သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(125)

by Hla Soewai - Mar 31 2023

ဖီဒယ်၊ ချေ နှင့် ကျုးဘား တော်လှန်ရေး

 

 ၁၉၆၇ ခု၊ အောက်တိုဘာ ၁၉ ရက်နေ့တွင် ဟာဗားနားရှိ ပလာဇာ ဒဲလာ တော်လှန်ရေး ရင်ပြင်ကြီးဆီသို့ လူများ ထောင်သောင်းချီ၍ စုဝေးလာခဲ့ကြသည်။ စင်မြင့်ထက်တွင်တော့ ကျုးဘား အစိုးရနှင့် ကွန်မြူနစ် ပါတီမှ ခေါင်းဆောင်များ နေရာယူ ထားကြသည်။ လူများစုသည် စစ်မြေပြင်သုံး အကြမ်းခံကာကီရောင် အင်္ကျီများကို ဝတ်ဆင်လာကြသည်။ အစိုးရ ရေဒီယို နှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက် ရိုက်ကူး ထုတ်လွှင့်ပေးနေသည်။

 

ကဗျာဆရာ နီကိုလပ်စ် ဂူလီယန် မှ ထိုအခမ်းအနား အတွက် ရည်ရွယ် စပ်ဆိုထားသော ကဗျာတပုဒ်ကို ရွတ်ဆို ခဲ့သည်။ ထို့နောက်တွင်တော့ မော်ကွန်းရုပ်ရှင် အပိုင်းတို လေးကို ပြသခဲ့သည်။ ပိတ်ကားပေါ်တွင် လွန်ခဲ့သည့် ဆယ်နှစ်ခန့်က "ချေ" ဂွေဗာယား နှင့် ဖီဒယ် ကက်စထရို ဆိုသည့် တော်လှန်ရေး သမား နှစ်ဦး၏ ရုပ်ပုံလွှာများကို တွေ့မြင်ခဲ့ကြရသည်။ ထိုပြင့် ဘိုလစ်ဗီယားတွင် အချိန်ကိုက်ရိုက်ကူးထားသည့် ဂွေဗာယားမှ ‌ယန်ကီးတို့၏ အရင်းရှင် နယ်ချဲ့ ဝါဒအား ရှုတ်ချ ပြောဆိုသည့် မိန့်ခွန်းသည် ဟိန်း၍ ထွက်ပေါ်လာခဲ့သည်။

 

သို့သော် ချေဂွေဗာယားသည် ပြီးခဲ့သည့် ဆယ်ရက်ခန့်ကပင် ဘိုလစ်ဗီယားတွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။ ချေ သည် ကျုးဘား တော်လှန်ရေး ကြီး၏ အဓိက ဒေါက်တိုင်ကြီး ဖြစ်ခဲ့သော်လည်း ၁၉၆၅ ခုနှစ်တွင် ကျုးဘား အစိုးရ အဖွဲ့မှ နှုတ်ထွက်ပြီး အာဖရိက တိုက် ကွန်ဂို နိုင်ငံရှိ ပျောက်ကြား တော်လှန်ရေး နှင့် သွားရောက် ပူးပေါင်းခဲ့သည်။

 

အောင်မြင်နိုင်မည့် အလားအလာ နည်းပါးနေသည့် အဖြစ်ကို တွေ့လာရ၍ နောက်ထပ် တော်လှန်ရေးကြီး တခု လက်တင် အမေရိက တွင် ထပ်မံဆင်နွှဲရန် ပြန်ရောက်လာခဲ့သည်။ သို့သော် စီအိုင်အေ၏ အထောက်အပံ့ရထားသည့် ဘိုလစ်ဗီယား အကြမ်းဖက် တိုက်ဖျက်ရေး တပ်ဖွဲ့များ၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရသည်။

 

ယခုအခါ တွင်တော့ ဖီဒယ် ကက်စထရို သည် စင်မြင့်ထက်မှ နေ၍ ချေဂွေဗာယားသည် မက်စ်-လီနင် ဝါဒ၏ အသစ်လွင်ဆုံး၊ အဆန်းသစ်ဆုံး အတွေး အခေါ်များ နှင့် တော်လှန်ရေး ကို ဆင်နွှဲခဲ့သူ ဖြစ်သည်" ဟု ပြောလာခဲ့သည်။ 

 

အန်နက်စတို (ချေ) ဂွေဗာယား အား ၁၉၂၈ ခုနှစ်တွင် အာဂျင်တီနား နိုင်ငံ ရိုဆာရီယို မြို့ရှိ လူလတ်တန်းစား မိဘ နှစ်ပါး မှ မွေးဖွားခဲ့သည်။ ငယ်စဉ်ကပင် အားကစား လိုက်စားပြီး လူသိများ ထင်ရှားခဲ့သူ ဖြစ်ပြီး ဗျုနိုအေရိစ် တက္ကသိုလ် တွင် ဆေးပညာ ဘာသာရပ်ကို သင်ယူခဲ့သည်။ ‌

 

ဆေးကျောင်းသား ဘဝ မှာပင် သူ နှင့် မိတ်ဆွေ တဦးသည် မော်တော်ဆိုင်ကယ် ဖြင့် တောင်အမေရိက တိုက်တခွင် ပြဲပြဲစင်အောင် ခရီးထွက်ခဲ့ကြသည်။အင်္ဂလိပ် အက္ခရာ "A" နှင့် စသည့် အမေရိက ခရီးစဉ်သည် ကျွနုပ် ၏ ဘဝ အား မထင်မှတ်လောက်အောင် အပြောင်းလဲ ကြီး ပြောင်းလဲသွားစေခဲ့သည်ဟု သူ၏ နာမည်ကျော် "မော်တော်ဆိုင်ကယ် ဒိုင်ယာရီ" တွင် ရေးသားခဲ့သည်။

