ဂန္ဓီကြီး၏ အာဏာဖီဆန် တော်လှန်ရေး (နိဂုံးပိုင်း)
စစ်ကြီး အပြီး ပါကစ္စတန်၏ ဘုရင်ခံချုပ် ဖြစ်လာမည့် မိုဟာမက် အလီ ဂျင်းနားသည် ကွန်ဂရက် ၏ Quit India ကမ်ပိန်းကို ပြစ်တင် ရှုတ်ချလိုက်ပြီး ၎င်း၏ အိန္ဒိယ နိုင်ငံ မူဆလင် အဖွဲ့ချုပ် မှ စစ်ကြီး အတွင်း ဗြိတိသျှ တို့အား အပြည့်အဝ ထောက်ခံ ကူညီသွားမည်ဟု ကျေညာချက် ထုတ်ပြန်ခဲ့သည်။ ယင်းနှင့် အတူ မူဆလင် အဖွဲ့ချုပ်၏ ဩဇာအာဏာသည် အမြင့်ဆုံးသို့ ရောက်ရှိလာခဲ့သည်။
ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးလု ဆဲဆဲ ၁၉၄၅ ခုနှစ်တွင် အိန္ဒိယ စစ်သားများ ပြည်တော် ပြန်လာနေကြပြီ ဖြစ်သည်၊ ထိုအချိန်တွင် အိန္ဒိယ တွင် ဗြိတိသျှ တပ်များသည် မဆိုသလောက် သာ ရှိနေခဲ့ပြီး ၎င်းတို့အားလုံးသည်လည်း စစ်ပန်းနေကြပြီ ဖြစ်၍ ယခင်ကကဲ့သို့ ဗြိတိသျှ အင်ပိုင်ယာ ကြီးအား ကာကွယ်ပေးရန် စိတ်မပါ လက်မပါ ဖြစ်လာကြသည်။
သို့သော်လည်း ဟိန္ဒူ နှင့် မူဆလင်များအကြား လူမျိုးရေး တင်းမာမှု သည် အဓိက စိန်ခေါ်မှု ကြီး အဖြစ် တဖန် ပြန်လည် ထွက်ပေါ်လာခဲ့သည်။ အိန္ဒိယ တပြည်လုံး တွင်လည်း သွေးထွက်သံယို အဓိကရုဏ်းများ ဖြင့် ပွက်လောရိုက်လာခဲ့သည်။ တဖြေးဖြေး နှင့် ပြည်တွင်းစစ်ကြီး အသွင် ပြောင်းလဲသွား နိုင်သည့် အန္တရာယ် အချက်ပေး ခေါင်းလောင်းသံများ ဆူညံစွာ ထွက်ပေါ်လာနေပြီ ဖြစ်သည်။
ကြံရာမရ ဖြစ်လာသော ဆဌမ မြောက် ဂျော့ဘုရင်သည် အခြေအနေများ ငြိမ်သက်လာစေရန် ရည်ရွယ်ချက်ဖြင့် ၁၉၄၇ မတ်လ တွင် သူနှင့် ညီအကို ဝမ်းကွဲ တော်စပ်သူ လော့ဒ် မောင့်ဘက်တန် အား အိန္ဒိယ တိုက်ငယ်၏ နောက်ဆုံး ဘုရင်ခံ အဖြစ် စေလွှတ်လာခဲ့သည်။
မောင့်ဘက်တန်သည် မြေပြင် အနေအထား ကို မျက်မြင် ကိုယ် တွေ့ လေ့လာ သိရှိခွင့် ရခဲ့သည် နှင့် အမျှ အိန္ဒိယ တိုက်ငယ်သည် တစည်းတလုံးတည်း ဆက်ရှိနေဖို့ ဆိုသည်ကား မည်သို့မျှ မဖြစ်နိုင်တော့မှန်း သဘောပေါက် သွားခဲ့ပြီ ဖြစ်သည်။ အိန္ဒိယ တိုက်အား အိန္ဒိယ နှင့် ပါကစ္စတန် ဟူ၍ နှစ်ခြမ်းပိုင်းရန် အစီအစဉ်များ စတင် ရေးဆွဲလာခဲ့သည်။
ဤသို့ဖြင့် ၁၉၄၇ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် ဂျဟာဝါလာ နေရူးသည် အသစ် ပေါ်ထွန်းလာသော လွတ်လပ်သော အိန္ဒိယ နိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
