ကိုးကိုးကျွန်း ပေါ်တွင် တရုတ် ထောက်လှန်းရေး စခန်း ရှိနေပြီလော

by Hla Soewai - Apr 02 2023

ယနေ့ အိန္ဒိယ သတင်း စာ နှင့် မီဒီယာများ တွင် ပွဲဆူသွားစေသည်က ဂြိုလ်တု မှ ရိုက်ကူးထားသော ဓါတ်ပုံများ ထွက်လာခဲ့ပြီး ထိုဓါတ်ပုံများထဲတွင် ကိုးကိုးကျွန်း ပေါ်ရှိ စစ်ဖက်ဆိုင်ရာ အဆောက်အအုံများ အသစ် ထပ်မံ ဆောက်လုပ်နေသည်ကို တွေ့လိုက်ရ၍ပင် ဖြစ်သည်။ ယင်းသည် တရုတ် တို့ အတွက် စပိုင် စခန်း ဖြစ်ဖွယ် ရှိသည်ဟု သုံးသပ်နေကြသည်။

 

ထိုဓါတ်ပုံ၏ အလယ်တည့်တည့် တွင် အသစ်စက်စက် လေယာဉ် သိုလှောင်ရုံ နှစ်ခု ကို တွေ့ရသည်။ မြောက်ဖက်တွင် သင်္ဘောများ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံ တံတား ရှည်ကြီး တခုနှင့် ရေတပ် သင်္ဘောများ အဝင်အထွက် များ တွေ့ရသည်ဟု ဆိုသည်။

 

ထို့ပြင် လေယာဉ်ပြေးလမ်း၏ အရှည်အားလည်း ယခင် ၁,၃၀၀ မှ မီတာ ၂,၃၀၀ အထိ ထပ်မံ တိုးချဲ့ထားသည်၊ ယခု ကိစ္စအား လန်ဒန် ရှိ ချာတန်ဟောက်စ် တွေးခေါ်မျှော်မြင်ရေး အဖွဲ့ကြီး မှ စတင် ‌ဖေါ်ထုတ်လာခဲ့ခြင်း ဖြစ်သည်။

 

ထိုအဖွဲ့ကြီး၏ အစီရင်ခံစာတွင် မြန်မာ စစ်တပ်သည် တရုတ် နှင့် ပေါင်းပြီး ရေတပ် ထောက်လှန်းရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည် ဟု ဆိုသည်။

 

စစ်တပ်အား မြို့ကြီးများရှိ ၎င်းတို့နိုင်ငံသားများ အား စောင့်ကြည့်ထောက်လှန်းနိုင်ရန် နည်းပညာ အကူအညီ နှင့် ပစ္စည်းများ ထောက်ပံ့ထားပြီး ဖြစ်၍ ကိုးကိုးကျွန်း ကိစ္စသည် မဖြစ်နိုင်စရာ မရှိဟု ရေးသားထားသည်။

 

တရုတ် သည် စစ်အခြေစိုက် စခန်း မဟုတ်သည့်တိုင် ယခုလို ကြားဖြတ် နားထောင်နိုင်သည့် listening post ရှိနေလျှင်ပင် မဟာဗျုဟာ အရ အိန္ဒိယ သမုဒ္ဒရာ တွင် လုံးဝ အသာစီးရရှိသွားပြီး ကပ္ပလီ ကျွန်းစုများ ရှိ အိန္ဒိယ ကြည်းရေလေ စစ်ဌာနချုပ်အား ခြိမ်းချောက်လာနေပြီ ဖြစ်သည်။

 

မြန်မာ အလံ လွှင့်ထူထားသော ငါးဖမ်း သင်္ဘောများ ကို အိန္ဒိယ ဖက်မှ ကြားဖြတ် ဟန့်တားသည့် အခါတိုင်း သင်္ဘော‌ပေါ်တွင် ရေဒီယို နှင့် သမုဒ္ဒရာ အောက် ရေငုပ်သင်္ဘော ရှာ ကိရိယာ များ နှင့် အတူ တရုတ် နိုင်ငံသားများကို မကြာခဏ ဆိုသလို တွေ့ရှိရသည်ဟု ဆိုသည်။