 

လက်တင် အမေရိကတွင် နိုင်ငံများသာ ကွဲပြားနေသော်လည်း အားလုံး၏ ဘဝ နေထိုင်မှုသည် အခြေခံအားဖြင့် တူညီနေကြသည့် အဖြစ်ကို တစေ့တစောင်း အကဲဖြတ်ခွင့် ရခဲ့သည်။ မတရားမှု၊ လူတန်းစား မညီမျှမှု တို့ကို အားလုံး တပြေးညီ ခံစားနေကြရသည်ဟု ယုံကြည်လာခဲ့သည်။ သို့သော် ဆင်းရဲမွဲတေမှု နှင့် ခိုကိုးရာမဲ့ ဖြစ်နေမှုများသည် တောင်အမေရိက တိုက်သားများကို စည်းလုံးညီညွတ်လာအောင် ပြုလုပ်နိုင်ကောင်းသည်ဟုလည်း သဘောပေါက်ခဲ့ပြန်သည်။ ထိုသို့ ဖြစ်နေရသည့် အဓိက တရားခံသည် အမေရိကန် ပြည်ထောင်စု၏ ခေတ်သစ် အရင်းရှင် နယ်ချဲ့ ဝါဒ ကြောင့် ဆိုသည်ကိုလည်း သူ၏ ခရီးသွား အတွေ့အကြုံများအရ အခိုင်အမာ ယုံကြည်လာခဲ့သည်။

 

ဆေးပညာဘွဲ့ကို ရရှိခဲ့ပြီးသည့် နောက်တွင် ဂွေဗာယား သည် ယခင် သွားခဲ့သည့် ခရီးကို နောက်တကျော့ ပြန်ထွက်ခဲ့ပြန်သည်။

 

ဂွာတီမာလာ သို့ သူရောက်ရှိလာခဲ့သည့် ၁၉၅၀ တွင် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခံရသည့် ဂျကိုဘို အာဘန်း ဂပ်စ်မင်းသည် မြေယာ ပြုပြင်ပြောင်းလဲရေးကို အရင်းအမြစ်စ၍ ပြုလုပ်ရန် ပြင်ဆင်နေခိုက် လည်း ဖြစ်သည်။

 

ဂွာတီမာလာသည် အခြားသော လက်တင် အမေရိက နိုင်ငံများကဲ့သို့ပင် အမေရိကန် ကုမ္ပဏီကြီးများ၏ အကျိုးစီးပွားကို ဦးလည်မသုံ ထမ်းရွက်ပေးနေရသော နိုင်ငံလည်း ဖြစ်သည်။ အဓိက ထွက်ကုန် ဖြစ်သည့် ငှက်ပျောသီး အပါအဝင် လယ်ယာထွက်ကုန် မှန်သမျှ နီးပါးကို United Fruit Company (UFC) ကြီးမှ လက်ဝါးကြီးအုပ် အမြတ်ထုတ်နေခြင်းပင် ဖြစ်သည်။

 

UFC သည် ဂွာတီမာလာ၏ နယ်မြေ အ‌တော်များများကို ပိုင်ဆိုင်ထားသည့် အပြင် တောင်အမေရိက တိုက် နှင့် ကာရစ်ဘီယံ အတွင်းရှိ လယ်ယာ ဥယာဉ် စိုက်ခင်းများ၊ မီးရထားလမ်းများ၊ မြစ်ကြောင်းသွား ရေနွေးငွေ့ သုံး သင်္ဘောများ၊ ကြေးနန်းလိုင်းများ ကို လည်း ပိုင်ဆိုင်ထားသည်။

 

ထို့အပြင် နိုင်ငံများ၏ ပြည်တွင်းရေး အားလည်း ၎င်းတို့ အကျိုးစီးပွား နှင့် ကိုက်ညီမှု ရှိအောင် ဝင်ရောက် စွက်ဖက်လေ့ ရှိပြီး ဖိနှိပ်အုပ်ချုပ်သည့် အာဏာရှင်များနှင့်လည်း လက်ပွန်းတတီး ပေါင်းသင်း တတ်သဖြင့် "banana republic" ဆိုသော အသုံးအနှုံး ထွက်ပေါ်လာခဲ့ရခြင်းလည်း ဖြစ်သည်။

 

ဂွာတီမာလာ သည်လည်း အခြားသော တောင်အမေရိ နိုင်ငံများကဲ့သို့ပင် ချမ်းသာ ဆင်းရဲ သည် အဆမတန် ကွာခြားလျက် ရှိနေသည်။ လူဉီးရေ၏ ၂ % သည် နိုင်ငံတွင်းရှိ မြေယာ စုစုပေါင်း၏ လေးပုံ သုံးပုံကို ပိုင်ဆိုင်လျက် ရှိသည်။ ထိုအထဲတွင် UFC သည် ပိုင်ဆိုင်သမျှ၏ ၁၅ % ခန့် သာ အသုံးပြုနေပြီး ကျန် မြေယာ များကို အရံ အဖြစ်ထားရှိသည်။ အသုံးပြုနေသော မြေယာ များ တွင် မြေဆီမြေလွှာ ကုန်ခမ်းစ ပြုလာချိန်မှသာ အရံ မြေယာများဖက် လှည့်လာခဲ့ကြသည်။