကွန်း ၏ အဆိုအမိန့် တခုကို တင်ပြလိုက်သည်၊

 

"The best way to predict your future is to create it." - Abraham Lincoln

 

ဆိုလိုရင်းက တော့ ထိုမေးခွန်း၏ အဖြေကို အကောင်းဆုံး ခန့်မှန်းနိုင်မည့် နည်းလမ်းက မိမိတို့ ကိုယ်တိုင် ကိုယ်ကျ ဝင်ရောက် ဖန်တီးနိုင်မှသာ ဖြစ်ပေမည် ဟူ၍ ဖြစ်သည်။

 

အနည်းဆုံး တောထဲတောင်ထဲတွင် လက်နက်ကိုင် တိုက်ပွဲ ဝင်နေကြသော လူငယ်ကလေးများသည်လည်း ယခုလို သင်္ကြန်ရက်မျိုး တွင် မိသားစု နှင့် ပြန်လည် တွေ့ဆုံပြီး အမေ ချက်ပေးတတ်သည့် ဟင်းကောင်းလေး တခွက် စားချင်ရှာကြပေလိမ့်မည်။ မွေးရပ်မြေသို့ ပြန်ချင်ရှာကြမည်၊ ၎င်းတို့ ထိုင်ခဲ့သော လ္ဘက်ရည်ဆိုင် ကလေးကို လွမ်းနေရှာကြပေမည်၊ တော်လှန်‌ရေးကြီး ပြီးဆုံးသွားက ငါတို့ ဘာလုပ်မည် ဆိုသည်ကိုလည်း စိတ်ကူးယဉ်နေကြရှာပေလိမ့်မည်။ မိမိတို့ လည်း ဘာမျှ လုပ်မပေးနိုင်ဟု အတွေးဝင်လာသူများ အတွက် အနည်းဆုံး စာနာစိတ် တော့ ထားကာ အားပေးသင့်သည်ဟု အကြံပေးလိုပါသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

PHOTO - REUTERS