 

အိန္ဒိယ သည် ထိုကိစ္စ အပေါ် ကာလကြာမြင့်စွာ ကတည်းက သံသယ ရှိနေပြီး တဖြေးဖြေး နှင့် စိုးရိမ်စရာ ဖြစ်လာနေသည်။ စစ်တပ်မှ အိန္ဒိယ အပေါ် နိုင်ကွက်ရနေသည့် အရေး ဖြစ်ပြီး မြန်မာ စစ်တပ်အပေါ် လိုက်လိုက်လျောလျော ဆက်ဆံနေခြင်း၏ အကြောင်းရင်းများထဲတွင်လည်း တခုအပါအဝင် ဖြစ်သည်။

 

အိန္ဒိယ အစိုးရသည် ထိုကိစ္စအပေါ် ဖုံးဖုံးဖိဖိ လုပ်ထားသော်လည်း ယခုအခါ တွင် တော့ လန်ဒန် ချာတန်ဟောက်စ် ၏ အထောက်အထား များ ကြောင့် စစ်တပ် နှင့် အိန္ဒိယ ဆက်ဆံရေး သည် ထိခိုက်သွားနိုင်ဖွယ် ရှိနေသည်။

 

လက်ရှိတွင် မင်းအောင်လှိုင်သည် သမ္မတ ဖြစ်ရေး ရည်မှန်းချက်၏ တစိတ်တပိုင်း အဖြစ် သူ၏ အာဏာကို အခိုင်အမာ တည်ဆောက်နိုင်‌ရေး အတွက် တပ် လက်ကိုင် ရှိသူများ အား ဖယ်ထုတ်ခြင်း၊ အစားထိုး ခန့်အပ်ခြင်း များ ပြုလုပ်လာနေပြီ ဖြစ်သည်။

 

ကရင်ပြည်နယ် ဆိုင်ရာ အထူး စစ်ဆင်ရေး ဗျုရို အမှတ် (၄) မှ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်လှိုင်ကို ရာထူးမှ ထုတ်ပယ်လိုက်သည်၊ ကရင်ပြည်နယ် အတွင်း စစ်ဆင်ရေး များ တွင် အကြီးအကျယ် အရေးနိမ့်နေ၍ ဖြစ်သည်။ ခင်လှိုင်သည် ယမန်နှစ်က ထုတ်ပယ်ခံခဲ့ရသော ဒုဗိုလ်ချုပ်ကြီး သန်းလှိုင် ပြီးလျှင် ဒုတိယ မြောက် ဖြစ်သည်။ ခင်လှိုင်နေရာ တွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်ချုပ် ညွန့်ဝင်းဆွေ အား ဒုဗိုလ်ချုပ်ကြီး အဖြစ် ရာထူး တိုးမြှင့်ကာ ပြောင်းရွှေ့ ခန့်ထားလိုက်သည်။

 

ဗိုလ်ချုပ် မြတ်သက်ဦး သည်လည်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ ရွှေ့ပြောင်းခံရပြီး သူ့နေရာတွင် အမှတ် (၁၁) ခြေမြန်တပ်မ ဌာနချုပ် တပ်မမှုး ဗိုလ်မှူးချုပ် စိုးမင်း နှင့် အစားထိုးလိုက်သည်။ မြတ်သက်ဦး နေရာတွင် နေပြည်တော် မှ ဗိုလ်ချုပ် ဇော်ဟိန်းမှ တာဝန်ယူမည် ဖြစ်ပြီး သူ့နေရာတွင် ဗိုလ်မှူးချုပ် ဝေလင်း အား ခန့်ထားလိုက်သည်။

 

