ဒီမိုကရေစီ လော မိုဒီကရေစီလော

by Hla Soewai - Mar 30 2023

ကမ္ဘာတွင် အကြီးမားဆုံး အဖြစ် ရပ်တည်ခဲ့သော ဒီမိုကရေစီ အဆောက်အအုံကြီးသည် အပြင်းထန်ဆုံး ထိုးနှက် မှုကြီးနှင့် ကြုံလာခဲ့ရပြီ ဖြစ်သည်။

 

အိန္ဒိယ၏ အဓိက အတိုက်အခံ ပါတီကြီး ဖြစ်သော ကွန်ဂရက် ပါတီ၏ ခေါင်းဆောင်လည်း ဖြစ်၊ ယ‌ခု အချိန်အထိ အထင်ရှားဆုံး အတိုက်အခံ ခေါင်းဆောင် အဖြစ် ရပ်တည်နေခဲ့သော ရာဟူး ဂန္ဒီအား ဂူဂျာရတ် ပြည်နယ် ရှိ မထင်မရှား ခရိုင်တရားရုံး လေး တခု မှ ထောင်ဒဏ် နှစ် နှစ် အပြစ်ဒဏ် ချမှတ်လိုက်ခြင်းပင် ဖြစ်သည်။

 

ထို့အတွက် အိန္ဒိယ ဝန်ကြီးချုပ်များ ၏ သားဖြစ်သူ၊ မြေးဖြစ်သူ၊ မြစ် ဖြစ်ခဲ့သူသည် အယူခံကာလ တလ ကုန်ဆုံး၍ မအောင်မြင်ခဲ့လျှင် ထောင်နန်း စံရဖို့ ဖြစ်လာသည်။ ထို့ထက် ပိုဆိုးသည်က လာမည့် ‌ရွေးကောက်ပွဲ တွင် ပါဝင်ခွင့် မရတော့ခြင်းနှင့် ပါလီမန် တက်ခွင့် မရတော့ခြင်းပင် ဖြစ်သည်။

 

ဂန္ဒီအား ထိုကဲ့သို့ ထောင်ထဲ သွင်းခံလိုက်ရသည့် အမှု ကား "ဘာလို့များ သူခိုးတိုင်း သူတို့ မျိုးရိုး အမည်က မိုဒီ‌ တွေ ဖြစ်နေကြတာလဲ" ဟု ၂၀၁၉ ရွေးကောက်ပွဲ မဲဆွယ်စဉ် အတွင်း ထည့်သွင်းပြောဆိုသွားခဲ့မှု ပင် ဖြစ်သည်၊ ဂန္ဒီသည် အိန္ဒိယ တွင် လူသိများသည့် ဝရမ်းပြေး နှစ်ဦး ကို ရည်ညွှန်းပြောဆိုသွားခြင်း ဖြစ်သည်။ 

 

သို့သော် အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒါ ၏ ပါတီ ဖြစ်သော BJP ပါတီမှ တက်သစ်စ အမတ် တဦး ဖြစ်သည့် ပါးနက်ရှ် မိုဒီ မှ မိမိ၏ မိသားစု နှင့် မဲဆန္ဒ နယ်မြေ အတွက် အကြီးအကျယ် ထိခိုက်နစ်နာ ရသည် ဆိုကာ တရားစွဲခဲ့သည်။ BJP သည် တချိန်လုံး ဂန္ဒီအား "ပါပူး" ကျပ်မပြည့်သူ ဟု ခေါ်ဝေါ် နေခဲ့သည်မှာ ကာလကြာမြင့်စွာ ကတည်းက ပင် ဖြစ်သည်။

 

ဂန္ဒီအား စွဲဆိုထားသည့် ပုဒ်မ၏ အနည်းဆုံး အပြစ်ဒဏ် ကို ချမှတ်လိုက်ခြင်းဖြစ်၍ ပြင်းထန်လွန်းသည်ဟု ဥပဒေပညာရှင် များက သုံးသပ်ခဲ့ကြသည်။

 