"ညသန်းကောင်တိတိ တကမ္ဘာလုံး အိပ်မောကျနေချိန်တွင် အိန္ဒိယသည် လွတ်လပ်သော နိုင်ငံ အဖြစ် သက်ဝင် နိုးထ လာခဲ့ပြီ" ဆိုသော နေရူး၏ ပြောဆိုခဲ့မှု သည် ကမ္ဘာ သတင်းစာ အသီးသီးတွင် စာလုံးမည်းကြီးများ ဖြင့် ဖေါ်ပြလာမှု နှင့် အတူ တမဟုတ်ချင်း လူသိများ ကျော်ကြားသွားခဲ့သည်။
ဂန္ဒီကြီးသည် အိန္ဒိယ အစိုးရသစ် တွင် ပါဝင်ခဲ့ခြင်း မရှိပေ။ သို့သော် ဘာသာရေး နှင့် နိုင်ငံရေး နယ်ပယ် တွင် ဂန္ဒီကြီး၏ အရှိန်အဝါသည် လျှမ်း လျှမ်းတောက် ရှိနေဆဲပင် ဖြစ်သည်။ ဂန္ဒှီသည် တချိန်လုံး ဟိန္ဒူ-မူဆလင် ညီညွတ်ရေး ကို အမြဲလို ဟောပြော ဆုံးမနေခဲ့သည်။
အိန္ဒိယ တနိုင်ငံလုံး လွတ်လပ်ရေး ရ၍ ပျော်ရွှင် မြူးတူးနေချိန်တွင် ဂန္ဒီသည် အိမ်ထဲက အိမ်ပြင် မထွက်ပဲ နိုင်ငံ နှစ်ခြမ်းပိုင်းခံလိုက်ရသည့် အဖြစ်အတွက် ဝမ်းနည်းပူဆွေး နေခဲ့ရှာသည်။
နောက်ပိုင်း လ အနည်းငယ် အကြာ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့တွင်တော့ သူ ကိုယ်တိုင် လူမျိုးရေး မုန်းတီးမှု ၏ သားကောင်ဘဝ ရောက်သွားခဲ့ရသည်။ ဂန္ဒီကြီးသည် နယူးဒေလီရှိ ဘာသာရေး ဆုတောင်းပွဲ သို့ အသွား လမ်းတွင် သေနတ်သမားတဦး၏ ပစ်ခတ် လုပ်ကြံခံရ၍ ကွယ်လွန်သွားခဲ့သည်။ (ပုံတွင် လုပ်ကြံမခံရမီ ဂန္ဒီကြီးအား တွေ့မြင်ရစဉ်)
သမိုင်း ဖြစ်ရပ်များက လူ့ဘဝ ကဲ့သို့ပင် ရှုပ်ထွေးမှု များ နှင့် ပြည့်နှက်နေစမြဲပင် ဖြစ်သည်။ ယနေ့ အချိန်အထိ ဂန္ဒီကြီး၏ အကြမ်းမဖက် အာဏာ ဖီဆန်ရေး တရားသည် အိန္ဒိယ တိုက်ကြီးကို ကျော်လွန်ကာ ကမ္ဘာတဝှမ်းသို့ ပျံ့နှံ့နေပြီ ဖြစ်သည်။
မာတင် လူသာ ကင်း မှ "ဂန္ဒီသည် သူ၏ တိုက်ပွဲကို အမှန်တရား၊ စိတ်ဓါတ်ခွန်အား၊ သတ္တိများ ကို လက်နက် အဖြစ် စွဲကိုင်ပြီး မည်သူမှ ထိခိုက်ဒဏ်ရာမရအောင် ဆင်နွှဲသွားနိုင်ခဲ့သူ ဖြစ်သည်" ဟု ပြောခဲ့ဖူးပေသည်။
ဂန္ဒီကြီး ၏ အကြမ်းမဖက် ဆန့်ကျင်ရေး သည် ဗြိတိသျှ အင်ပိုင်ယာကြီးကို ပြိုလဲသွားအောင်အထိ မလုပ်နိုင်ခဲ့သော်လည်း သူ၏ ငြိမ်းချမ်းစွာ တော်လှန် ဆန့်ကျင်သော နည်းဖြင့် အိန္ဒိယ လူထုကြီး တရပ်လုံးကို ညို့ယူ သိမ်းသွင်း နိုင်ခဲ့သည်။
ဤသို့ဖြင့် ဂန္ဒီသည် အိန္ဒိယ လွတ်လပ်ရေး နှင့် အကြမ်းမဖက် ခုခံတော်လှန်ရေးကြီး၏ ဖခင်ကြီး ဖြစ်လာခဲ့ရသည်။
ငြိမ်းချမ်းသော နည်း ဖြင့် တော်လှန်သွားမည်ဟူသော သူ၏ ရည်မှန်းချက်များသည် ဖြစ်နိုင်ခဲ့ယုံမက အကြိမ်ပေါင်း များစွာ ထပ်တလဲလဲ ပေါ်ပေါက်လာခဲ့ပြီး ဖြစ်ပေသည်။
"ဖီဒယ်၊ ချေ နှင့် ကျုးဘား တော်လှန်ရေး" အား ဆက်လက် တင်ပြသွားပါမည်။