မင်းအောင်လှိုင် လက်အောက်တွင် ဗိုလ်ချုပ်များ ဖောခြင်းသောခြင်း ခန့်ထားသော်လည်း ယခုလို အခြေအနေဆိုး မျိုး မှ ရုန်းထွက် နိုင်ရန် အရည်အချင်း မရှိ သူများ ချည်း ဖြစ်နေသည်ကို တွေ့ရသည်။ ၎င်းတို့ အဖို့ မင်းအောင်လှိုင်ကြောင့် သက်တောင့်သက်သာ အေးအေးဆေးဆေး ဖြင့် အခွင့်ထူးခံ နေလာရသည့် ဘဝများ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

 

စစ်ဗိုလ်ချုပ် များ လက်စွမ်းပြနိုင်ခဲ့ကြသည့် အဖြစ်ကို ထန်တလန် မြို့ ပြာပုံဘဝ ရောက်သွားခဲ့သ်က သက်သေခံနေပြီ ဖြစ်သည်။ ၂၀၂၃ နှစ်ထဲတွင် လက်နက်ကြီးများ ဖြင့် လူနေရပ်ကွက်များကို အကြိမ် ၁၀၀ ခန့် ပစ်ခတ်ခဲ့ကြပြီး ဖြစ်သည်ဟု RFA သတင်းတွင် ဖေါ်ပြထားသည်။ နောက်ဆုံး အကြိမ် တိုက်ခိုက်မှု တွင် အသက် ၆ နှစ် နှင့် ၉ နှစ် အရွယ် ကလေးငယ် နှစ်ဦး သေဆုံးသွားခဲ့ပြီး ၂၀ ခန့် ဒဏ်ရာရရှိသွားခဲ့သည်။ ယင်းတိုက်ခိုက်မှု သည် မည်သို့မျှ အကြောင်းမရှိပဲ တမင်တကာ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ချင်း အမျိုးသား တပ်ဦးက ဆိုသည်။

 

လွတ်လပ်ရေး ရပြီး နောက်ပိုင်း စစ်တပ် ဆင်နွှဲနေသော ပြည်တွင်း စစ်ကြီး တွင် ထိုသို့ ပြာပုံဘဝ ရောက်ခဲ့ရသည့် မြို့ တမြို့တလေမျှ မရှိခဲ့ဖူး၍ စစ်ခေါင်းဆောင်များ အရည်အချင်း မည်မျှ ရှိသည် ဆိုသည်က သိသာနေပြီ ဖြစ်သည်။

 

၎င်းတို့ကြောင့် တိုင်းပြည် လူဦးရေ၏ သုံးပုံတပုံခန့်သည် သေရေးထက် ရှင်ရေး က ပို၍ ခက်ခဲ လာနေပြီး အသက်တချောင်းကို ကုတ်ကပ်မွေးမြူနေကြသည့် အဖြစ် ဆိုက်‌ရောက်နေပြီ ဖြစ်သည်။

 

ချင်းတိုင်းရင်းသား များ အပေါ် ထိုသို့ လူစိတ်ပျောက်ကာ တရိစ္ဆာန်ထက်ပင် ယုတ်ညံ့စွာ တွေးခေါ် ပြုကျင့် နေကြသည့် အဖြစ်ကိုတော့ ကျွန်တော်အဖို့ ရင်နာ၍ မဆုံးနိုင်တော့ပေ။

 

၎င်းတို့ အပေါ် ပြည်သူများ စိတ်ထဲတွင် မည်သို့မျှ မကြေနိုင်တော့သည့် မုန်းတီးရွံရှာ နေသည့် အစိုင်အခဲကြီးများ မည်မျှ အထိ ကြီးထွား နေကြပြီ ဆိုသည်ကလည်း မပြောပဲနှင့် သိသာနေပြီ ဖြစ်သည်။ ထိုသို့သော လူများကို ညံ့ဖျင်း မိုက်မဲလှသော လူများက လွဲ၍ မည်သူကကော အစိုးရ တရပ်ဟူ၍ အသိအမှတ် ပြုကြပေမည်နည်း။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!