ဂန္ဒီသာ မက အခြား အတိုက်အခံ ပါတီ ဖြစ်သော အေအေအမ် အက်မိုင် ပါတီ ၏ ခေါင်းဆောင် နှစ်ဦးအားလည်း စီးပွားရေး ပြစ်မှုများ နှင့် တရားစွဲထား ပြန်သည်။

 

ဂန္ဒီသည် မိမိ အား ပါလီမန် မှ ဖယ်ရှားခံရခြင်းကို ဂရုစိုက်မည် မဟုတ်ပဲ နိုင်ငံ၏ ဒီမိုကရေစီ အစဉ်အလာများကို ကာကွယ်သွားနိုင်ဖို့သာ အရေးကြီးသည်ဟု ပြောဆိုခဲ့သည်

 

BJP သည် အတိုက်အခံများအား ဖယ်ရှားရှင်းလင်းလာနေသည်မှာ ဂန္ဒီ ၏ အမှုကြောင့် အရှိန်အမြင့်ဆုံးသို့ ရောက်ရှိလာနေပြီ ဖြစ်သည်။ ဂန္ဒီ အဖြစ်ကို ကြည့်၍ အခြားသော အတိုက်အခံ နိုင်ငံရေးသမား များလည်း ကိုယ်ရှိန် သပ်ကုန်ကြပြီ ဖြစ်သည်။

 

ဂန္ဒီသည် ဗူးပေါ်သလို ပေါ်လာနေသော အာဒါနီ ကုမ္ပဏီကြီး၏ ဘဏ္ဍာရေး ကလိန်ကကျစ် အရှုပ်တော်ပုံ နှင့် ကျောက်မီးသွေး တွင်း လုပ်ကွက်များ ချထားပေးရာတွင် မိုဒီ ပါဝင် ပတ်သက်နေမှု အား စုံစမ်းစစ်ဆေးပေးရန် ပါလီမန် တွင် တောက်လျှောက် တောင်းဆိုနေခဲ့သူလည်း ဖြစ်သည်။ ပိုင်ရှင်ဖြစ်သူ ဂိုတမ် အာဒါနီ သည် လက်ရှိတွင် ကမ္ဘာပေါ်တွင် တတိယမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်သည်။ ဂန္ဒီသည် ဗြိတိန် နိုင်ငံ အတွင်း မိန့်ခွန်းများ ပြောဆိုရာတွင်လည်း အိန္ဒိယ၏ ဒီမိုကရေစီ အနေအထားကို ဝေဖန် ပြစ်တင်မှုများ ပြုလုပ်လာသဖြင့် ပြည်ပတွင် နိုင်ငံ အား စော်ကားမော်ကား ပြောဆိုသည် ဆိုကာ တောင်းပန်ရမည်ဟု BJP ဖက်က တောင်းဆိုလာပြန်သည်။

 

ကွန်ဂရက် ပါတီသည် ရွေးကောက်ပွဲ နှစ်ခု စလုံး အရေး နိမ့်နေခဲ့ပြီ ဖြစ်ပြီး ယခုလာမည့် ရွေးကောက်ပွဲတွင်လည်း ခေါင်းထောင်လာနိုင်စရာ မရှိပေ၊ သို့သော် BJP သည် ၎င်းတို့၏ အောင်မြင်မှုများကို နဲနဲမျှပင် အပွန်းပဲ့ မခံနိုင် ဖြစ်နေသည်က ထင်ရှားနေပေသည်။

 

မိုဒီအား အပြင်းအထန် စိန်ခေါ်လာဖွယ် ရှိသည့် ပြည်နယ် အဆင့် အတိုက်အခံ ပါတီကြီးများမှ ခေါင်းဆောင်များက ဂန္ဒီအား ထိုသို့ နှိပ်ကွပ်ခဲ့မှု အပေါ် ဝေဖန် ရှုတ်ချခဲ့ကြသော်လည်း ကွန်ဂရက် နှင့် ပူးပေါင်း လာမည့် အလားအလာ တော့ မရှိပေ။

 

(၂၀၂၃ မတ်လ ၂၇ ရက်နေ့ ထုတ် အီကော်နော်မစ် မဂ္ဂဇင်း ပါ "India, the world's biggest democracy, is becoming less free" အား ကိုးကားသည်)